Skip to main content

တို့တစ်ရွာလုံးမှာဒီလူချည်း

တစ်ခုသော မိုးရာသီ မိုးလေးများဖွဲဖွဲ ကျဆင်းနေသော ကာလတွင် ခနော်နီခနော်နဲ့ ဝါးတဲလေးအတွင်း၌ ဆေးပေါ့လိပ်အတို တစ်လိပ်ကို အပြင်းအထန်ရှုရှိုက်ကာ ကျနော်တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိ၏။ ထိုသို့တောင်စဉ်ရေမရ တွေးတောရင်း အကြည့်များက နံရံဆီသို့ ရောက်မိချိန်....

္ဒ'ပညာရွှေအိုး လူမခိုး ´ `ဗဟုသုတ ရှာဖွေကြ ´ `စာမဖတ်သောသူ အကန်းနှင့်တူ´။

ဟူသော ကျနော်ကိုယ်တိုင် ရေးသားချိတ်ဆွဲထားသည့် စာများအားဖတ်မိလေရာ ပိုမိုစိတ်ထိခိုက် ကြေကွဲရ ပေတော့သည်။ အမှန်တစ်ကယ် ဆိုရမည်ဆိုလျှင် ကျုပ်မှာ ပညာဗဟုသုတ ကိုလွန်စွာလိုလား တောင့်တသူ ဖြစ်ပေရာ ရသမျှ အသိပညာအတတ်ပညာ တို့အားအစွမ်းကုန် ရှာမှီးမည် စိတ်ရည်သန်ရင်း အိမ်တွင်းအောင်း၍ စာဖတ်ခြင်း အလုပ်တစ်ခုကိုသာ လုပ်နေခဲ့သည်မှာ ရက်အတော်ကြာခဲ့ လေပြီ။ သို့သော်လည်း ယနေ့အချိန်ထိ မိမိကိုယ်တိုင် အသိပညာတိုးလာသည် ဟူ၍ မထင်မိပဲ တစ်စုံတစ်ခု လိုနေသေးသကဲ့သို့ ခံစားနေမိရာ ဘာဖြစ်မှန်းကို ကိုယ်တိုင်သော်လည်း မသိ.. ဟိုလိုလို ဒီလိုလိုနှင့်သာ အချိန်ကုန် မျက်မှန်ပါဝါ တက်လာခြင်းသာ အဖက်တင်နေတော့သည်...။ အသိပညာ မတိုးလာသော်ငြား ရှိသမျှ ကြေငြာ အပေါင်းကို မဂ္ဂဇင်းများကြောင့် ဒေါင်းဒေါင်းပြေး အလွတ်ရနေတော့၏။

သည်ကနေ့တော့ဖြင့် ဦးနှောက်ကိုလဲ အနားပေးရင်း မရောက်ဖြစ်တာကြာပြီ ဖြစ်သော လမ်းထိပ်လက်ဘက်ရည်ဆိုင်ဘက်ကို ထွက်လာခဲ့တော့တယ်...။ လမ်းလျှောက်ရင်း ဒီအချိန်လောက်ဆိုရင်ဖြင့် ဟိုကောင် ဘတ်သီးတို့တတွေ မိုးအေးတာ အကြောင်းပြပြီး ဆိုက်ကားဂိတ်မှာ ပိုက်ဆံပွတ်နေလောက်ပြီလို့တောင် တွေးမိနေသေးတယ်...။ ဒီကောင်တွေက နေလေးပူလို့ ရှိရင် သစ်သားတုတ်ကလေးတွေနဲ့ ဂေါက်သီးကျင်းစိမ်လေ့ရှိပြီး မိုးရွာနေရင်တော့ အမိုးအောက်မှာ လောင်းကြေးနဲ့ ပိုက်ဆံပွတ်နေကြလေ..။

လမ်းထိပ်မရောက်ခင် ကျုပ်ဂိတ်ဘက်ကို လှမ်းကြည့်မိတော့ ဆိုက်ကားတွေသာ အစီအရီရပ်ထားတယ် လူတွေတော့ တစ်ယောက်မှကိုမမြင်ရတော့ ထူးဆန်းသလိုတောင် ခံစားရတယ်... ။ ဆိုင်ထဲ ဝင်ခါနီးမှ သေချာကြည့်မိတော့ ဒီကောင် ဘတ်သီးနဲ့ သ့ူအဖော် လေးငါးယောက် ဆိုင်ထဲမှာ တစ်စုံတစ်ခုကို အာရုံဝင်စားနေကြတယ်...။ ကျုပ်လဲ အသံမပေးပဲ သူ့နားဝင်ထိုင်လိုက်တော့ ဒီကောင်က မော့ကြည့်ပြီး အသေခံဗုံးခွဲဝတ်စုံဝတ်ထားတဲ့ အိုစမာကို အရှင်လတ်လတ် မြင်လိုက်သလို တုန်လှုပ်သွားပြီး......

`ဟာ... ဟေ့ရောင် .. ငါ့မှာချေးဖို့ ပိုက်ဆံမရှိဘူးနော်.. ဒီတစ်ဝိုင်းစာပဲ ပါတာ.....´

ဟူ၍ ကြောက်ရွံ့စွာပြောလေတော့....

`ဟာ... ငွေမချေးပါဘူးဟ... မင်းကိုတွေ့လို့ဝင်လာတာပါ...´

`ဒါဖြင့် အခုတွေ့တော့ကော ဘာလုပ်မလို့တုန်း´ ဟု မယုံသလိုမေးနေသေးတယ်....။

` ဒီမှာ ဘတ်သီး.. မင်းနဲ့ငါဆိုတာ စာပေနယ်ထဲကို အတူတူဝင်လာကြတာမလား.. အဲတော့ အခု ငါ့မှာ ဆွေးနွေးစရာလေးတွေရှိနေတော့ ငါနဲ့ အဆင့်တူ....´

`ရပြီ... ရပြီ ကိုယ့်လူ... ခဏရပ်ထား...´

ဆိုပြီး စကားကိုရှေ့ဆက်ပြောမခံပဲ သူ့အဖော်တွေဘက်ကို ဘယ်လိုလဲ ဟူသော ပုံစံဖြင့်မေးဆတ်ပြလိုက်တယ်... ပြီးမှ...

` မင်းနဲ့ငါနဲ့က စာတွေရေးတာ တူတယ်ဆိုပေမဲ့လို့ အဆင့်တူဆိုတဲ့ စကားကိုသုံးမယ် ဆိုရင်ဖြင့် မင်းအမှားကြီးမှားသွားမယ် ကိုယ့်လူ... ဟော ဒီမှာကြည့် ဒီလမှာပဲ ငါ့ရဲ့စာမူပါလာလို့ အခုအထိမ်းအမှတ် အဖြစ် တီးပါတီပေးနေတာလေ... ကြည့်ပါ... ဒီမှာကြည့်ပါ ငါ့စာမူ.....´။

ကျုပ်မှာသူ့စာမူ ပါလာတယ်ဆိုသော စကားကိုကြားရုံမျှဖြင့် နားတွင်းသို့ဓါးဖြင့်မွှေနှောက်ထိုး လိုက်သလို ခံစားသွားရတယ်..။ တစ်ဆက်တည်း သူထိုးပေးသောစာအုပ်ကို ယူလိုက်ပြီး

`ဟုတ်မှလဲလုပ်ပါ ဘတ်သီးရာ.. ကိုယ်တိုင်ရေးရောဟုတ်ရဲ့လား´ ဟုတစ်ပါးသူ အောင်မြင်ခြင်းကို မနာလိုသူ လူယုတ်မာပီပီ ပြောမိတော့.. ဘတ်သီးက နှုတ်ခမ်းမဲပြာပြာကြီးအား ကွေးတယ်ဆိုရုံလေး ပြုံးလိုက်ပြီး

` အေးလေ.. စာအုပ်ကိုသာ လှန်လိုက်စမ်းပါ.. တွေ့ရပါလိမ့်မယ်.. အေး ဟုတ်ပြီ... အဲဒီ အစာကြေဆေး ကြေငြာနောက်က ဆေးခန်းကြေငြာ.. အင်း ပြီးတော့ လိပ်ခေါင်းဆေးကြေငြာ.. အေးအဲဒီ နောက်ကျော စာမျက်နှာက အမျိုးသမီး လစဉ်သုံးကြေငြာလေး ... အေး အဲဒီအောက်က ဟာကဖြင့် ငါကိုယ်တိုင် ရေးသားခဲ့တဲ့ စာမူပေါ့ကွာ... ´။

ကျုပ်လဲ သူပြောသလို ကြေငြာပေါင်းများစွာကို ကျော်ဖြတ်ပြီးသကာလ သူရေးထားသောစာမူကို ဖက်ကြည့်လိုက်တော့.. ဘာတဲ့......... ဗောက်အတွက်တော့ ယောက်ယက်ခက်မနေပါနဲ့တော့.......တဲ့ ။

အထက်ပါခေါင်းစဉ်ဖြင့် ဗောက်ပျောက်နည်းဆေးမြီးတို လမ်းညွှန်လေးကိုတွေ့လိုက်ရတယ်... စာအဆုံးမှာဖြင့် ညီပိုထက်(ထမလုံ) ဟူသောကလောင်အမည် ရေးထားလေတော့.. ကျုပ်စိတ်ထဲကနေ စိတ်တွေညစ် စာရေးလို့ အဆင်မပြေချိန် ဒီကောင်က သူ့ပြောပုံအတိုင်း ကျုပ်ထက် ဝါကြီးသွားလေပြီဟူ၍ ရင်မှာ မချိတင်ကဲခံစားမိတယ်...။

သို့သော်လည်းခံစားချက်ကို အသာဖုံး မြှေက်ပင့်စားတက်သူပီသစွာနဲ့ မျက်နှာလေးကို သနားစဖွယ် ချက်ချင်းဖမ်းငယ်လိုက်ပြီး .....

