Skip to main content

Posts

Showing posts from 2010

ဖိတ်စင်ခြင်း

နင်ဟာ ငါ့ညနေထဲ တံခါးမခေါက် နေဝင်သလို ခုန်ဆင်းလာတယ်၊ ဥတုမကောင်းတဲ့ နာရီမှာ သံပတ်ဟာ စိုက်ဝင်  ဒီအခန်းထဲ ဒီခန်းစည်းထဲ ဒီဆက်သွယ်မူ့ထဲမှာ  အသံတွေ ညှပ်ကျန်၊ ကြက်ခြေခတ် နေ့တွေများလာတာနဲ့အမျှ  အမှားတွေ ဖောခြင်းသောခြင်း  မညီသေးတဲ့ ကြိုးတွေ အခါသုံးပါး လည်ပတ်မူ့ထဲ စိမ့်ဝင်  တစ်လွဲတစ်ချော် ရောက်လာတဲ့ ဒီဆောင်းအထိ  မျက်လုံးစုံပိတ်လို့ ဆုတောင်းခဲ့သမျှ  ငါ့အတွက် ကျိန်စာဖြစ်ခဲ့သလား ။ မျှော်ထားတဲ့ နေဝင်ချိန်မှာ အဆင်သင့်ဖြစ်အောင်  လျှော်မထားတဲ့ အတ္တအတွက်  အဲဒီအတွက်  မင်းအတွက်..... အသင့်မဖြစ်ခဲ့တော့.....  အသံတိတ် ဒဏ်ရာနဲ့ကူးခတ်ခဲ့တဲ့ ပင်လယ်  ဆိုက်ကပ်ဖို့ ကမ်းမရှိတော့ အလွမ်းတွေ တစ်ဖျပ်ဖျပ်နဲ့ ညတွေ နက်သထက်နက်ခဲ့တယ်  A KA

facebook ပေါ်မှပြည်ပရောက် သူရဲကောင်းများ

ဘာလိုလိုနဲ့ ရွေးကောက်ပွဲကြီးလဲ ပြီးဆုံးသွားခဲ့လေပြီ။ အစောကြီးကတည်းက ထင်သလိုလဲဖြစ်လာခဲ့တာ အားလုံးမျက်မြင် ကိုယ်တွေ့ကြုံခဲ့ရလေပြီ။ သို့သော် လူအားလုံးနီးပါးတို့သည် ဒီမိုကရေစီ ပေးပါဟူ၍သာ လူမမာ အမဲခြောက်တောင်းသကဲ့သို့ တစ်ကျီကျီ တောင်းနေဆဲပင်ဖြစ်တယ်။ ဒီနေရာမှာ ကြည့်မယ်ဆိုရင် သူတို့လိုချင်သော ဒီမိုကရေစီ ဆိုသည်မှာ အဘယ်ကဲ့သို့သော အရာဖြစ်သည်ကို သေချာစေ့ငုစွာ သိသင့်လာပြီ။ တောင်းနေသော အရာမှာ ဘာကိုခေါ်သလဲ အဓိပ္ပါယ် ထုတ်မယ်ဆိုရင် မေးလာခဲ့သော် ဖြေနိုင်သောသူပင်အမှန်ရှား၏။ ယောင်တိယောင်ဝါး တွေများ၏။ အားလုံးသောသူများကို မဆိုလိုပါ။ မိရိုးဖလာ အသိလောက်နှင့် လေသံကြား ဖမ်းတရားနာနေသော သူတွေကိုဆိုလိုပါသည်။ မြန်မာပြည် သမိုင်းကိုပင်သေချာ မသိမလေ့လာပဲ ဒါမှဒါဖြစ်နေသော သူများရှိနေသရွေ့ ဘယ်တော့မှ ယခုအဆင့်ကတက်ဖို့ မရှိပဲ အောက်သို့သာကျရန် ပိုဆိုးရန်သာရှိတော့တယ်။ အဆိုးဆုံးမှာ ပြည်ပရောက် အချို့သော သူများပြောနေဆိုနေသော အသံတွေမှာ ဆူညံပွက်လောရိုက်နေ၏။ ဟုတ်သလားဆိုတော့ ဘာမှအရာမရောက် စားကောင်းသောက်ကောင်းရုံ ပြောနေကြခြင်းသာတွေ့နေရတယ်။ ဒီတော့ သူတို့ရဲ့ ဒီမိုကရေစီ လမ်းစဉ်ကို အစမှစတင် လေ့လာကြည့်သောအခါ...............................

ကော်ဖီနဲ့ ပင်လယ်

အသံတိတ်ဒဏ်ရာတွေနဲ့ ကူးခပ်ခဲ့တဲ့ ပင်လယ် ဆိုက်ကပ်ဖို့ ကမ်းမရှိတော့တဲ့အခါ အတွေးတွေ တဖျတ်ဖျတ်နဲ့ ညတွေသာ နက်သထက်နက်ခဲ့တယ်.... ကိုယ်ကိုယ်တိုင် ယုံကြည်ခဲ့တဲ့ ယုံကြည်ခြင်းတွေထဲ.... ချုပ်ရိုးတဝက်နဲ့ အနာဂတ်လဲ ဝေဒနာတွေ တနံတလျားနဲ့ ရောက်လာမယ်ထင်ရတဲ့ ဥသြသံကို စောင့်မျှော်နေတုန်းပဲ... မုန်တိုင်းတိုက်တိုင်း မွမွကြေခဲ့ရတဲ့ ဒီရင်ခွင်အတွက်တော့ မင်းဆိုတဲ့ သီချင်းသံက တိုးညှင်းနေလွန်းသလား အလွမ်းနဲ့ သောက်ခဲ့တဲ့ကော်ဖီတခွက် ခုချိန်ထိ ငါ့ကိုခါးသီး . . . . . .ရီဝေနေစေခဲ့ ဘယ်အချိန် အလှည့်ရောက်မယ် မသိပေမယ့် သတိရတိုင်း ကျိန်စာတွေရွတ်ဆိုရင်း မနက်ဖြန်မှာ အတောက်ပဆုံး ငါ လောင်ကျွမ်းလိုက်မယ်။   ။

