Skip to main content

ကော်ဖီနဲ့ ပင်လယ်


အသံတိတ်ဒဏ်ရာတွေနဲ့ ကူးခပ်ခဲ့တဲ့ ပင်လယ်

ဆိုက်ကပ်ဖို့ ကမ်းမရှိတော့တဲ့အခါ အတွေးတွေ တဖျတ်ဖျတ်နဲ့

ညတွေသာ နက်သထက်နက်ခဲ့တယ်....

ကိုယ်ကိုယ်တိုင် ယုံကြည်ခဲ့တဲ့ ယုံကြည်ခြင်းတွေထဲ....

ချုပ်ရိုးတဝက်နဲ့ အနာဂတ်လဲ ဝေဒနာတွေ တနံတလျားနဲ့

ရောက်လာမယ်ထင်ရတဲ့ ဥသြသံကို စောင့်မျှော်နေတုန်းပဲ...

မုန်တိုင်းတိုက်တိုင်း မွမွကြေခဲ့ရတဲ့ ဒီရင်ခွင်အတွက်တော့

မင်းဆိုတဲ့ သီချင်းသံက တိုးညှင်းနေလွန်းသလား

အလွမ်းနဲ့ သောက်ခဲ့တဲ့ကော်ဖီတခွက်

ခုချိန်ထိ ငါ့ကိုခါးသီး . . . . . .ရီဝေနေစေခဲ့

ဘယ်အချိန် အလှည့်ရောက်မယ် မသိပေမယ့်

သတိရတိုင်း ကျိန်စာတွေရွတ်ဆိုရင်း

မနက်ဖြန်မှာ အတောက်ပဆုံး ငါ လောင်ကျွမ်းလိုက်မယ်။   ။

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။