`ဟုတ်ပါတယ်... ဆရာဘတ်သီးရယ်... အခုလာတယ် ဆိုတာကလဲ တိုင်ပင်တယ်ဆိုတာထက် ကိုယ့်ထက်ဝါကြီးသူထံမှာ အကြံဉာဏ်လေးယူဖို့လာတာပါ ဆရာရယ်....´

လက်များကလဲ သူ့အရှေ့ကရေနွေးခွက်ကို ဆေးကြောကာရေနွေးတစ်ခွက် ခပ်သွက်သွက်လေး ဖြည့်ပေးလိုက်ရင်ဖြင့် ငတိကြီးမျက်နှာက ဝင်းပသွားပြီး.....

`ဟား ဟား.. ဟုတ်ပါပြီလေ.. ထားပါတော့ သို့ပေမယ့် ငါ့ကိုဆရာ.. ဆရာလို့ မခေါ်ဖို့ကိုတော့ပြောပရစေ.. အခုတင်ဒီကောင်တွေကို ပြောပြီးပြီ... ငါဟာ ဆရာအဆင့်ကိုရောက် ဆရာဂုဏ် တွေနဲ့ ပြည့်စုံနေပေမဲ့လို့ ငါ့ကိုယ်ငါ ဆရာ တစ်ဆူ အဖြစ်မသတ်မှတ်သေးဘူး.....။´

ငတိကြီးကား အနည်းငယ်မျှ ပစားပေးလိုက်တာနဲ့ သူ့ရဲ့ချီးမွမ်းခန်းကို ထုတ်ဖော်ပြောလာလေရာ ကျုပ်မှာ နရင်းထတီးချင်သော်လည်း ဝိုင်း၌ထိုင်မိမှတော့ သူပြောချင်ရာပြောစေ နားခါးခြင်းသက်သာစေရန် အလို့ငှာ ရှေ့၌ရှိသော စားဖွယ်များကိုတီးရန်သာ စိတ်နှစ်ထားလိုက်တယ်..။ သူကတော့ ဆက်ပြောနေတုန်းပဲ

` အေး... အဲလိုမျိုး ပညာရှိတို့မည်သည် ကိုယ့်ကိုကိုယ်နှိမ့်ချရတာလဲ မင်္ဂလာတစ်ပါးလို့ ဓမ္မပဒမှာ အတိအလင်း ညွှန်းဆိုထားတယ်ကွယ့်...။ ဒီတော့ ငါကဆရာမဟုတ်တော့ ဘာလဲ....´

ကျုပ်မှာ ရှေ့ကမုန့်ဖက်ထုပ်ထံသို့ လက်အလှမ်း ဘတ်သီးက ဘာလဲဟူသော အမေးစကားကို ကြားလိုက်ရချိန် ဘာပြောလို့ပြောရမှန်းမသိသဖြင့် ဘေးကထိုင်နေသော ပေါက်ကြီးကို အကူအညီရလို ရငြားကြည့်မိတယ်.. ဒီကောင်တွေကလဲ ဘတ်သီးပြောချင်တာပြော စားရရင်ပြီးရော ဆိုသောသဘောနဲ့ မုန့်များ၌သာ အာရုံဝင်စားနေတော့ ဘာဖြေရမှန်းမသိကိုဖြစ်နေတာ.. ဒီအချိန်ပေါက်ကြီးက ..

`ေဩာ်... ဒါလား မုန့်ဖက်ထုပ်လေ... အုန်းသီးနဲ့....။´ ဟူ၍ ပေါက်ကရတွေဖြေတော့...

`တိတ်... ငါ့လခွမ်းထဲမှပဲ.... ငါပြောနေတာက ငါကဆရာ မဟုတ်ဘူး... ပြည်သူအတွက် နိုင်ငံအတွက် စာပေနဲ့ အလုပ်အကျွေးပြုနေတဲ့ လုပ်သားကြီး ... စာပေလုပ်သားကြီးကွ..... မင်းတို့ကွာ ပြောရတာခက်လိုက်တာ...´။

ဘတ်သီးမှာ သူပြောသောစကားကို မည်သူမှစိတ်ဝင်စားခြင်း မရှိသောကြောင့် စိတ်တိုနေလေပြီ.. အခြေအနေကားမကောင်း .. ဗိုက်မဝခင် ထထွက်သွားသော် ကျုပ်အဖို့ နစ်နာမှုတွေ ရှိလာနိုင်တာကို တွေးမိပြီး........
`မှန်လိုက်တာ ဆရာ.. အဲလေ.. လုပ်သားကြီးရယ်... အခုလဲ ကျနော်လာတာ လုပ်သားကြီးထံမှာ အလုပ်အပ်ဖို့ လာရတာပါ....´

ကျနော်လဲ ဟုတ်တာ မဟုတ်တာ အပထား ပါးစပ်ထဲတွေ့ရာတွေ လျှောက်ပြောတော့.. ဒီကောင်က

`ရပ် ရပ်.. ရပြီ.. ဒီလောက်ဆိုရပြီ .. အဲသလောက် ဝေါဟာရတွေ မရှုပ်စေနဲ့... ကဲပြောစရာရှိတာ တွေပြောပေတော့... ငါ့ကိုမေးတယ်ဆိုမှတော့ စာပေရေးရာ အကြောင်းတွေပဲ ဖြစ်မှာပေါ့လေ...´

`ဟုတ်ပါတယ် လုပ်သားကြီးရယ်... ကျနော်မှာ စာရေးသမျှ ပို့သမျှဟာ အပယ်ခံနေရတော့ ကြာလာရင် စိတ်ဓါတ်ကိုပါ ပျက်ပြားနိုင်တယ် တွေးမိတာနဲ့ မရေးဖြစ်တာတောင်တော်တော်ကြာပေါ့လေ... ဒီကြားထဲ ဗဟုသုတ သိုလှောင်ဖြည့်တင်းမယ် ဆိုပြီးလက်လှမ်းမှီရာ စာအုပ်တွေ ဖတ်ပြန်တော့လဲ စာကောင်းပေကောင်း မဖတ်ရ.. စာကြီးပေကြီး ဖတ်ဖို့ဆိုတာကလဲ ရှိတဲ့ငွေကြေးနဲ့ မလိုက်နိုင်ဖြစ်နေတော့ ဘာလုပ်ရမယ်မသိ ဖြစ်နေမိပါတယ်...အဲဒါလေးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိချင်တာပါ.....´။

ကျနော် စကားကိုဆုံးတော့ ဘတ်သီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ...

`ဟုတ်တယ် မောင်ရင်ရေ... မင်းပြောတာက မှန်သင့်သလောက်တော့ မှန်ပါတယ်...အမှန်တော့ စာရေးတယ် ဆိုတာ ကိုယ့်ဘာသာကောင်းနေပေမဲ့ ကိုယ်ပို့တဲ့ မဂ္ဂဇင်းရဲ့ အယ်ဒီတာ အကြိုက်မဟုတ် ပြန်ရင်လဲ ဘယ်မှာအရွေးခံရမလဲလေ.... ဒီတော့ကာ အယ်ဒီတာ ဆိုတဲ့ ကြားခံအရာဝတ္တု မပါပဲ ကိုယ်ရေးတဲ့စာလေးတွေ ကဗျာလေးတွေကို ပရိတ်သတ်ထံကို တိုက်ရိုက်ချပြနိုင်မယ့် နေရာတစ်ခုလိုတာ အမှန်မဟုတ်လား မောင်ရင်ရေ..... ´။

`မှန်လိုက်တာဗျာ.. အဲလိုနေရာမျိုးက ရှိပါ့မလား လုပ်သားကြီးရယ်... ရှိခဲ့ရင်တောင် ငွေကုန်ကြေးကျ များမယ့်ဟာဆိုရင် မမှန်းဝံ့ပေါင်ဗျာ.....´။ ထိုအခါမှ ဒီကောင်က တစ်ချက်ပြုံးလိုက်ပြီး.....

`ရှိပါ့ကွာ... အခုဆိုရင် မင်းမပြောနဲ့ ဒီကောင်တွေတောင်မှ ငါ့ရဲ့သင်ကြားမှုနဲ့ အဲဒီနေရာမှာ ခြေစမ်းနေကြပါရောလား.....´။

ကျနော်လဲ ဘေးမှာထိုင်နေတဲ့ ဒီကောင်နဲ့ တစ်ဂိတ်ထဲ နင်းဖော်နင်းဖက်တွေ ဖြစ်တဲ့ ပေါက်ကြီး.. ငနိုင် နဲ့ ပွကြီး တို့ကိုမယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်မိတော့ အားလုံးက မှင်သေသေနဲ့ကို ပြန်ကြည့်နေကြတာ...ဘတ်သီးက ဆက်ပြီး...