My wonderland

အဲ ဒီ စမ်းချောင်းလေးမှာ ပျားရည်တွေ စီးဆင်းနေမယ် ချယ်ရီပင်အောက်မှာထိုင်လို့ ချစ်သူက ကိုယ့်ရဲ့ပုခုံးကို မှီပြီး စမ်းချောင်းလေးရဲ့ ဂီတသံကို ခံစားကြမယ် နံနက်ခင်းရဲ့ နေရောင်ခြည်က ကိုယ်တို့အနားပတ်ဝန်းကျင်မှာ  တဝက်တပျက်နဲ့ လင်းလက်ဖြာကျနေမယ် လွင့်ကျနေတဲ့ ချယ်ရီပန်းခက်တွေက  ညင်သာစွာတိုက်ခတ်နေတဲ့လေညှင်းနဲ့အတူ ပျံဝဲနေမယ် တေးသီတဲ့ငှက်တွေက ချစ်သူရဲ့သီချင်းကို  သာယာနာပျော်ဖွယ် သီကျူးနေမယ် ကိုယ်သောက်နေတဲ့ ဝိုင်က ချစ်သူ့အနမ်းတွေဖြစ်သွားမယ် စံပယ်ဖြူတွေက ရနံ့သဲ့သဲ့ သင်းပျံ့နေမယ် နှောက်ယှက်တဲ့ ကြမ္မာနတ်ဆိုးတွေက ကိုယ်တို့နဲ့အဝေးကို ထွက်ပြေးပုန်းရှောင်နေမယ် အေးမြတဲ့အပြုံးနဲ့ချစ်သူက ကိုယ့်ကိုပွေ့ဖက်ပြီး  'အချစ်ရယ်'လို့ တီးတိုးစကားဆိုလိမ့်မယ် ညမှာ ကြယ်တွေက စမ်းချောင်းလေးရဲ့အပေါ်မှာ  တဖိတ်ဖိတ်လင်းလက်နေလိမ့်မယ် လမင်းကြီးက ကိုယ်တို့ကို ကြည့်ပြီး ပြုံးနေလိမ့်မယ် ချစ်သူက ရင်ခွင်ထဲကိုတိုးဝင်ပြီး ကိုယ့်ရင်ခုန်သံကို နားဆင်နေမယ် လာပါ အချစ်ရယ်...  တို့နှစ်ယောက် အိမ်မက်တခုကို အတူတကွ မက်ရအောင်...........

လမ်း

လျှောက် နှေးနှေးပဲ လျှောက်လျှောက် မြန်မြန်ပဲ လျှောက်လျှောက် တည့်တည့်ပဲ လျှောက်လျှောက် နောက်ပြန်ပဲ လျှောက်လျှောက် ငါဘယ်လိုပဲ လျှောက်လျှောက် လျှောက်နေကြ ဒီလမ်းဟောင်းကြီးပေါ်မှာပဲ ငါ အမြဲပဲ လမ်းပျောက်နေမယ်။ ရှေ့မှာ လမ်းကွေ့ရှိတာလဲ သိတယ် ငါ ပြိုလဲကျမယ်ဆိုတာလဲ သိတယ်....... ဒါတောင် ဒီလမ်းက ငါ့ကိုမှားနေသေးတယ် ငါ့ဆန္ဒ မပါပဲ ငါလဲကျရအုံးမယ် မှားပြီးသားလမ်းကို ငါထက်မှားနေရအုံးမယ်.............. သွားပါတော့ ငါ့ဝိဉာဉ်ရေ......... လမ်းမှားပြီးကျန်ခဲ့ရမှာ ငါတယောက်တည်းလေ။            ။

ဆုတောင်း

ငါကိုးကွယ်တဲ့ မာနကို  အမြင့်ဆုံး လွှင့်ထူထားပေမယ့် အရောင်တွေက ဖျော့နေပြီ။ အရှင့်ရဲ့နာမတော်နဲ့ ရင်ခွင်ကို ဟင်းလင်းပြင်ဖြစ်စေခဲ့တော့မလား။ ပင်လယ်ရဲ့ ငြိမ်သက်ခြင်း နောက်တကြိမ်လောက်ဖန်ဆင်းပေးပါ။ ထိရှမိတဲ့မေတ္တာတော်သွန်းလောင်းခြင်းကို ရပ်တန့်ခြင်းမပြုပါနှင့် အရှင်။ လျှပ်စီးတွေ ပြိုးပြက်လို့ပဲဖြစ်စေ ငံ့လင်သူကို ငြင်းပယ်ခြင်းမပြုလိုက်ပါနှင့်။   ငါ့အား နာကျင်သောအမှုအရာမှ ဖယ်ကွာစေပါ။ ကမ်းသောလက်ကို ရုပ်သိမ်းတော်မမူပါနှင့် အရှင်။ ကွယ်ကာတော်မူသော အတောင်တော်အောက်မှာ  နာမတော်၏ လုံခြုံခြင်းနှင့် ငါ့အား အတူရှိနေစေပါ။ ညှိုးငယ်သောနှလုံးသား နှင့် ငါ၏စိတ်ဝိဉာဉ်အား  သိမ်းပိုက်တော်မူ၍ သင်နှင့်အတူရှိနေခွင့်ကို ပေးသနားတော်မူပါ။        ။

Potato Soup for The Soul

တိုက်ချင်တာကတော့ ကြက်စွပ်ပြုတ်ပေါ့လေ၊ ငပျင်းကလဲ အမြဲပိုက်ပိုက် ပြတ်နေတာဆိုတော့ အာလူးစွပ်ပြုတ်လေးပဲတတ်နိုင်တယ်။ ကြိုက်သလောက် သောက်ကြပါ။ အခမဲ့ပါ ။ သူများတွေကိုလဲတိုက်နိုင်ပါတယ်။ နှလုံးသားအဟာရ (၁) ရွှေယုန် နဲ့ ရွှေကျား ပုံပြင်လေးတပုဒ်ပါ၊အားလုံးလဲ ကြားဖူးကြမယ် ထင်ပါတယ်။ ဟိုးရှေးရှေးတုန်းက ရွှေယုန် နဲ့ ရွှေကျား တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အတူသွား အတူစားနေကြတာပေါ့ကွယ်။ ဒီလိုနေလာရင်းနဲ့တနေ့မှာ သူတို့နေတဲ့အိမ်ကလေးမှာ မိုးယိုတာကြောင့် အိမ်မိုးဖို့ သက်ကယ်လိုလာပေါ့ကွယ်၊ ဒါနဲ့ ရွှေယုန် နဲ့ ရွှေကျား တို့ဟာ သက်ကယ်ရိတ်ဖို့ တောထဲကိုသွားရတာပေါ့။ စားစရာတွေလဲ တပါတည်း ယူလာသတဲ့၊  ဒီလိုနဲ့ တောထဲရောက်လို့ သက်ကယ်ရိတ်ကြတော့ ရွှေယုန်က အရိပ်ထဲမှာထိုင်ပြီး ရွှေကျား သက်ကယ်ရိတ်နေတာ ကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဆရာ လုပ်နေတာပေါ့၊ နေလဲ မြင့်လာ၊ ရိတ်ထားတဲ့ သက်ကယ်တွေလဲ တော်တော်ရလာတော့ ပါလာတဲ့ စားစရာတွေ စားကြရအောင်လို့ သက်ကယ်ရိတ်ရလို့ ပင်ပန်းနေတဲ့ ရွှေကျားက ပြောတော့ ရွှေယုန်က အင်း စားတာပေါ့ ၊ဒါပေမယ့် စားပြီးရင် သောက်ဖို့ ရေသွားခပ်ချေ လို့ပြောတော့ ရွှေကျားကလဲ စဉ်းစားတယ်  အင်း.. အရင်ပုံပြင်တွေမှာလဲ ငါပဲ ခံရတာ၊

