Skip to main content

My wonderland

အဲဒီ စမ်းချောင်းလေးမှာ ပျားရည်တွေ စီးဆင်းနေမယ်

ချယ်ရီပင်အောက်မှာထိုင်လို့ ချစ်သူက ကိုယ့်ရဲ့ပုခုံးကို မှီပြီး

စမ်းချောင်းလေးရဲ့ ဂီတသံကို ခံစားကြမယ်

နံနက်ခင်းရဲ့ နေရောင်ခြည်က ကိုယ်တို့အနားပတ်ဝန်းကျင်မှာ 

တဝက်တပျက်နဲ့ လင်းလက်ဖြာကျနေမယ်

လွင့်ကျနေတဲ့ ချယ်ရီပန်းခက်တွေက 

ညင်သာစွာတိုက်ခတ်နေတဲ့လေညှင်းနဲ့အတူ ပျံဝဲနေမယ်

တေးသီတဲ့ငှက်တွေက ချစ်သူရဲ့သီချင်းကို 

သာယာနာပျော်ဖွယ် သီကျူးနေမယ်

ကိုယ်သောက်နေတဲ့ ဝိုင်က ချစ်သူ့အနမ်းတွေဖြစ်သွားမယ်

စံပယ်ဖြူတွေက ရနံ့သဲ့သဲ့ သင်းပျံ့နေမယ်

နှောက်ယှက်တဲ့ ကြမ္မာနတ်ဆိုးတွေက ကိုယ်တို့နဲ့အဝေးကို

ထွက်ပြေးပုန်းရှောင်နေမယ်

အေးမြတဲ့အပြုံးနဲ့ချစ်သူက ကိုယ့်ကိုပွေ့ဖက်ပြီး 

'အချစ်ရယ်'လို့ တီးတိုးစကားဆိုလိမ့်မယ်

ညမှာ ကြယ်တွေက စမ်းချောင်းလေးရဲ့အပေါ်မှာ 

တဖိတ်ဖိတ်လင်းလက်နေလိမ့်မယ်

လမင်းကြီးက ကိုယ်တို့ကို ကြည့်ပြီး ပြုံးနေလိမ့်မယ်

ချစ်သူက ရင်ခွင်ထဲကိုတိုးဝင်ပြီး ကိုယ့်ရင်ခုန်သံကို နားဆင်နေမယ်

လာပါ အချစ်ရယ်... 

တို့နှစ်ယောက် အိမ်မက်တခုကို အတူတကွ မက်ရအောင်...........

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။