` ဒါပေမယ့် သူတို့က ငါ့လိုစာပေပါရမီ မပါရှာလေတော့ သူတို့နိုင်တဲ့ ဝန်ကိုထမ်းနေကြတာပေါ့ကွာ.. အရင်လိုအားရင် ဂိတ်မှာ ပိုက်ဆံပွတ်တာတွေ ကျင်းစိမ်တာတွေ မရှိတော့တာ မင်းအမြင်ပဲလေ.... အဲဒီ ခြေစမ်းတဲ့ နေရာက ဘာလဲဆိုတာ မင်းသိလား...´

ဒီတစ်ခါ၌မူ အတွေ့အကြုံရှိပြီးဖြစ်တော့ ယောင်တီးယောင်အ မဖြစ်တော့ပဲ

` ဗဟုသုတ နည်းပါးတဲ့ ကျနော့် အားနည်းချက်ပါ.. မသိလို့ စိတ်ဆိုးခြင်းမရှိပဲ ဖွင့်ဟလို့ ပြပါတော့ လုပ်သားကြီးရယ်....။´

ကျနော်က ဝပ်တွားခယစွာ တောင်းဆိုသောငြားလဲ ဘတ်သီးကတော့ စကားကို ချက်ချင်းမဆက်ပဲ အိတ်အတွင်းမှ ကွမ်းယာထုပ်ကို ဆွဲထုတ်ခြင်း... ကွမ်းတစ်ယာအားထုတ်ယူကာ အသာဖြဲကြည့်ခြင်း... ပြီးမှသာ ပါးစောင်အတွင်းသို့ သေချာစွာထည့်သွင်းခြင်း စသော သမားဂုဏ်တို့အား ပြသပြီးမှသာလျှင် ...

`အေး .. ဒီနေ့ခေတ်မှာ လူငယ်တွေ ရူးသွပ်စွာသုံးစွဲနေကြတဲ့ facebook ဆိုတဲ့ နေရာဟာဖြင့် မင်းတို့လို တက်သစ်စ ဗဟုသုတ လိုချင်.. ကိုယ်သိတာတွေ ကိုယ်အယူအဆတွေကို တင်ပြချင်တဲ့ ကောင်တွေအဖို့ အလွန်တရာမှ အဖိုးတန်လှတယ်ကွယ့်... ဒီဟာတွေကို ဒီမှာပြောပြနေလို့ဖြင့် မင့်သဘောပေါက်မယ် မထင်မိဘူး.. ဒီတော့ကာ အိမ်ကသာစောင့်နေကွယ်.. နောက်များငါ မင်းအတွက် အဲဒီကွင်းမှာ မှတ်ပုံတင်ပြီးလျှင်ဖြင့်တော့ မင်းလေ့လာဖို့ကိုသာအားမွေးထားပေတော့ ... တစ်ကြိမ်တစ်ခါလောက်များ လေ့လာလိုက်ရရင် မင်းမှာ ဗဟုသုတတွေ ယောင်ကိုင်းလာမှာတော့ မြင်ယောင်သေးတယ်ကွာ...

ဒီတော့ အိမ်ပြန်အားမွေးထားပေတော့.. ငါတို့အဖွဲ့လဲ ပရဟိတ လုပ်ငန်းလေးတွေ ဆောင်ရွက်ဖို့ရှိနေလို့ သွားမယ်ဟေ့....´´။

ဒီနေ့အဖို့ဟာဖြင့် ကျနော့်စိတ်ထဲမှာ အထူးအဆန်းတွေ ဖြစ်နေတယ်လို့ ထင်မိနေတာ.. ထင်တာကိုမဟုတ်ဘူး ဖြစ်နေတာ.. မကြားဖူးတဲ့ အရာတွေကို မပြောဖူးတဲ့သူတွေထံမှကြားရ .. အခုလဲ မယုံသလိုဖြစ်နေတာ မဆုံးသေးဘူး ... သူပြောတဲ့ ပရဟိတ လုပ်ငန်းဆိုတာကြီးထွက်လာတော့ ဘာလဲပေါ့... ဒီကောင်တွေ လက်ကြောမတင်းတဲ့ ကောင်တွေက ပရဟိတ လုပ်ငန်းအတွက် မအားဘူးတဲ့လေ.. ဘာတွေလဲ သိချင်စိတ်က ရင်ဝကို လာလာဆောင့်နေတော့ ပိုက်ဆံကလွဲလို့ ဘာကိုမှ အကြွေးမထားတတ်သူပီပီ....

`` ဟို လုပ်သားကြီးတို့က ပရဟိတတွေ ဘာတွေလုပ်နေတယ်ဆိုတော့လေ ဘယ်လိုပရဟိတ မျိုးလုပ်နေတာလဲဟင်.... ´´။

ဘတ်သီးကတော့ ခမောက်လေးကို ကောက်ဆောင်းလို့ မထူးဆန်းသလို ပုံစံနဲ့...

`` ပြောမယ်ဆိုရင် ဟိုကွာ... ကိုကျော်သူတို့ လုပ်နေသလိုမျိုး ကူညီမှုအသင်းလေးပေါ့.. ဟင်းဟင်း..´´။

အဲဒီနောက်မှာတော့ လေးယောက်သား ကိုယ့်ဆိုက်ကားလေးတွေကို ကိုယ်စီနင်းလို့ ထွက်ခွာသွားတာကို ကျနော် အနောက်ကနေကြည့်ရင်း စိတ်ထဲမှာဘာမှ ဝေခွဲမရနိုင်ပဲ တစ်ကိုယ်တည်း ကျန်ခဲ့တော့တာပါပဲ...။


တူညီဝတ်စုံဝတ်ဆင်ထားတဲ့ ဝန်ထမ်းကောင်မလေးများရှိရာ အေးစိမ့်နေသော အခန်းတစ်ခုအတွင်း ကွန်ပြူတာ တစ်လုံးရှေ့၌ ကျနော်ထိုင်နေ၏..။ ဘေးမှာ ဘတ်သီးနှင့် သူ၏အဖော်များကလဲ အသီးသီး ကွန်ပြူတာရှေ့၌ ထိုင်ကာ ဘာတွေလုပ်မှန်းမသိ လုပ်နေကြ၏။ ဘတ်သီးက ကျနော့် ကိုအသံတိုးတိုးနှင့်..

`` အခုမင်းအတွက်ငါက အကောင့်တစ်ခု လိပ်စာတစ်ခုပေါ့ကွာ လုပ်ပေးတားတယ်... အဲဒီအထဲမှာ facebook မှာ အုန်းအုန်းထအောင် ပွဲဆူူနေတဲ့ သူတွေနဲ့လဲ သူငယ်ချင်းအဖြစ်လုပ်ပေးထားတယ်.. ဒီတော့ မင်းက အဲဒီအထဲမှာ သူတို့အကြောင်းတွေ ဒီနေ့ခေတ်မှာ ဘာတွေဖြစ်နေလဲဆိုတာတွေကို ခလုတ်လေး တစ်ချက်နှိပ်ပြီး ရှာဖတ်ရုံပဲ... အစုံရှိတယ်... လေ့လာပေတော့.. ငါလဲ လုပ်စရာရှိတာတွေ လုပ်ဦးမယ်...´´။

ကျနော့်ဘဝမှာ ဒီလိုမျိုး ကိုယ်ပိုင်ဆိုင်တဲ့ အရာက မှန်သားပြင်ကြီးပေါ်မှာလဲပေါ်တယ်....ကိုယ်က ခလုတ်လေးတွေ နှိပ်ပြီးသကာလ လိုသလို လုပ်နေနိုင်တဲ့အပြင် ဘတ်သီးတို့ခေါ်သလို အကောင့်... ကိုယ်ပိုင်အကောင့်ဆိုတော့ကာ ဘာမှတော့ မဟုတ်ဘူး နဲနဲတော့ ဂုဏ်ယူမိတယ်ဗျ... ကြားဖူးတာက ဘဏ်ဆိုလဲ အကောင့်ဖွင့်ရတယ်ဆိုတော့ အဲဒီအခေါ်အဝေါ် အကောင့်ဆိုတာနဲ့ကို သွေးတွေကြွလာတယ်ပေါ့ဗျာ...

ရှေ့ကမှန်ပြင်ကြီးကို ကြည့်ရင်း ရင်တွေ တစ်ဒိုင်းဒိုင်းနဲ့ ခုန်နေတာ....လေ့လာလိုက်မဟဲ့ တွေးပြီး ဖွင့်လိုက်တယ်ဆိုရင်ပဲ......