ရေမရှိတဲ့ လေ

ဂြိုလ်တစ်စင်း ရယ်သံမှာ ငါဟာ ခြောက်ခြားစွာ နိုးလာရတယ်။ လရောင်က အလင်းတွေ မွန်းကြပ်စွာနဲ့ ရစ်ပတ်လို့....... သေခြင်းစီကို ငါတို့သွားတာလား ? သေခြင်းက ငါတို့စီကို လာတာလား? အဖြေမရခင် အကြွင်းသုညနဲ့ ပဲ့ထွက်ခဲ့ရပေါ့။ ရွဲ့နေတဲ့ ကမ္ဘာ တည့်ပြီးလည်တော့....... ငါပြိုလဲချိန် အမြင်တွေ မှားခဲ့တဲ့ မျက်စိကိုပိတ်ဖို့ မမီလိုက်ဘူး။ အယူအဆ အမျိုးမျိုးအတွက် လိုအပ်ချက်အမျိုးမျိုးကို ငါ့ရင်ကနေ ထုတ်ယူကြမယ်။ နှလုံးသားထဲက မောဟကြေးခွံ တစ်ချို့ကို မျက်ကွယ်ပြုလို့ ပရမ်းပတာ ကွဲဖူးတဲ့ ရင်ကို သေသပ်စွာချုပ် ပေးပြီး ငါ့ကို ထုတ်ပိုးမွမ်းမံကြမယ်။ ရှေ့ဆက်ဖို့ခက်ရင် ၁၆ ကပြန်စတက်တဲ့ ငါ... အသက်မှား ကြီးကိုဖက်တွယ်လို့ ငြိမ်နေဦးမယ်။ ငါ့မြေပုံညွန်း မဖတ်တက်သူ တစ်ချို့ ဘယ်လမ်းလျှောက် မလဲ သိချင်နေတယ်။ တစ်ချို့က ရင်ဘတ်ကျောက်စာ ရဲ့ တစ်စုံတစ်ရာသော အက္ခရာ ကို မြင်ချင်ကြတယ်။ အရေပြားအောက်က လူးလွန့်စိတ် အရောင်အမျိုးမျိုး တော်လှန်ချိန် ခြေမကသွေး မွတ်သိပ်စွာ..... နဖူး ပြန်စင်တယ်။ အရိပ်နောက်ကို လိုက်ရတော့မယ်..... ပြန်မပြောနဲ့ နားထောင်ဆိုတဲ့ အမေ... ဒီတစ်ခါ ငါ့စကားသံကို နားစွင့်နေမယ်။ မှော်ရုံတောရဲ့ လက်ခုပ်သံလို ကြေးစည်သံက ရင်ကို တစ်လှပ်လှပ် ဝင်နမ

ပဉ္စမကမ္ဘာရဲ့ ပထမနတ်ဆိုး

ရင်သို့တိုးဝင်လောင်မြိုက်သောအရာများကို  မြတ်နိုးစွာ ရင်၌ဋ္ဌာပနာမိသောအခါ ဘဝပြဋ္ဌာန်းချက်မှ ပညတ်တော်များ တာကျိုးသွားခဲ့ရတယ်။  ကြိုးတွေထဲကလွင့်ကျလာတဲ့ အက္ခရာများစွာရဲ့ ပြုစားခြင်းကိုခံခဲ့ရတယ်။  ငါပြောဖူးသလို မင်းကြားဖူးမယ့် ကျောက်စာများကို ထွင်းကြည့်ခွင့်မရှိတော့ရင် ငါသောက်မယ့်ခွက်ထဲ မိုးခါးတွေရွာချမယ်.....  လေတိုက်စားထားတဲ့ကတိတွေ  ရိုင်းစိုင်းတဲ့ မောဟတွေ  သွေးထဲကို ပြတ်ရွေ့ကြောလိုစီးမယ်။  အလင်းတွေဆိတ်သုန်း  ဘဝတွေ တလုံးပြီးတလုံး နွံနှစ်ချိန်  ဒယီးဒယိုင်နဲ့တမ်းတမိတယ်။  ကန္တာရထဲက လတစ်စင်းကိုမှ ဒီရေဖုံးသွားတော့....  အစဉ်အလာအတိုင်း ပထမမြစ်ကျဉ်းမှာတင် သောင်တင်သွားခဲ့ရတယ်။ ငါလာရာလမ်းတလျောက် လင်းခဲ့ဖူးတဲ့ တံလျှပ်တွေကို မိုင်ပေါင်းများစွာက ခိုးယူလိမ့်မယ်။  လေပြေတွေသယ်ဆောင်လာမယ့် မင်းရဲ့ ညနေခင်းပေါင်းများစွာကို  တွယ်ညှိရင်း ဘဝရဲ့ လက်ကျန်မနက်ဖြန်များအတွက် ဒီနေ့ကိုမီးတင် ရှို့လိုက်မယ်။  ဘဝရဲ့သောင်ပြင်မှာ  အလွမ်းတွေ အပုတ်အခတ် များလာပေမယ့်  ငါ့ပင်လယ်ဟာ.... အကြံကုန်နေတဲ့ ဂဌုန်တောင် ဆားမချက်ခဲ့ ပါဘူး။  A KA

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။

ပျောက်နေတဲ့ရာဇဝင်

နာရီက နောက်ပြန်လည်နေတယ် ပြင်ဆင်ချိန်မရလိုက်ဘူး။ ရင်ကို ဝင်လာတဲ့ ဓါးကိုမြင်တယ် ငါ ရှောင်လို့မရပြန်ဘူး။ ပြုတ်ကျသွားတဲ့ ငါ့မာနကိုတွေ့တယ် ပြန်ကောက်လို့ မရပြန်ဘူး။ ဆင်နေတဲ့ မင်းထောင်ချောက်ကိုတွေ့တယ် ငါ ဖယ်လို့မရပြန်ဘူး။ လှည့်ထွက်သွားတဲ့ မင်းကိုတွေ့တယ် ငါ တားလို့မရနိုင်ခဲ့ဘူး။ နာရီတွေက နောက်ပြန်လည်နေတာ ငါ.......................တွေ့လိုက်တယ် ။      ။

ဝေး

တကယ်လို့များ အချိန်တိုင်းသာ ကျဆုံးနေရရင်  ငါတို့စိုက်ပျိုးခဲ့ခြင်းတွေ ရှင်သန်နေလဲ  သေချာတဲ့ တခုခုကို စောင့်ဆိုင်းနေရသလို ရယူမှုမျိုး ငါ ပြန်ပြီး မပေးဆပ်ချင်ဘူး။   ။

မော်ဒန်လမ်းကို စလျှောက်ခြင်း.....