ဦးဆုံးမြင်လိုက်ရတာ ဓါတ်ပုံလေးတစ်ပုံဗျ...၊ သေချာကြည့်မိတော့ ကောင်မလေးတစ်ယောက် အိမ်ခန်းတစ်ခုရဲ့ လှေကားအောက်မှာ မျက်လုံးတွေကလဲ တစ်ခုခုကိုစိုးရိမ်သလို ကြည့်လို့ .. အမယ် ဖုန်းဆက်နေတဲ့ပုံလေး..... ကျနော်က စာရေးဆရာပီပီ ပြီးတော့ ကြိုတင်တွက်ဆနိုင်တဲ့ အားကလဲ ခေသူမဟုတ်ဘူးလေ... ခြင်ထောင်လျှော်ပြီး နေလှန်းထားတာတွေ့ရင်တောင် ဒက်ခနဲ ပုံရိပ်တွေကို မြင်နိုင်သူဆိုတော့ကာ ဒီပုံလေးကို အတွေ့မှာတော့ဖြင့် ဘယ်ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ဝင်ခန်းပါလိမ့်... တွေးမိတယ်.... အိမ်ထဲကိုရန်သူတွေဝင်လာမယ်.. ဒီကောင်မလေးက အိမ်ထဲမှာတင် လှည့်ပတ်ပုန်းရင်း ကူညီနိုင်မယ့် သူကို ဖုန်းဆက်နေတာဖြစ်မယ်... ဇာတ်လမ်းနာမည် ဘာပါလိမ့်... သိချင်လာတော့ ဟိုရှာဒီရွေ့ရင်း ပုံအောက်က စာလေးသွားမြင်မိတယ်...ဒီတော့မှ မျက်မှန်ထုတ်တပ်လို့ ဖတ်လိုက်တော့...

```` မောင်နေမကောင်းဘူး........ ရူး တိုးတိုး.. ဒယ်ဒီမသိအောင် ဖုန်းခိုးဆက်နေတာ...´´´´

အလို ဆန်းပြားလှချည်လား.. တစ်ခါမှပင် မကြားဖူးသော ဇာတ်လမ်းနာမည်လေးပါလား... ကျနော်လဲ မနေနိုင် မထိုင်နိုင်ဖြစ်ကာ ဘေးမှ ဘတ်သီးအား ခေါ်ကာပြသလေတော့.......

`` ဟာကွာ .. ဘာလဲ .. ဝေးလှချည်လား.. ကျွတ်.......´´။

ဟူ၍ ဆူပူမာန်မဲတော့ .. ဒီဇာတ်ကားလေးပြမိတာကိုဖြင့် ဘာကြောင့် စိတ်တိုနေရသလဲ မတွေးတတ်အောင်ကို ဖြစ်မိတော့တယ်... ဘတ်သီးကဆက်ပြီး....

`` အဲဒါ အဲဒီ အကောင့်ပိုင်ရှင် ကောင်မလေးကွ... သူရေးထားတာ ဖတ်ပါလား ..သူ့ရဲ့ ရည်းစား နေမကောင်းဖြစ်လို့ ဖုန်းဆက်နေတာကို ပြောတာဟ... ဒူပါ့ကွာ....´´။

ဘတ်သီးစကားကို ကြားရတော့ ပို၍ပင်ကျနော့်မှာ မအူမလည်ဖြစ်ရတော့တယ်...။ သေချာစဉ်းစားကြည့်မှ သူ့ကောင်လေးကနေမကောင်းဖြစ်နေတယ်.. အိမ်ကလဲ ဒီကောင်လေးနဲ့သဘောတူပုံမရထင်၏... ထို့ကြောင့် ကောင်မလေးက သူ့ဒယ်ဒီမသိအောင် ဖုန်းခိုးဆက်နေခြင်းဖြစ်ပေတော့မည်... လွန်စွာမှ အံ့ဩရပေတော့သည်...။ ဒယ်ဒီ မသိအောင်လုပ်ပြီး ဒီပေါ်၌ တင်ထားခြင်းကို ထောက်ခြင်းအားဖြင့် သူ့ဒယ်ဒီသည် ခေတ်နှင့်အညီမလိုက်နိုင် facebook မျှပင်မသုံးတတ်သေးသောသူ ပါလားဟု ဂရုဏာ သက်မိရပေ၏။ ထို့ကြောင့် သားသမီးများကို စောင့်ကြည့်ရာ၌ လူကြီးများ facebook သုံးသင့်ဟူသော ဆောင်းပါးတစ်ပုဒ်တော့ ရချေပြီဟု တွေးကာ ထိုသမီးငယ်လေးအား ကျေးဇူးတင်မိနေသေးတယ်... ။

ထားချေဦးတော့.. ကျနော်မှာ အံ့ဩမှုများကို အသာချိုးနှိမ်ကာ နောက်ထပ် ဘယ်သူတွေများ ခိုးပြီးဘာတွေလုပ်နေသလဲ သိချင်ဇောဖြင့် နောက်တစ်နေရာသို့ ရွေ့၏...။

လာပြန်ချေပြီ... ကောင်မလေးတစ်ယောက် ... သူလေးကား ရိုးရိုးပုံလေးတစ်ပုံ တင်ထား၏။ ကျနော်မှာ စိတ်ကူးဖြင့် ထင်ရာမြင်ရာ ရမ်းမတွေးရဲတော့ပဲ အောက်ကရေးထားသော စာကြောင်းသို့ ရွေ့၏။

``ဒီပုံမှာကြတော့ ဒီအဖုက မရှိတော့ပြန်ဘူး....´´။

အွန်.... ဘာကြီးတုန်း.. နားမလည်စွာ ပုံကိုကြည့်တယ်... သေချာကြည့်တယ်... မျက်လုံးကို စုံပိတ်ကာ ဖျက်ခနဲ ဖွင့်ကြည့်တယ်... ဘယ်လိုကြည့်ကြည့် ကျနော်တွေ့သော အဖုကို ထင်ရှားစွာ တွေ့ရ၏...။ နဖူးကိုပြောပါတယ်.....။ ထိုကဲ့သို့ တစ်ကိုယ်တည်း မျက်လုံးပိတ်လိုက်လိုက် ဖွင့်လိုက် ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေသော ကျနော်ကို ဘတ်သီးအမြင်ကတ်လာပုံရတယ်။ အနားသို့ ကပ်လာပြီး .....

`` ဟေ့ကောင် ... ရူးသလိုပေါသလို လုပ်မနေနဲ့... အောက်မှာ ကွမ်းဖတ်တွေရှိတယ်.. ဖက်ကြည့်လေကွာ..´´။

ဘတ်သီးမှာ လှိမ့်အော်နေလေရာ ပါးစပ်အတွင်းမှ ကွမ်းဖတ်များပင် လာစင်တော့သည်...။ ကျနော်လဲ သည်းမခံနိုင်တော့တဲ့အဆုံး...

`ဟာ.... ဘာကွမ်းဖတ်လဲ.. ဒီမှာမျက်နှာတစ်ခုလုံး... ´´ ကျနော့် စကားပင် မဆုံးလိုက်သူက..

``ဆောရီး... ဆောရီးကွာ.... ပြောချင်ဇောများ သွားလို့ပါ.. ဝေဖန်ချက်လေးတွေ ဖတ်ဖို့ ပြောတာပါကွာ....ဘိုလို ကွမ်းဖတ်လို့ ပြောတာပါကွာ...´´။ ကျနော်လဲ ဘတ်သီးစကားကို နားမထောင်နိုင်ပဲ အဖုကိစ္စသာ စိတ်၌အာရုံရောက်နေပေ၏။ ထို့ကြောင့် အောက်မှာရေးထားသော ဝေဖန်ချက်တို့အား ဖတ်ကြည့်လေရာ.....

` ပြောသားပဲ... ပျောက်မှာပါဆို..´´ ဟူသော သကောင့်သားတို့အားလည်းကောင်း.....
`ဝက်ခြံဆိုတာ မညှစ်ရဘူးကွ... ခုတော့ ပျော်သွားပြီပေါ့လေ...´´ ဟူသော ကောင်မျိုးအားလည်းကောင်း...
`ဘာပဲပြောပြော လှပါတယ်... ကိုကတော့ ကြိုက်တယ်...´ ဟူသော တဏှာရူးများအားလည်းကောင်း...
`အဓိက ကတော့ ညီမလေးရယ် ကိုယ့်လိုဆရာဝန် တစ်ယောက်အနေနဲ့ ဆိုရင် ဝက်ခြံဆိုတာက´´.. ဟူသောမဆီမဆိုင် ဝင်ရှင်းပြနေတတ်သော ဘဝင်ရူးများအားလည်းကောင်း ရွံရှာဖွယ်ရာ တွေ့ရလေတော့သည်..။

ထိုအခါမှပင် ညီမလေး၏ပြဿနာမှာ ဝက်ခြံ ပေါက်သော အကြောင်းအရာပင် ဖြစ်နေကြောင်း သိရှိလိုက်ရတော့ ကျနော်မှာ အံ့ဩစိတ်များ ငယ်ထိပ်သို့တိုင်အောင်ပင် ဆောင့်တက်လာရတော့ချေ၏...။

ပို၍ စိတ်ထိခိုက်ရသည်မှာ ကျနော်၏ facebook အသုံးနောက်ကျခြင်းကိစ္စ ပင်ဖြစ်ပေတော့သည်..။ အဘယ်ကြောင့်ဆိုသော်... လွန်ခဲ့သော ရက်ပိုင်းက ကျနော်ဝေဒနာ တစ်ခုကို အပြင်းအထန်ခံစား ခဲ့ရဖူးတယ်... ၎င်း ဝေဒနာမှာ သွေးစုနာပေါက်သော ဝေဒနာပင်တည်း... အတိတ်ကံကလဲ မကောင်း... လက်ရှိ၌လဲ မကောင်းမှု၌ မွေ့လျော်သူဖြစ်နေ၍လားမသိ သူများသွေးစုနာနှင့် မတူစွာ တင်ပါး၌ ပေါက်ခြင်းမဟုတ်ပဲ မရိုမသေ ပြောရမယ်ဆိုရင်ဖြင့် ဖင်ကြား၌ လာပေါက်ရောဗျို့.....