အခုတစ်လော ဘတ်သီး[ခေါ်] ညီညီထက် တစ်ယောက်တော်တော်ကို ဂယောက်ဂယက် ဖြစ်နေတာ။ အလုပ်မရှိ အကိုင်မရှိ.. အဲလေ အဲဒါတော့ ရှိတယ်.စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ ငြိမ်နေလို့ကို မရတာ။ အဲဒီ ဘတ်သီးဆိုတဲ့ကောင်က သိပ်ညွတ်လွယ် တိမ်းလွယ်တဲ့ကောင်။ ဘယ်လိုပြောမလဲ စစ်ကားတွေ ကြည့်ပီးပီဆို စစ်သားသိပ် ဖြစ်ချင်တာ။ အရင်ခေတ်က အခုလို တရုတ်ဖြစ်ကော်သေနပ်တွေ မရှိတော့ ဝါးခြမ်း ပြားလေးထဲ ဓာတ်ခဲအဟောင်းလေးတွေ စီထည့် သေနပ်ပေါ့နော်..။ အဲဒါလေးလွယ်ပီး ခြံထဲလျှောက်သွားနေ တာ။ ပီးရုတ်တရက် သေနပ်ကိုဖြုတ် ဘေးကအပင်ကို ပြေးကပ်လိုက်တယ်။ ခေါင်းကို တစ်ဖြည်းဖြည်းရှေ့ကို ထုတ်လို့ ချောင်းသေးတာ..။ နောက် ပါးစပ်ကနေ မောင်းတင်သလို ချက်ကလောက် ဆိုပီးအော်တယ်။ ကြည့် သိပ်တိကျတာ။ ချက်ဆိုတာက မောင်းကိုဆွဲတာ.. ကလောက်က ကျည်ဝင်သွားတဲ့ အသံနော်..။ ပီးတာနဲ့... ပစ်တယ်.... ဒ ရှို့.... အေးမရေးတက်ဘူး။ သူက ကုလားလို ပစ်တာကိုး...။ တစ်ခါတစ်လေ အသံနက်ကြီးနဲ့ ဗိုလ်ဗြုတ်ကြီး တဲ့ဟေ့.... မဆိုင်သူ မကပ်နဲ့ကွ.... ညည်းတို့ ယောင်္ကျားတွေ မုဆိုးဖို ဖြစ်သွားမယ်...ဟေး။ ဒရှို့...ဒရှို့....ကြည့်... လုပ်ပီ အော်ပုံကိုက မုဆိုးဖိုတွေစု ရွာတည်ပီး သူကြီးလုပ်မလို့လားဟင်.....။ ကန်ကလေး မူရမ်းတီး န

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ဖောက်ထွက်သူ ညီပိုပိုထက်[ထမလုံ]

ယနေ့ခေတ်၌စာပေပုံသဏ္ဍန်တို့လျင်မြန်စွာပြောင်းလဲနေပေရာ အင်တာဗျူးကဏ္ဍမှာ မပါမဖြစ် တွေ့မြင်နေရသည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် အင်တာဗျူးကောင်းတစ်ခုတင်ဆက်ရန် အားသန်နေစဉ် မျက်မှောက်ပို့စ်မော်ဒန်လောက၌ ဆရာတဆူသဖွယ်မင်းမူနေသော ညီပိုပိုထက်[ထမလုံ]နှင့် တွေ့ဆုံခွင့်ရခဲ့ပေသည်။ဆရာနေထိုင်သော သန်လျင်[GTC]ကျောင်းဝင်းထဲသို့ဝင်လိုက်သည်နှင့်ဂိတ်တဲ [ဆရာပြောသလိုဝပ်ကျင်း]အတွင်း၌ဆရာမှာဆေးပေါ့လိပ်လက်ကြားညှပ်က ကဗျာစည်းစိမ်ယစ်မူးနေပေသည်။ “အနေခက်ပြီ မေသက်ကြည် ဘိုးလီကျော်နှင့် မုန့်ပေါက်စီ၊ဘာဂျာကိုကို ပလွေတိုဒိုင်းညောင့် ဒိုင်းညောင့် အား ....အား....”။ “အေး ဒီကဗျာလေးက နိမိတ်ပုံတွေ ချိတ်ဆက်ဖောက်ပုံတွေ ကောင်းသကွာ” စသဖြင့်တစ်ဦးထဲ ရေရွတ်လျက်ရှိပေသည်။ “ဆရာ .... ဆရာ” “ဟေ .. ဒီနေ့ကျောင်းပိတ်ပါတယ်။ဘယ်သူမှမရှိပါဘူး၊မနက်ဖြန်မှလာပါ” “မဟုတ်ပါဘူး ဆရာဆီကိုလာတာပါ။ အင်တာဗျူးလေးလုပ်ချင်လို့ပါ။ စာပေအကြောင်းပေါ့ ဆရာရယ် ခွင့်ပြုပါ"။ “ေဩာ် ဒီလိုလား လာပါ၊ ရပါတယ် ကျုပ်ဖြေတာတွေ သိရတော့ မောင်ရင်တို့ ဗဟုသုတ တိုးတာပေါ့ကွယ် အဟေး..အဟေး လာလာ..." ဆရာထံမှခွင့်ပြုချက်ရသည်နှင့်မေးချင်တာတွေမေး၊ဆရာမှဖြေချင်တာတွေဖြေတာမှန်သမျှကိုစာဖ