အစပထမ အနာသေးခါစက မသိသာသော်လည်း အနာမှာ တစ်ဖြည်းဖြည်း ရင့်မှည့်လာချိန် အရွယ်အစားမှာ ကွမ်းသီးလုံးခန့်မျှပင် ဖြစ်လာတော့ လွန်စွာမှ ကိုက်ခဲနေတော့တာ.. ဆေးခန်းသွားပြရင်လဲ ဆရာဝန်ကို ဖင်ဖြဲ ပြရမည်ကို သိမ်ငယ်ကြောက်ရွံ့နေမိသဖြင့် ဝေဒနာကို မကြေငြာရဲခဲ့.... တစ်နေ့ပေါက်နိုး ပေါက်နိုးနှင့် ထိုအချိန်က ပေါက်သွားရင်ဖြင့် သိန်းတစ်ထောင်ထီဆု ပေါက်သည်ထက်ပျော်မိမှာ အမှန်ပင်.... အကုသိုလ် ကြီးမားလှသော ကျနော့်မှာ ထိုင်နေရင်လဲ မခံနိုင်အောင် နာကျင်.... ရပ်နေပြန်ရင်လည်း ထိုကွမ်းသီးလုံးအား ဖင်နှစ်ခြမ်းက ဖိညှပ်ထားပြန်လေရာ အသဲခိုက်အောင် နာကျင်ရတယ်.. မတတ်သာသည့်အဆုံး မှောက်ကာ ဖင်ဘူးတောင်းထောင်နေမှသာလျှင် သက်သာရာ ရတော့တယ်...။

သို့ပေမယ့် ဖင်ဘူးတောင်းထောင်နေတိုင်း စိတ်မှာမလုံခြုံ အနာတစ်ဖက် သောကတစ်ဖက်နဲ့ ဒုက္ခ ရောက်လိုက်တာဗျာ... မတ်တပ်လေးများရပ်ချင်ပြန်တော့ အနာကို ဖင်ညှပ်ခြင်းမှ ကင်းဝေးစေရန် ရှင်းရှင်းပြောရရင် လက်နဲ့ ဖင်ဖြဲပြီး နေရသဗျို့... အခုလို အချိန်မျိုးမှာလာပေါက်လို့ကတော့ ဓါတ်ပုံဆရာ ခေါ်ကာ အနာကိုမှတ်တမ်းတင်ပြီး ဒီပေါ်၌သာ `ဒီအဖုက သူများအဖုနဲ့ မတူဘူး´ ဟူသော ခေါင်းစဉ်လေးနှင့် တင်လိုက်ရရင်တော့ ဒီညီမလေးထက် ပွဲဆူသွားမှာ အမှန်ပင်....။ ဘာပဲပြောပြော ဒီဟာ သုံးမှပင် ကျနော်ကိုယ်တွင်း၌ တင်ပြရဲသော သတ္တိများ ဝင်လာသလိုတောင်ဖြစ်လာရတယ်....။ တော်လိုက်တဲ့ သမီးလေး... တော်လွန်းလို့ ညည်းဆီမှာ ကွမ်းဖတ်ဝင်ရေးချင်ပေမယ့် အခုမှ သုံးခါစဆိုတော့ ဘာမှမလုပ်တတ်တာ ခွင့်လွတ်ကွယ်လို့ စိတ်ထဲက ကြိတ်တောင်းပန်နေမိသေးတယ်...။

နောက်ပြီး ဝက်ခြံအကြောင်းတော့ ကျနော်က သိပ်မသိဘူး... ကျနော့်လို ကွမ်းသီးလုံးကြီးရလာရင်တော့ တင်ပြဖို့က သမီးလေးတာဝန် ကျနော်ကတော့ ဦးဆုံးကို ဝင်ရေးဦးမှာ.... ရေးချင်ဇော များနေလို့လားမသိဘူး.. ပေါက်ပါစေတောင် စိတ်ထဲက ဆုတောင်းနေမိတယ်... ဘာပဲပြောပြော ကျန်းမာရေးဗဟုသုတ ရတဲ့အတွက် သူ့ကိုလဲကျေးဇူးတင်မိတယ်......။

အချိန်က သိပ်မရှိဘူး... နောက်လေ့လာစရာတွေ လေ့လာမလို့ ှတွေးမိပြီး နောက်တစ်နေရာသို့ရွေ့၏။ အတွေ့အကြုံများလာတော့ ဘာရေးရေး တုန်လှုပ်ခြင်းကင်းစွာဖြင့် ဖတ်ရှုလာနိုင်လေ၏။ အတိုပြောရရင်တော့ ကောင်မလေးတစ်ယောက်ပုံပေါ့ဗျာ... ကြမ်းပြင်ပေါ်မှာ အိပ်နေပြီး ခြေနှစ်ချောင်းကား ထောင်လျှက် နံရံသို့ ကန်ထားတဲ့ပုံလေး... ရေးထားတာကတော့

မေမေမကြိုက်သော ဂျပိုးလေး၏ နေထိုင်မှုပုံစံ.... တဲ့လေ...။မည်မျှပင် အတွေ့အကြုံ ရှိသည်ပြောပြော ထပ်မံ၍ အံ့ဩရပြန်တယ်...။ တင်စရာတွေ ဒီလောက်တောင်ရှားသလားကွယ်... မေမေမကြိုက်တာကို ဘာလို့များလုပ်ပြီး ကြေငြာရသလဲ သမီးလေးရယ်ဟု နှုတ်မှတစ်ဖွဖွ ကျုပ်ရေရွတ်မိတယ်.. အောက်က ကောင်တွေကလဲ မခေပါဘူး....

ညလေး ထမင်းစားပြီးရင်တော့ ဒီလိုမနေနဲ့နော်.... ဟုတစ်မျိုး........
ဟား ဟား ချစ်စရာလေးကွာ.. ကလေးဆန်လိုက်တာ... i love u baby ဟူ၍တစ်ဖုံ...
ဒီ g mail အကောင့်လေးကို အပ်ပေးပါနော် ... ခင်ချင်လို့ပါ.. ဟူ၍ တစ်သွယ် ဝင်ရောက် အားပေးကြသည်ကို ရွံစရာ ကောင်းလှအောင် ဖတ်ရှုရပေ၏...။ တစ်နေရာ၌မူ....

နာကဘယ်တူကိုမှ မကြိုက်ဘူးနော်.. နာက တလေးပဲချိတေးတာ... ဟူသော စာကိုမြင်လိုက်ရတော့ အော်.. ကလေးတွေတောင် သုံးတတ်နေပါရောလား... ဒီကောင်လေးကတော့ သူများနဲ့မတူ မကြိုက်ဘူး ဆိုပြီးကို ရေးထားတာ... ကလေးလေးရေးထားတာတွေက မပီမသလေးတွေနဲ့ ဆိုတော့ စသုံးကတည်းက အရည်မရ အဖတ်မရတွေနဲ့ စာရင် ကလေးက ချစ်ဖို့ကောင်းနေပြန်သေးတယ်... ကိုယ့်တူ ကိုယ့်သားလိုတောင် ချစ်မိသွားတာ... ပုံလေးကြည့်မယ်ဟဲ့ ဆိုပြီးကြည့်မိတော့ လှိုင်သာယာကားလမ်းလိုရုပ်နဲ့ ငတိတစ်ကောင် မျက်မှန်ကြီးတပ်လို့ ရိုက်ထားတဲ့ ပုံတွေပဲ တွေ့ရတယ်... အကုန် သူ့ပုံကြီးပဲ...

ရေးထားသမျှစာတွေကလဲ အဲလို မပီမသ အကျိုးအကန်း စာတွေချည်းပဲ... ခုနကချစ်စိတ်တွေ ပျောက်လို့ ရုပ်နဲ့စာကိုတွဲဖတ်မိလိုက်တိုင်း သေခါနီးနူနာသည်ကြီး ညည်းတွားနေသလိုပဲ မြင်နေရတယ်... ရောဂါသည်တွေကိုမှ သနားစိတ်ဝင်လို့ရဦးမယ်.. ဒီကောင်ကြီးကဖြင့် ခေါစာပစ်ရင်တောင် သရဲမစားတဲ့ ရုပ်ကြီးဗျာ... ထွီ......

စိတ်တွေကုန်... အချိန်တွေကုန်.. ငွေတွေကုန်ခံပြီး ဗဟုသုတလေး အသိပညာလေး ရလိုရငြား သုံးမိပါတယ်.. ချွေးသီးချွေးပေါက်ကျလို့ အသည်းတွေအူတွေတုန် တာပဲ အဖတ်တင်တယ်... ဗဟုသုတတွေ တောင် ယောင်ကိုင်းသွားဦးမတဲ့လေ... ပြောပုံက .... ဒေါသတွေထွက်လွန်းလို့ ဒီကိစ္စရဲ့ တရားခံ ဟိုကောင် ဘတ်သီးကိုကြည့်ပြီး စိတ်ထဲကနေဆဲမိတယ်.. ဒီကောင်က သူ့ကိုကြည့်တော့ အမယ်... ခေါင်းလေးတဆတ်ဆတ်နဲ့ ......