အပင်းသွင်းခံရတဲ့ ည

ကောင်မလေးရေ သေနိုင်တဲ့လက်နက်စာရင်းမှာ မင်းအပြုံးကို တင်သွင်းမယ်။ မရူးချင်ပါနဲ့ မင်းပြောရင် ဘယ်တော့မှ.... လိုက်နာမယ်။  မြင်နေတဲ့ မျက်လုံးတွေကို မဖောက်ရဲ... ထင်နေတဲ့ ရင်ပေါ်က ခပ်ဖွဖွခြေရာတွေကို မဖျက်ရက်လို့ .............. အိပ်တန်းဝင်ငှက်တွေနဲ့ ပျံသန်းလာမယ့် အိမ်မက်ရိုင်းတွေကို ရင်မှာနားခွင့်ပြုခဲ့ရတယ်။  မင်းအတွက်ငါဟာ ပြက္ခဒိန်လှန်ဖို့နောက်ကျခဲ့ပြီဆို........  နာရီတွေကို သံပတ်ပေးခွင့်မရှိတော့ဘူးဆိုရင်...  နောက်ဘဝသစ် တမျက်နှာမှာ ဆားမပါတဲ့ ပင်လယ်တစ်စင်း...... ရွက်ကြမ်းရေကျိုမျော်လင့်ချက်တစ်ချို့ရယ် ပယောဂကင်းတဲ့ မင်းနှုတ်ခမ်းလေးရယ် ကြိုဆိုမှပဲ လောကထဲ ကိုဝင်တော့မယ်။  ဒါဟာသံသရာတလျောက် ပထမဆုံး ရွတ်တဲ့ ကဗျာလေးတစ်ပုဒ် ပါ.............  ဘယ်သူမှနောက်မကျဘူး နေဝင်ချိန်ကစောတာဆိုပေမယ့် နေမထွက်ခဲ့တဲ့ဘဝမှာ ညောင်ဦးကမ်းပါးပြိုတိုင်း ငါပါသွားရတယ်။  အခုထိတော့ ငါ့အတွက်မဟုတ်တဲ့ အပြုံးကလွဲလို့ ဗလာဆန်ဆန် ရင်ခုန်နေတုန်းပါပဲ.......................................

ဗျာဒိတ်တော်ရအလွမ်း

အိမ်မက်တွေမှာအရောင်မရှိဘူး ဆိုပေမယ့် အလင်းတွေ ဗြောင်းဆန်နေတဲ့ ဆောင်းအိမ်မက်လေး မက်ဖူးခဲ့တယ်။ အိမ်မက်ဆိုတာ မျော်လင့်ရင်ခုန်ခြင်းတွေ နားခိုရာ နေရာလေးပါ။ မျက်မမြင်တွေမှာ အိမ်မက်မရှိတော့ သူတို့ရဲ့ရင်ခုန်သံဆိုတာ ငါ့လိုကစဉ့်ကလျားနဲ့ နက္ခက်ကြမ်းတွေသိမ်းပိုက်ထားတဲ့ အိမ်မက်လွင်ပြင်က ငါ့ဇာတာဟာ တိုင်ခြေမှာ ပြားပြားဝပ်လို့။ ဒီလိုပဲခပ်မှိန်မှိန် စီးခဲ့တဲ့တောင်တန်းတွေကြားမှာ ကာလပေါ ်အလွမ်းတွေက ဖျားလိုက်ပျောက်လိုက်နဲ့။ မင်းအပြံ ုးလေး ပွင့်တဲ့ညက အိမ်မက်ထဲမှာ အလင်းသဲ့သဲ့ အက်ကြောင်းထပ် လောင်မြိုက်ခဲ့ရတယ်။ စိတ်အလိုလိုက် ခပ်ကြမ်းကြမ်းတီးခတ်ပြီး အရုဏ်တက်ခါနီးမှ အိမ်မက်တွေအမှောင်ထဲ ပြိုဆင်းသွားတယ်။ အသဲကွဲ ရှုံးနိမ့်ခြင်းဗျာဒိတ်ရတာတောင် အချစ်ကိုယုံသတဲ့။ ဒါကြောင့် မလုံမလဲနဲ့ ကိုယ့်လိပ်ပြာမသိအောင် ညဦးကပေခဲ့တဲ့စိတ်ကို အမှောင်ထဲ အရေနွှာ အရောင်တင် အသက်သွင်းကြည့်တယ်။ ရှင်သန်လာခဲ့ရင် ကောင်းကင်၊တောအုပ်၊စမ်ချောင်းဘာမှမပါတဲ့ အချစ်လေးတစ်ခုတည်ဆောက်ပြီး မင်းကိုပေးချင်တယ်။ ငါဟာ ကမ္ဘာအကြိမ်ကြိမ်ပျက်ပြီး ရှင်သန်ထမြောက်ခွင့်မရတဲ့ အပြစ်သားတစ်ယောက်လား။ ချစ်ခြင်းတွေအသက်ဝင်အောင် ငါစားမယ့်ပန်းသီးကို ကျိန်စာတိုက်လိုက်ပါ။ အပြစ်တွေပ

KL ညများ

ဟဲ့သား ထမင်းစားတော့၊ မှောင်ပြီနော် ဟင့်အင်း သား မလေးရှား သွားတော့မယ်အမေ။ ဘာတွေမေးလို့၊ပြောလို့ ဘယ်လိုဖြေသလဲ လွင့်ချင်သူ၊ လွှင့်ချင်သူ၊ လွတ်ချင်သူ၊ ညွှတ်ချင်သူ၊ ဆွတ်ချင်သူ ဝိုင်တခွက်နဲ့ မိန့်မိန့်ကြီးကြိုတဲ့ နတ်ပျိုမလေးရဲ့ အပြုံးနက်နက်အောက်မှာ အလင်းဝင်လို့ရပါတယ်။ သေချာတာ ဝိုင်ထဲမှာ KL ညတွေ စီးဝင်လည်ပတ်လို့နေတာ မသွားတတ်ရင် KOTA RAYA လို့သာပြော TAXI တိုင်းက ခုချက် ခုစားတဲ့။ ရောက်လိမ့်မယ်။ ဘဝပျောက်ရင်တော့ ဘယ်လိုပြော ဘယ်လိုရှာရမလဲ။ ကိုယ်တိုင်မသိခဲ့တဲ့ KL ည။ ဒို့ပြည်ရဲ့ မြေပုံအပိုင်းအစတွေ အဲဒီမှာ ကပ်ထားတယ်၊ အတိုအစ တွေ့ရင် ကိုယ့်ဘဝအကျိုးအပဲ့နဲ့ရောစပ်ကြည့် မုန့်ဟင်းခါးစားမယ်၊ မြန်မာလိုပြောမယ်၊ မြန်မာလိုဆိုတဲ့ ဘိုသီချင်းတွေ နားထောင်မယ်၊ ဗမာ့သွေးတံဆိပ် ကွမ်းတထုပ်ဝယ်လို့ KL ည လမ်းတွေပေါ် ပြန်တက်ကမယ်။ မျက်လုံးကို ရဲရဲဖွင့်၊ ဝင်စရာ စပါးမွှေးမရှိဘူး၊ ရှေ့ကို ဝေးဝေးကြည့်၊ ကျွံစရာ ကြမ်းပေါက် မရှိပါဘူး အလင်းတုနဲ့လမင်း၊ လပြည့်ကြယ်စုံ ကပွဲကို ပျက်ရယ်ပြုထားတဲ့ KL ည။ ပန်းဆိုးတန်း ကုက္ကိုပင်အောက်မှာထိုင်မယ်၊ မောကြီးပန်းကြီးနဲ့ အကိုရယ် ဒီFLATပေါ်မှာ ရွှေတွေရှိလား။ တခိုင်လုံး ရွှေပါ၊ လှေကားတက်၊ တဆစ်ချိုးတိုင်

သင်တကယ်ပဲ လုပ်နိုင်ပြီလား

ဖတ်ဖူးကြမှာပေါ့၊ ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်တို့၊ သင်ဘာကြောင့်ခုထိမချမ်းသာသေးတာလဲတို့လိုမျိုး တက်ကျမ်းစာအုပ်တွေ။တကယ်ရော အဲဒီစာအုပ်တွေထဲကလို အပြင်မှာရော အောင်မြင်ကြတာ ဘယ်နှယောက်လောက်များရှိပြီလဲ ????? သင်ရော တက်ကျမ်းတွေက ညွန်းသလိုမျိုး ဘယ်နှခုလောက် လိုက်လုပ်ဖူးလဲ???၊တက်ကျမ်းဆိုတာ ဖတ်လို့တော့ကောင်းသည်။ဗဟုသုတတော့ ရတာပေါ့လေ...  ဟိုတလောက ငပျင်းလဲ blog တခုမှာ တက်ကျမ်းတွေနဲ့ ပက်သက်ပီးရေးထားတာ ဖတ်လိုက်ရသေးသည်။ တက်ကျမ်းတွေဖတ်တာ ကောင်းတယ်၊ မကောင်းဘူးဆိုပီး ဆွေးနွေးထားတာတွေလဲ တွေ့ရသည်။ တက်ကျမ်းဖတ်တဲ့သူ ဘယ်နှယောက်အောင်မြင်သွားလဲတော့ ငပျင်းမသိ၊ အဲဒီတက်ကျမ်းတွေ ကိုရေးတဲ့သူတွေတော်တော်များများ အောင်မြင်သွားတာတော့ သေချာသည်။ကြိုးစားတိုင်းရော တကယ်ပဲ အောင်မြင်မှာလား??????အဲလိုသာဆိုရင်တော့ ချမ်းသာအောင်မြင်တဲ့သူတွေချည်း ဖြစ်နေတော့မှာပဲ။ လူတယောက် အောင်မြင်တယ်ဆိုတာ အဲဒီအချိန်က သူ့အနေအထား၊ပတ်ဝန်းကျင်၊လိုအပ်ချက်တွေကြောင့် ဖြစ်လာရတာ၊ ကိုယ်က အဲဒါကို သူ့အတိုင်းလိုက်လုပ်လို့အောင်မြင်နိုင်မယ်ထင်နေလား။ တခါတလေ ငပျင်း လူတွေကို အံ့သြတယ်။ဘာလို့များ အသိခေါက်ခက် အဝင်နက် နေကြရတာလဲ။ ပြောလိုက်ကြရင်တော့ လွယ်လွယ်လေးပဲ။ သူ့လို

ကိုယ်ချင်းစာခြင်း

ကိုယ်ချင်းစာတယ်ဆိုတဲ့စကားကို တော်တော်များများပြောဖူးကြမှပါ။ ဘယ်လိုကိုယ်ချင်းစာကြတာလဲ??? တစုံတယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ ပြောဖူးကြမှာပေါ့။ ကိုယ်ချင်းစာပါတယ်ဆိုတဲ့စကားပဲလာတယ်၊ တကယ်ရော စာနာဖူးခဲ့ရဲ့လား။  ပြောရတာတော့ အရမ်းလွယ်တယ်နော်။ကားတိုက်ခံရလို့ခြေထောက် နှစ်ဖက် ဆုံးရှုံးသွားတဲ့လူတယောက်ကို တကယ် ကိုယ်ချင်းစာဖူးလား။ သူ့လိုပဲ ငါလဲခြေထောက်မရှိတော့ရင်လို့ တွေးမိဘူးလား။သူ့လိုပဲ ခြေထောက်တဖက်နဲ့ လမ်းလျှောက်ဖို့ ကြိုးစားကြည့်ဖူးကြလား။ မတော်တဆဖြစ်လို့ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ ဆုံးရှုံးသွားရတဲ့လူတွေလို ကိုယ့်မှာလဲ ဆုံးရှုံးရရင်ဆိုပြီးတွေးမိကြဖူးလား။ စားစရာသောက်စရာ မရှိတဲ့လူတွေနေရာမှာ ငါလဲ သူတို့လိုငတ်နေရင်ဆိုပြီး ဝင်ပြီးတွေးဘူးလား။ လွယ်လွယ်မပြောကြပါနဲ့အဲဒီကိုယ်ချင်းစာတယ်ဆိုတဲ့စကားကို။  စိတ်ထဲက မပါပဲ အပေါ်ယံ နှုတ်ခမ်းဖျားကနေ ဟန်ဆောင်ပြီး ပြောနေမယ့်အစား ဘာမှမပြောပဲ ထွက်သွားလိုက်စမ်းပါ။ တကယ်သာ ကိုယ်ချင်းစာတယ်ဆိုရင် ပါးစပ်ကပြောနေမယ့်အစား ထိရောက်တဲ့ အကူအညီ တခုခုပေးနိုင်ဖို့ ကြိုးစားပါလား။ ပါးစပ် အပြောလေးနဲ့တော့ ငပျင်းတောင်ကူညီနိုင်သေးတယ် တလောကလုံးက ဒုက္ခရောက်နေတဲ့ လူတွေကို။ အော်.....  ကိုယ်ချ

ငါနဲ့ငါ

မစားရတဲ့စပျစ်သီးကိုမှ ချဉ်တယ်လို့မပြောရင် ငါဟာမြေခွေးပီသပါအုံးမလား။ ငါချစ်တဲ့ကောင်မလေးရေ.... တောင်စွယ်မှာနေကွယ်ချိန်ဆိုတာ ငါ့အတွက်တော့ ခုလား...တော်ကြာလား။ ဒီနေ့လား မနက်ဖြန်လား ဆိုတာတောင် မသေချာတော့ဘူးကွယ့်။ အကြိမ်ကြိမ် ပွင့်ခဲ့ဖူးတာတောင်  ရနံ့က ခုထိအဆိပ်သင့်နေတုန်းလေ။  ။