နောက်ထပ်လူတွေကလဲ ထိုနည်းတူစွာပဲ.... လက်ပ်တော့ ပုံတွေ ဖုန်းတွေတင်ကြ၏။ ထိုအရာကိုအပြစ်မဆို ချင်သော်လည်း မဆီမဆိုင် ဘဏ်ကတ်တွေတင်... ခရက်စ်ဒစ် ကတ်တွေတင်၏... ကျုပ်၌ ရှိသော အပေါင်စာရွက်များကိုပင် ပြေးမြင်မိသေးတယ်.. ရေချိုးတော့မယ် ဟူသော လူကတစ်မျိုး... ပျင်းလိုက်တာ ဝါး. ဆိုသောသူများကလဲ ဒုနဲ့ဒေးပင် ...။ အီးပါနေပါတယ်... အီးတစ်တုံးထွက်သွားပြီး နောက်တစ်တုံး တစ်ဝက်ထွက်နေပါပြီ ဟူ၍ပင် ကျွနုပ်တင်ချင်သေးတော့၏...။ သတင်းနှင့်နည်းပညာ ခေတ်ကြီးပေကိုး...

နောက်ဆုံး၌ မြင်တွေ့သမျှအားဆဲဆိုခြင်းအမှုကိုပြုပြီး... အားအင်များသာလျော့ပါးလာတယ်.. ထိုကဲ့သို့သောစာ များကား အဆက်မပြတ် တက်လျက်ရှိနေတော့ ...ပြန်တော့မည်ဟုဆုံးဖြတ်ကာ ဘတ်သီးကိုလှည့်ကြည့်လိုက်တယ်... ဒီတော့မှ ဒီကောင်တွေ အဖွဲ့ အလုပ်ရှုပ်နေတာကိုတွေ့တော့

ဘာတွေများ လုပ်နေကြပါလိမ့် ... ဒီကောင်ကို ဆဲဆိုရန်အကြောင်းရှာနေတာ ဖြစ်တော့ ဒီကောင်တွေလဲ ဒီလိုပဲရေးနေကြတာလား... မဖတ်ရသေးချေ.. ဟုတ်လို့ကတော့ အတိုးနဲ့အရင်း ပေါင်းပြီးကို ဆဲလိုက်မည် စိတ်တွင်ရည်သန်၍ ထိုင်ခုံပေါ်၌ ပြန်ထိုင်ကာ ရှာလိုက်တယ်ဆိုရင်ပဲ...

တွေ့ပါပြီ... မောင်ဘတ်သီးကို... သို့ပေမယ့် ထင်သလို ရောက်တက်ရာရာ ရေးနေခြင်းကား မဟုတ်ချေ..

မြစ်ဆုံကို ကာကွယ်ကြ ... နိုးထလော့ ... ဆိုသောခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်တယ်... လိုချင်နေသော ဗဟုသုတ တည့်တည့်ကြီးကို တွေ့ချေပြီ... သူက ဆည်ကြီးဆောက်ပါက မြစ်ကြီးကောသွားမည်... သမိုင်းတန်ဖိုးတစ်ခု ဆုံးရံှုးရပေမည်... ဧရာဝတီ မရှိပါက ညောင်ဦးဖီးကဲ့သို့ လူစွမ်းကောင်းတွေ ရေကူးရန် အခက်အခဲရှိပုံတို့ကို သေချာစွာ ရှင်းလင်းထားပေသည်....။ သူ့စာအောက်၌လဲ အစွမ်းကုန် အားပေးချီးကျူးကြသော အမျိုးကောင်းသားတို့ကို မြောက်မြားစွာ တွေ့ရလေ၏...။ တခြားသူတွေနဲ့ တန်းတူထားမိသော စိတ်ကိုတောင် နောင်တရမိသွားတယ်... အဲ... သူက စာရေးဆရာပီပီ ကဗျာလေးတောင်ပါသေးသဗျ...

မင်းတို့ မသိလဲ ငါစီးဆဲ
မင်းတို့သိလဲ ငါစီးဆဲ
စီးရာတလျှောက် ပန်းတွေပေါက်
အို လေး လေး ငါမကြောက်..
ယူနန် ပြည်ကြီး ထွန်းလင်းဖို့ ငါ့ရာဇဝင် သမိုင်းတွေ မီးရှို့ပေးရမတဲ့လား
ေဩာ်.... ကောင်းကြသေးရဲ့လား......။

ရေးသူ.... ရာဇဝင်ထဲက သတို့သား ဘတ်သီး.....။။။

ကြည့်ဗျာ.. ဘယ်လောက်တောင် ကောင်းလိုက်သလဲ..... ဒီလိုလုပ်နေတာတွေ အစကမသိလို့ ဆဲဆိုမိတာခွင့်လွတ်ပါလို့ စိတ်ထဲကနေကြိတ်တောင်းပန်လို့.... နောက်တစ်ယောက် ငနိုင့်ဆီကို ခလုတ်လေး ရွေ့မိပြန်တော့... သူကလဲ မခေဘူး....

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသူတစ်ဦးဆိုပြီး...

ကြွပ်ကြွပ်အိတ် အန္တရာယ်နှင့်အိုဇုန်းလွှာပေါက်လာတဲ့အကြောင်းတွေကို သတိပေးသွားလိုက်တာများဗျာ.. ထောက်ခံဆွေးနွေးသူတွေ တရုန်းရုန်းနဲ့ပေါ့...

ဒီလိုကြတော့လဲ ဘတ်သီးပြောသလို ဗဟုသုတတွေ ယောင်ကိုင်းလာသလိုရှိသား... ထားပါလေ.. နောက်ဆရာသမား တစ်ယောက်ကို ကြည့်ပြန်တော့ ....

ပေါက်ကြီး.. သူကတော့ နာမည်ကိုတောင် ပီးကြောက်ဆိုပြီး ပေးထားလိုက်သေးတယ်... သူကလဲ ပရဟိတ သမားဗျ... ၁၀၀၀တန် အဖွဲ့ဆိုပြီး သူတည်ထောင်ထားပါလေရောလား... သူကတော့ဓါတ်ပုံ အထောက်အထားတွေနဲ့ပေါ့လေ... လူတိုင်းများများလှူစရာမလိုဘူး... ၁၀၀၀စီသာထည့် စုထားပြီး သူက ကမကထလုပ်လို့ လှူတာတွေပေါ့... ပုံတွေကိုကြည့်တော့ မိဘမဲ့များကိုလှူနေပုံ... သက်ကြီးရွယ်အိုများကို လှူနေပုံ... စံပြမိခင်ဆု ပေးတာတောင်ပါသေးသဗျ... သာဓုပါဗျာ... ပီးကြောက် ခေါ် ပေါက်ကြီး ကျန်းမာပါစေ မေတ္တာတောင် ပို့ပေးလိုက်မိသေးတယ်...။

ဒီကောင်တွေ.. အဲလေ ဒီဆရာသမားတွေ ဘာတွေကြောင့်များ ပြောင်းလဲသွားရသလဲပေါ့.. အဓိကကတော့ ပညာတိုးလာတာပဲ... ပညာ.. သိပ်တန်ဖိုးကြီးပါလားနော်... အော်.. ပွကြီး ကျန်သေးတာပဲ.. သူကရော ဘာတွေများ အကျိုးပြုနေသလဲ လေ့လာကြည့်တော့...


သူကတော့ တစ်မျိုးဗျ... ဧရာဝတီမြစ်ထဲက ဧရာဝတီလင်းပိုင်တွေကို စောင့်ရှောက်သင့်ကြောင်း... ရှားပါးလာသောကြောင့် မျိုးတုန်းပျက်စီးမည့် အရေးမှကာကွယ်ရန် တပ်လှန့်ထားသည့် စာလေးပင်ဖြစ်ချေ၏။ သူတို့တွေ ထိုကဲ့သို့ ရေးနေပြောနေကြတော့ မိမိကိုယ်ပင် မိမိ ရှက်လာတော့သည်... အများအကျိုးကို မလုပ်ပဲ ကိုယ့်ဘာသာ တစ်ကိုယ်ကောင်းဆန်နေတဲ့ စိတ်ကို မုန်းတီးလာမိတယ်... သူတ့ိုဘေးမှာ ထိုင်နေရတာကိုဖြင့် စိတ်ထဲမှာ မလုံမလဲဖြစ်လာရတော့ ဒီနေ့တော့ တော်လောက်ပြီ.. နောက်ရက်များမှ သူတို့နှင့် ဝေးရာကနေ လေ့လာတော့မယ်....ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့တော့ပြီ.... ရှက်လှသဖြင့် နှုတ်ပင်မဆက်ပဲ တိတ်တဆိတ် အိမ်ပြန်လာခဲ့တော့တယ်.... ။

အိမ်အပြန် လမ်းတစ်လျှောက်မှာလဲ ဆရာသမားတွေ လုပ်ဆောင်ချက်လေးတွေကိုပဲ ပြန်ပြောင်းမြင်ယောင်ကာ ကြည်ညိုနေလိုက်တာဗျာ....

`` ဆရာ... ဆရာ...´´

အမှတ်မထင် နောက်မှခေါ်သံကြားလို့ ကြည့်မိတော့ မိသေး.....ငနိုင်မိန်းမ မိသေးကို လက်ထဲမှာ အထုပ်တစ်ထုပ်နဲ့တွေ့လိုက်ရတော့...

``ဟဲ့.. ဘာလဲ မိသေး´´ ဆိုတော့

ငနိုင်ကို လမ်းထိပ်မှာတွေ့လားမေးလာပေရာ ကျုုပ်ကတွေ့ကြောင်း... ငနိုင်မှာ ယခုအခါ အိုဇုန်းလွာ ပေါက်မှုကို ပညာပေးနေကြောင်းပြောတော့ မိသေးက အရူးတစ်ယောက်ကိုကြည့်သလို ကြည့်ပြီး ဘာမှမပြောပဲ လမ်းထိပ်သို့ ထွက်ခွာသွားတော့ စိတ်ထဲမှာ.....