မနက်ကချက်တဲ့ ညစာများ

နည်းနည်းတော့ပေပွမယ်၊ သတင်းစာကိုနောက်ကနေလှန် ဟိုလိုလို ဒီလိုလို နှုတ်ဆက်၊ မျှော်မနေနဲ့ မြို့တံခါးမပိတ်ခင် ငွေမလိုဘူးနော်။ သူ့အတွက် ကိုယ့်အိပ်မက်တစ်ဆင်စာ နောက် ဆေးလိပ်အတိုအစ၊ ကဗျာအကျိုးအပဲ့တွေ(တမင်ချိုးထား) ဘာရှိသေးလဲ၊ ဟိုဘက်အိမ်မှာ မြင်နေရတဲ့အတိုင်းပဲ။ ဒါမျိုးဆို ပြုံးပြီး ရှုံးပြီးရင်း ရှုံးပါစေ။ နားမလည်တိုင်းသာ ကျော်ရရင် မင်းဘဝကို ပယ်ဖျက်လိုက်တော့။ လဟာပြင်ထဲက မုန်တိုင်းအကြွင်း  ဘာဆိုင်လို့ ဘဝထဲခုန်ဆင်းလဲ၊ မသိလိုက်သလို မျက်လုံးမှိတ်လိုက် ပြန်ဖွင့်ချိန် အရုဏ်တက်နေဖို့လိုတယ်။ ကိုယ်က လူတွေကို နားမလည်တာလား.... ဟာ.. သူတို့အပြစ်တွေပါ။ အထင်မကြီးနိုင်တဲ့ ထင်ကြေးအတွက် လမ်းဘေးမှာ ဆက်တင်ဆောက်မယ်။ အားလုံးစိတ်ဝင်စားမယ့်ပြကွက်၊ ဦးနှောက်တခြမ်း လမ်းလယ်မှာ (တခြမ်း ဘယ်မှာလဲမသိပါ)  လမ်းဘေးမှာ ရင်ဖွင့်လို့တင်ဆက်နေပါပြီ။ တစ်ဖက်ပဲတီးတဲ့ လက်ခုပ်သံတွေ.. ဘယ်ကလဲ? ဘယ်သူလဲ? ပြန်မေးမယ်.. သနားလို့လား?????? ကဗျာဆရာတဲ့လား၊ သွေးတွေဒီလောက်ရဲနေတာ၊ မာစီဒီးပေါ် ငုတ်တုတ်ထိုင်လို့ ချွေးဒီးဒီးကျနေတဲ့လူ ဒါဟာ ရသပေါင်းစုံပေးနေတာပါ။ အနားက သူတောင်းစားမျက်လုံးတွေ အရောင်လက်တယ်။ ကျေနပ်သလား ကိုယ့်လူ?  ချဉ်ရေဟင်းလိုပဲ၊ လျှာသပ်ပြီးပြော

ကမ္ဘာဦးစာ

  ငါ သူ့ကို စာတစ်စောင်ပေးဖူးတယ်   ဘာမှ မရေးထားတဲ့စာရွက်ပေါ်က   စာသားတွေကို သူဖတ်တယ်   ပြုံးတယ် ပြီးတော့ ပြောတယ်   နင်ဟာလေ " အရူး "တဲ့   ပြောမှာပေါ့ ရင်ထဲက   ကမ္ဘာဦးစာကို သူမှ မဖတ်တတ်ပဲ ။   ။                                 မိုးစက်သံလွင်(မန္တလေး)

သင့်ကို အောင်မြင်စေမည့် အချက်များ

အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့်သင့်ကိုအောင်မြင်သူတယောက်ဖြစ်လာစေမည်။                         စောစောအိပ်ယာထခြင်းမှ ရှောင်ကြဉ်ပါ။ စောစောထသော ငှက် အစာဝသည် ဟူသော စကားရှိသည်။ အကယ်၍ သင်က ငှက်မဟုတ်ပဲ  အင်းဆက်ပိုးမွှားဆိုလျှင် စောစောထခြင်းကြောင့် အစားခံရဖွယ် ရှိသည်။ ထိုကြောင့် စောစောထ ခြင်းကို ရှောင်ကြဉ်ပါ။                   တတ်နိုင်သမျှ တပါးသူကို ခိုင်းပါ။  ကိစ္စ တော်တော်များများ တွင် ကိုယ်တိုင်မလုပ်ပဲ တပါးသူ ဆောင်ရွက်သည်ကို စောင့်ပါ။ ကိစ္စပြီးမြောက်လျှင် သင်က နာမည်ကောင်း ဝင်ယူပါ။ အောင်မြင်မည့်သူ သည် အခွင့်အရေး ကို လက်လွတ်မခံသင့်။       ငါ့စကားနွားရ ပြောပါ။       မှားနေသည့်တိုင် အလျော့မပေးပဲ ငါ့စကား နွားရ ပုံစံဖြင့် ပြောပါ။ထိုသို့ပြောခြင်းဖြင့် တဖက်လူကို ကောင်းစွာ လွှမ်းမိုးနိုင်မည်။         မြက်ပင်ကဲ့သို့နေပါ။     ဆိုလိုသည်မှာ မြက်ပင်သည် လေတိုက်ရာဘက်သို့ယိမ်းသကဲ့သို့ သင်လဲ သာမည့်ဘက်သို့ လိုက်ပါ။ ရှုံးနိုင်မည့်ဘက်တွင် နေခြင်းဖြင့် သင့်အတွက် ရလဒ်ကောင်းများ မရနိုင်ပေ။       ပြစ်တင် ကဲ့ရဲ့ခြင်းများကို ချက်ချင်းတုန့်ပြန်ပါ။       တစုံတယောက် က သင့်ကို ပြစ်တင်ပြောဆိုလာပါက ချက်ချင်းတုန့်ပြန်ခြင်