ေဩာ်... မိန်းမ.. မိန်းမတွေ... ယောက်ျားက ဒီလောက် ကောင်းကျိုးတွေ သယ်ပိုးနေတာကိုတောင် နားမလည် ပါရမီဖြည့်ရမှန်းမသိတဲ့ အမျိုး.. ခက်ပါ့ကွာ ဟူ၍ မဆီမဆိုင် ဒေါပွနေမိ၏...။


ကျုပ်လဲ အိမ်ဘက်ကို ဆက်လျှောက်လာတော့ လမ်းမှာ မိသေးအမေ ငနိုင့်ယောက္ခမကြီး ငနိုင့်သား နှစ်ကောင်ကိုဆွဲလို့ တွေ့လိုက်တော့...

``ဒေါ်အုန်းခင် နေကောင်းရဲ့နော်... မြေးတွေနဲ့ပါလား.. လမ်းလျှောက်ထွက်လာတာလားခင်ဗျ... ဟူ၍ နှုတ်ဆက်စကားဆိုလေလျှင်... ဒေါ်အုန်းခင်က မျက်နှာကို မဲ့ရွဲ့ကာ ဒေါသသံနှင့်...

`` ဘယ်ကလာ လမ်းလျှောက်ရမှာလဲတော်.. ဒီမှာလေ.. မိုးရွာတော့မယ်... ဒါကြောင့် ဒီကလေးနှစ်ယောက် လာခေါ်တာ.. အိမ်ခေါ်သွားမလို့...´´။

ကျုပ်က သူပြောတဲ့စကားကို သဘောမပေါက်ဘူးဗျ.. မိုးရွာတာနဲ့ ဘာလို့များ ကလေးတွေလာခေါ်တာလဲပေါ့ မေးမိတော့...

``အမယ်လေး... ဘာဖြစ်ရမှာလဲ... သားမက်အကောင်းစားကြီးလေ.... မိုးကလာနေပြီ... အိမ်မိုးပါ အိမ်မိုးပါ ဆိုတာကို ဖင်နာတယ် ခေါင်းနာတယ် အပျင်းကြီးနေတာ... အိမ်ခေါင်ကလုံတာမဟုတ်ဘူး.. မိုးယိုနေတာ.. ကလေးတွေက စာမေးပွဲရှိတယ်လေ.. ရေတွေစိုရင်ဖျားမယ်... စာကျက်တာအနှောင့်အယှက်ဖြစ်မယ်... ခုကြည့်လေ အငယ်ကောင်ဖျားနေပြီ... ဟိုကောင်မ မိုက်တာလဲပါတယ်.. ဒီလိုကောင်ကိုမှယူရတယ်လု့ိ.. ငါက အမွေဖြတ်ထားတယ် ဆိုပေမယ့် ဒါတွေက ကိုယ့်သမီး ကိုယ့်မြေးတွေလေ...ဘယ်နေနိုင်မလဲ... ကဲ ခုငါလာတော့ အိမ်မှာအမှိုက်တွေက မပစ်တော့ ခြင်တွေပေါက်ပြီး ကလေးတွေဖျားတာပေါ့...

ဘာလို့မပစ်လဲ မေးကြည့်တော့ အမှိုက်ပုံက ဝေးလို့တဲ့လေ.. မိုးရွာလာမှ ရေနဲ့မြောမယ်တဲ့...။ မြောင်းထပစ်ရင်တောင် အထုပ်လိုက်မပစ်ပဲ တစ်ခုချင်းစီထုတ်ပြိး မြောဖို့သင်သွားပေးသေးတယ်....။ ဟိုကောင်မကလဲ မိုးရွာတာစောင့်နေတယ်... အခု ငါလာမှ သွားပစ်ခိုင်းရတယ်... သေချင်းဆိုး လာပလေ့စေဦး´

စသဖြင့် ကြိမ်းမောင်းမာန်မဲလေရာ ကျုပ်က

`` မဟုတ်ဘူး... အခု ငနိုင်က အိုဇုန်းလွာပေါက်တာကို တားဆီးနေတာပါ´´

ကျုပ်စကားကိုကြားတော့ အဖွားကြီးက မျက်လုံးကြီးပြူး လက်ညိုးငေါက်ငေါက်ထိုးလို့..

`ဘာ.... အိုဇုန်းလွာ ပေါက်တာကို သူကတားဆီးတယ်... အိမ်ကအမိုးကိုတောင်လုံအောင် မလုပ်နိုင်တဲ့ ကောင်ကများ.... ဒါကို မင်းကသူ့ဘက်ကပါနေသေးတယ်.. ဟုတ်လား... ဒီမယ်.. အဲဒီကောင် လုပ်နေရေးနေတာတွေကို အိမ်မှာ သမီးအငယ်မတွေပြလို့ ငါသိပြီးပြီဟဲ့... ရပ်ကွက်ထဲ ဘယ်နေရာမှ အသုံးမဝင် လူတောမတိုးလို့ အဲဒီပေါ်တက်ပြီး ရေးချင်ရာရေး... အကြောင်းမသိတဲ့ ကောင်တွေ ချီးကျူးတာကို အဟုတ်ကြီးထင် သာယာနေတာဟဲ့... နားလည်လား....´´

အဖွားကြီးပြောမှပင် ဒီကောင့်ကို သတ်ပြစ်ချင်လောက်အောင် ဒေါသတွေထွက်လာတော့တယ်... ငါ့မှာတော့ ချီးကျူးလိုက်ရတာ... ခွေးမသား... ...။ အဖွားကြီးက ဆက်ပြောသေးတယ်..

`` မြောင်းထဲ အမှိုက်မြောမယ့် ကောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နေတယ်... အရင်ကလို ဂေါက်သီးလေးရိုက်နေတာကမှ နိုင်ရင်ငွေရဦးမယ်... အခုတော့ ပေါင်းတဲ့ ကောင်တွေကလဲကြည့်ဦးလေ...´´

ထိုအခါကျုပ်လဲ ပျာပျာသလဲ လက်ကာလို့..`` ကျန်တဲ့ သူတွေကတော့ တကယ်ကို လုပ်နေတာပါ ဒေါ်ဒေါ်ရယ်.. ပေါက်ကြီးဆို ဓါတ်ပုံတွေတောင်ပါသေးတယ်...´´ ဟု စောဒကတက်မိလေသည်...။

``ဘာ.. ပီးကြောက်ဆိုတဲ့ကောင်လား.... ၁၀၀၀တန်အဖွဲ့လား... ပိုဆိုးတယ်.. မလုပ်တာထက်စာရင် တတ်နိုင်သလောက်လုပ်တာ ငါမပြောဘူး... အေး မလုပ်ပဲနေတာပိုကောင်းတယ်... သိလားဟဲ့.. ဒီကောင်က ၁၀၀၀တန်အဖွဲ့ဆိုပြီးဖွဲ့ ပိုက်ဆံတွေကောက်.. ပြီးတော့ မလှူဘူးလားဆိုတော့ လှူတယ်... မိဘမဲ့များ လှူဒါန်းပွဲတဲ့... မိဘမဲ့နော်... မိဘမဲ့ကလေးမဟုတ်ဘူး... အေး... အဲဒါဘယ်သူ့ကိုလှူလဲ သိလား .. သူ့မိန်းမကိုဟေ့... အဖေ အမေ မရှိတော့ဘူး.. မိဘမဲ့ဆိုပြီးလှူတာနော်....သက်ကြီးရွယ်အို လှူဒါန်းပွဲတဲ့... ဘယ်သူလဲသိလား... မီးယပ်ရောဂါနဲ့ အိုကြီးအိုမလို ဖြစ်နေတဲ့ သူ့မိန်းမကိုလှူပြန်ရော.... ကဲ တပ်စရာခေါင်းစဉ်မရှိတော့ စံပြမိခင်ဆုတဲ့... ဘယ်သူလဲမမေးနဲ့ .. သူ့သားလူဆိုးနှစ်ကောင်ကို ထိန်းကျောင်းရတဲ့ သူ့မိန်းမတဲ့လေ... တော်တော်... အကုသိုလ်များပါတယ်... မပြောချင်ဘူး...။။´´´

အဖွားကြီးစကားတွေ ကြားလိုက်ရတိုင်းကျုပ် ဒီကောင်တွေကို အမှုန့်ခြေချင်စိတ်တွေများများလာတယ်... မထူးတော့ပါဘူးဆိုပြီး....

``နေပါဦး ဒေါ်ဒေါ်ရယ်... ဟိုကောင် ဧရာဝတီလင်းပိုင် စောင့်ရှောက်နေတဲ့ ငပွကကောဟင်.....´´ လို့မေးမိတယ်... အဖွားကြီးကတော့ သိပ်မပြောချင်ရှာပါဘူး....

``အေး... အဲဒီကောင် ငပွဆိုတာက ဒီရန်ကုန်မရောက်ခင် ဟိုး ရေငန်သောက် မြက်ခြောက်စားတဲ့ အရပ်ကလာတယ်ဟေ့.... ရေရှားတာများ လူချိုးပြီးရင် နွားကိုတိုက်ဖို့ထားရတာ... မြစ်ချောင်းတွေဘာတွေ မမြင်ဖူးတော့ ငါးအစိမ်းဆိုတာ ဝေလာဝေး မြင်ကို မမြင်ဖူးတာ... ရန်ကုန်ရောက်လာတော့ ချောင်းတွေဘာတွေ မြင်ဖူးတာ... မြောင်းထဲက ငါးလေးတွေ တွေ့ရင်တောင် ဝမ်းသာအားရနဲ့ ဟယ် .. ငါးပိကောင်လေးတွေ... ငါးပိကောင်လေးတွေ ဆိုပြီး အရှက်မရှိအော်အော်နေတာ .. ဒီကောင်ကအခု လင်းပိုင်ထိန်းသိမ်းဖို့လုပ်တယ်ဆို တွေးသာကြည့်တော့.... လင်းပိုင်ကြီးရှေ့ချပြရင်တောင် ငါးခေါင်းတိုကြီး ပြောမယ့်ကောင်... ဒီလိုကောင်တွေကို ယုံတဲ့သူတွေက ဘယ်လောက်ဦးနှောက်မရှိလဲ တွေးကြည့်တောင်သိပါတယ်....´´။


အဖွားကြီးကား ပြောနေရင်း ကျုပ်ကိုပါထိခိုက်လာတယ်.. ကျုပ်ကတော့ ဘာမှကိုပြန်မပြောနိုင်တော့ပါဘူးလေ.. ဒီအချိန်မှာ ... လျှပ်စီးက ပြက်ခနဲ လက်တယ်.. နောက်မှမိုးခြိမ်းသံ ထွက်လာပြီး မိုးလေးများကျဆင်းလာတော့...

`ဒီကောင်တွေအကြောင်းပြောနေရတာနဲ့ ကလေးတွေမိုးမိတော့မယ်.. သွားမယ်ဟေ့´´ ဆိုပြီး အဖွားကြီးလှည့်ထွက်သွားတယ်... ဒီတော့မှကျုပ်လဲ အသိဝင်လာပြီး....

``ဒေါ်ဒေါ်.... တဆက်ထဲ ဟိုဘတ်သီးကောဘယ်လိုဆိုတာ ပြောပြပေးခဲ့ပါလား´´ဟု တောင်းဆိုသမှုပြုလေတော့... အဖွားကြီးက ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ

``ပြောစရာမလိုပါဘူးလေ... မကြာခင် သိလာလိမ့်မပေါ့....´´ ဆိုပြီး ကလေးနှစ်ယောက်ကို ဆွဲပြီးထွက်သွားလိုက်တာ...

ဘာပဲပြောပြော ကျုပ်ဘယ်လိုပဲ ဒေါသတွေထွက်ထွက် ဟိုကောင်တွေ မကောင်းတာထားတော့ တစ်ဦးတစ်ယောက်တော့ အကောင်းရှိစမြဲပင်... ဘတ်သီးကိုမူ အပြစ်ပြောရန်မရှိ သဖြင့်စကားကို လွှဲချသွားခဲ့လေတယ်... ကျေနပ်မိပါတယ်... ဒီတစ်ယောက်လောက်နဲ့လည်းကျေနပ်မိပါတယ်... အားလုံးဒီလို မဟုတ်ပါဘူးကွဟု အဖွားကြီး နောက်ကျောကိုကြည့်ရင်း ရေရွတ်မိတယ်... ကျုပ်လဲ တွေးနေလိုက်တာ မိုးရေတွေဆိုတာလည်း တစ်ကိုယ်လုံးကို ရွှဲရွှဲနှစ်နေပြီ...။ အိမ်ဝင်းထဲရောက်တော့ အပေါ်ကိုမတက်သေးပဲ တဲရှေ့ ခုံလေးပေါ်မှာထိုင်ပြီး ဘတ်သီးရဲ့ပရဟိတ စိတ်ဓါတ်ကို အဖန်တလဲလဲ ကြည်ညိုနေမိတယ်.....

ဘယ်လောက်တောင်ကြာသွားလဲမသိဘူး... ကျုပ်ထိုင်နေတဲ့ ခုံလေးကို ရေသန့်ဘူးလေးတစ်ခု လာရောက်ထိမိမှ အသိဝင်လာတယ်... အမ်... ဘယ်ကဘယ်လိုရောက်လာတာလဲပေါ့... ချထားတဲ့ မျက်လွှာကို ပင့်ကြည့်လိုက်မှ ကျုပ်တဲလေးကို ရေတွေ ပတ်လည်ဝိုင်းလို့ ... အိမ်ရှေ့မြောင်းအထက်ဘက်ဆီကနေ ကောင်းမှုတွေ အကြောင်းစုပြီး မြောလာတဲ့ အမှိုက်တွေဆိုတာလဲ ရေနဲ့အတူ ခြံထဲမှာ ဘောင်ဘင်တွေခတ်လို့... ခြေရင်းအိမ်... ဟိုကောင် ဘတ်သီးအိမ်... သိချင်ဇောနဲ့ ခြံရှေ့ကိုကြည့်လိုက်မှ အိမ်ရှေ့တွေကိုမြောင်းဆယ်ဖို့ ရပ်ကွက်က မိုးရာသီမရောက်ခင် ဆော်သြော ထားပေသိ ဒီကောင် ခြံရှေ့မြောင်းကား မရှိသလောက် ကောနေတာကိုတွေ့ရတော့တယ်... ဧရာဝတီ မြစ်ကြီးကောမှာကြောက်နေတဲ့ကောင် အိမ်ရှေ့မြောင်း မဆယ်ထားတော့ ရေကမစီးပဲ ကျုပ်အိမ်ထဲကို တရကြမ်းစီးဝင်လာတာတွေ့တော့ ဘာဆိုဘာမှကိုမသိမမြင်တော့တဲ့ အရူးတစ်ယောက်လို ရေတွေကြားထဲမှာ ခြံရှေ့ကို ပြေးထွက်ပြီး ဒေါ်အုန်းခင်ထွက်သွားရာလမ်းဘက်ကို ကြည့်လို့ သွေးရူးသွေးတန်း အော်ဟစ်လိုက်မိတော့တယ်.......


အဒေါ်ရေ...........

``တို့တစ်ရွာလုံးမှာ ဒီလူချည်းဟ.........´´


A KA ဖက်ရှုရပေ၏...။

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ

မော်ဒန်လမ်းကို စလျှောက်ခြင်း.....

အခုတစ်လော ဘတ်သီး[ခေါ်] ညီညီထက် တစ်ယောက်တော်တော်ကို ဂယောက်ဂယက် ဖြစ်နေတာ။ အလုပ်မရှိ အကိုင်မရှိ.. အဲလေ အဲဒါတော့ ရှိတယ်.စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ ငြိမ်နေလို့ကို မရတာ။ အဲဒီ ဘတ်သီးဆိုတဲ့ကောင်က သိပ်ညွတ်လွယ် တိမ်းလွယ်တဲ့ကောင်။ ဘယ်လိုပြောမလဲ စစ်ကားတွေ ကြည့်ပီးပီဆို စစ်သားသိပ် ဖြစ်ချင်တာ။ အရင်ခေတ်က အခုလို တရုတ်ဖြစ်ကော်သေနပ်တွေ မရှိတော့ ဝါးခြမ်း ပြားလေးထဲ ဓာတ်ခဲအဟောင်းလေးတွေ စီထည့် သေနပ်ပေါ့နော်..။ အဲဒါလေးလွယ်ပီး ခြံထဲလျှောက်သွားနေ တာ။ ပီးရုတ်တရက် သေနပ်ကိုဖြုတ် ဘေးကအပင်ကို ပြေးကပ်လိုက်တယ်။ ခေါင်းကို တစ်ဖြည်းဖြည်းရှေ့ကို ထုတ်လို့ ချောင်းသေးတာ..။ နောက် ပါးစပ်ကနေ မောင်းတင်သလို ချက်ကလောက် ဆိုပီးအော်တယ်။ ကြည့် သိပ်တိကျတာ။ ချက်ဆိုတာက မောင်းကိုဆွဲတာ.. ကလောက်က ကျည်ဝင်သွားတဲ့ အသံနော်..။ ပီးတာနဲ့... ပစ်တယ်.... ဒ ရှို့.... အေးမရေးတက်ဘူး။ သူက ကုလားလို ပစ်တာကိုး...။ တစ်ခါတစ်လေ အသံနက်ကြီးနဲ့ ဗိုလ်ဗြုတ်ကြီး တဲ့ဟေ့.... မဆိုင်သူ မကပ်နဲ့ကွ.... ညည်းတို့ ယောင်္ကျားတွေ မုဆိုးဖို ဖြစ်သွားမယ်...ဟေး။ ဒရှို့...ဒရှို့....ကြည့်... လုပ်ပီ အော်ပုံကိုက မုဆိုးဖိုတွေစု ရွာတည်ပီး သူကြီးလုပ်မလို့လားဟင်.....။ ကန်ကလေး မူရမ်းတီး န

ဆုတောင်း

ငါကိုးကွယ်တဲ့ မာနကို  အမြင့်ဆုံး လွှင့်ထူထားပေမယ့် အရောင်တွေက ဖျော့နေပြီ။ အရှင့်ရဲ့နာမတော်နဲ့ ရင်ခွင်ကို ဟင်းလင်းပြင်ဖြစ်စေခဲ့တော့မလား။ ပင်လယ်ရဲ့ ငြိမ်သက်ခြင်း နောက်တကြိမ်လောက်ဖန်ဆင်းပေးပါ။ ထိရှမိတဲ့မေတ္တာတော်သွန်းလောင်းခြင်းကို ရပ်တန့်ခြင်းမပြုပါနှင့် အရှင်။ လျှပ်စီးတွေ ပြိုးပြက်လို့ပဲဖြစ်စေ ငံ့လင်သူကို ငြင်းပယ်ခြင်းမပြုလိုက်ပါနှင့်။   ငါ့အား နာကျင်သောအမှုအရာမှ ဖယ်ကွာစေပါ။ ကမ်းသောလက်ကို ရုပ်သိမ်းတော်မမူပါနှင့် အရှင်။ ကွယ်ကာတော်မူသော အတောင်တော်အောက်မှာ  နာမတော်၏ လုံခြုံခြင်းနှင့် ငါ့အား အတူရှိနေစေပါ။ ညှိုးငယ်သောနှလုံးသား နှင့် ငါ၏စိတ်ဝိဉာဉ်အား  သိမ်းပိုက်တော်မူ၍ သင်နှင့်အတူရှိနေခွင့်ကို ပေးသနားတော်မူပါ။        ။