လုပ်ငန်းခွင်တွင် အခက်အခဲ အကျပ်အတည်းတွေကနေ ရုန်းထွတ်ဖို့

လုပ်ငန်းခွင်တွင် အခက်အခဲ အကျပ်အတည်းတွေကနေ ရုန်းထွတ်ဖို့ခက်နေပါသလား?? သင့်အတွက် ရင်ဆိုင်ဖြေရှင်းနည်းအချို့ ကို ဝေငှပေးလိုက်ပါတယ်။ ၁. မျက်လုံးမှိတ် စဉ်းစားပါ။   သင်ပြသနာတရပ်ကို စဉ်းစားသည့်အခါ မျက်လုံးမှိတ် စဉ်းစားခြင်းက သင့်ကို အာရုံ စူးစိုက်မှု ပိုအားကောင်းစေသည်။ အဘယ့်ကြောင့်ဆိုသော် သင့်မျက်လုံး ကိုဖွင့်ထားလျှင် မြင်နေရသောကြောင့် ဆုံးဖြတ်ချက်များအား ရှုပ်ထွေးေ၀၀ါးစေသည်။  ၂. ပြသနာ၏အရင်းအမြစ် ကိုမရှာပါနှင့်။   ပြသနာ အရင်းအမြစ်ကို ရှာဖွေရန် ကြိုးစားခြင်းက သင့်လက်ရှိ အကျပ်အတည်းကို ပိုမိုခက်ခဲစေသည်။ အလုပ်အပိုလုပ်ခြင်းဟု ယူဆနိုင်သည်။ သင့်ကို လမ်းကြောင်းလွဲစေနိုင်သည်။  ၃. နေသာသလိုနေပါ။   ဤပြသာနာသည် ငါနှင့်မဆိုင်ဟု တွေးနိုင်အောင်ကြိုးစားပါ။ နေသာသလိုနေခြင်းအားဖြင့် အကျပ်အတည်းမှ လွတ်မြောက်ရာလမ်းစ အလွယ်တကူ တွေ့နိုင်သည်။  ၄. အပြစ်ရှိသူ (သို့) လွှဲချနိုင်မည့်သူကို ရှာပါ။   တစုံတယောက်ကို လွှဲချခြင်းဖြင့် သင့်အကျပ်အတည်း မှ ရုန်းထွက်နိုင်မည်ဖြစ်သည်။လွှဲချခံရမည့်သူသည် သင်ကိုယ်တိုင် မဖြစ်စေရန် သတိထားပါ။ ၅. ပြောသမျှ ယုံပါ။ ပြောသမျှ ကြားရသမျှ ကို ယုံခြင်းဖြင့်သင့်အတွက် ကိုးကားစရာ အချက်အလက် များရလာနိုင်

ပိန်ချင်သူများအတွက် လမ်းပြ

ငပျင်းတယောက် ပိန်ချင်နေသည်။တနေ့တခြား တိုးတက်လာသော ကိုယ်လုံးကို ကြည့်ရင်း ၀ိတ်ချဖို့တွေးမိသည်။ ၀ိတ်မချလို့လဲ မဖြစ်၊ တနေ့ ရွှေပြည်တော် ကိုပြန်သည့်အခါ စည်ပိုင်းနှစ်လုံးစာမျှရှိသော သူ့ကိုမြင်လျှင် တစ်ဦးတည်းသော ချစ်သူလေး လန့်ပြေးသွားနိုင်သည်မဟုတ်လား။ ခုတောင် အရင် သုံးနှစ်လောက်က ရိုက်ထားတဲ့ပုံတွေပြပြီး နှစ်သိမ့်ထားရသည်။ ဒီတော့ ၀ိတ်ချဖို့ အစီအစဉ်တွေ ဆွဲရသည်၊ ပထမဆုံး အစားလျော့စားဖို့တွေးမိသည်။ တနေ့ထမင်း သုံးနပ်စားနေရာမှ နေလည်စာတနပ်ပဲစားကြည့်သည်၊ မဆိုး၊ ချွေတာရာလဲရောက်သည်ဟု ငပျင်းတွေးမိသည်။ သို့သော်.............. သို့သော်.......... ညနေရောက်တော့ ဗိုက်ကမနေ သံချောင်းခေါက်လာပြီ၊ " စားပါ.. စားပါ " ဆိုပြီး အချက်ပြချေပြီ၊ ထမင်းမစားဘူးလို့ပဲ ဆုံးဖြတ်ထားတာ တခြားတခုခုတော့ စားလို့ရပါတယ်ဟု ဦးနှောက်က အကြံပေးသည်။ ဒီလိုနဲ့ ဦးနှောက်ကို  ဗိုက်က ထိန်းချုပ်ပြီး သကာလ ငပျင်းတယောက် စားစရာ ကို အသည်းအသန် ရှာရတော့သည်။ အနားရှိ ဆိုင်တဆိုင် သို့ပြေးကာ ဟမ်ဘာဂါ တလုံးအမြန် မှာလိုက်၏။ စောင့်နေရင်းက ဟမ်ဘာဂါကို သေးသလိုထင်တာကြောင့် နောက်တလုံးထပ်မှာလိုက်သည်။ ဟမ်ဘာဂါ နှစ်လုံးကို coke တဘူးနဲ့ အမြန်မျောချလိုက်မှ  ဗိုက်က

မောလိုက်တာ

ပျင်းပါတယ်ဆိုနေမှ သူငယ်ချင်းတယောက်က သူ့ PC မှာwindow 7 တင်ချင်လို့တဲ့.... သူ့ PC က P4 ပြီးတော့ DVD driver လည်းမရှိ၊ သေပြီပဲ၊ ဒါနဲ့  USB flash နဲ့ တင်မယ်ဆိုပြီး blog တွေမှာလိုက်ရှာ သူတို့ ပြောတဲ့အတိုင်း လိုက်လုပ်ကြည့်တာပဲ၊ မရဘူး၊ ဘယ်ရမလဲ ကိုယ်တိုင်ကပျင်းတာကိုး သေသေချာချာလည်းမဖတ်တော့ တိုင်ပတ်နေတာပေါ့။နောက်တော့သူငယ်ချင်းနောက်တယောက်ဆီက external DVD driver တလုံး ရတာနဲ့ စမ်းကြည့်တယ်၊ လာပြန်ပြီ နောက်တမျိုး PC က drive ကိုမသိပါဘူးတဲ့၊ နည်းနည်းတော့တင်းလာတယ်၊ အင်တာနက်မှာ လျှောက်မွှေ တွေ့တဲ့ driver software တခုကို run လိုက်တာပေါ့ ဘာရမလဲ ငပျင်းလေ ဟဲဟဲ... ဒါနဲ့ပဲ window7 ကို USB external DVD ကနေအောင်မြင်စွာ Boot လိုက်နိုင်ပြီပေါ့လို့ သွေးနထင် ရောက်မလို့ ကြံကာရှိသေး window က အသံမထွက်ဘူးဗျား အော်တောင်ငိုလိုက်ချင်တယ်၊ ကဲ... စမိမှတော့ဆုံးအောင်လုပ်ရ တော့မှာပေါ့ဆိုပြီး တညလုံးရှာတာ မိုးစင်စင်လင်းသွားတယ်မရဘူး တွေ့သမျှ audio driver software တွေအကုန် တင်ပြစ်တာ ထူးမခြားနားပဲ၊ လက်လျော့ပြီးတရေးလောက်အိပ်ပလိုက်တယ် .... တရေးနိုးတော့ အကြံပေါ်လေပြီ ထပ်ရှာတော့နောက်ဆုံး realtek က AC'97 ဆိုလား အဲဒါနဲ့ တည့်တည

အသိပေးခြင်း

ဘာရယ်မဟုတ် အားနေလို့ လက်ဆော့ထားခြင်းပါ။ ဖတ်ချင်ရင်ဖတ်သွား၊ ဆဲချင်လဲ ဆဲခဲ့နိုင်ပါတယ်။ မကြိုက်လို့ နောက်မလာဘူးဆိုလဲ မျှော်နေမယ်မထင်နဲ့ .................