“ငါဟာရွတ်လွှွင့်....... ငါဟာရွတ်လွှွင့်... ကိုယ့်အိမ်သို့ တစ်ခေါက် အရောက်ပြန်ဖို့......”။ အေး.... အဲဒီသီချင်းလေးလို ပင်လယ်လေးတစ်လုံး နဲ့ရွတ်လွှင့်နေတဲ့ အခါသမယလေးမှာပေါ့......။ ရှေ့ခပ်လှမ်း လှမ်းကားဂိတ်မှာ ကားပေါ်ကဆင်းလာတဲ့ကောင်.. အဲဒီကောင် သိပ်ကြောက်ဖို့ ကောင်းတဲ့ကောင်၊ ဟုတ်တယ်. ဒါနဲ့ဘေးရှိတဲ့ ပုလင်းကို ခုံအောက်အမြန်ဖွက်လို့ ဟိုလိုလို ဒီလိုလို လုပ်နေရတယ်။ အိမ်ရှေ့ရောက်မှ “အေး လာဟေ့.... ငပြည့် ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လို့လဲ။ ဟို .. ကရင်မ မင်းကိုရဲတိုင်လိုက်ပီလား။” “ဟာကွာ.. မင်းကလုပ်ပီ မင်းအတွက် အလုပ်ပါတယ် ဟေ့ရောင်ရေ...။” ထိုအခါ ကျွနုပ်မှာ လန့်သွားပီး “တော်ပါကွာ... ဟိုတစ်ခါလို မိလ္လာကျင်းတူးဖို့လား...၊ မနေ့က ကျောင်းအုပ်ကြီး ဒေါ်လှမေ အိမ်မှာ အမိုးသွားမိုးပေးထားတာ .. ငါဆင်ဖြူနှစ်စီးရှင်ဖြစ်နေပီဟ၊ ဒါကြောင့် ဘာအလုပ်မှမလုပ်ပဲ ဦးနှောက်ဆေးမယ်ဆိုပီး ပါဝါရိန်းဂျားကားတောင် ငှားထားပီးပီ။ မင်းတစ်ကယ် လူလိုရင်တော့ ကျောင်းရှေ့က ဖရဲသီးရောင်းတဲ့ ချိုလေးယောင်္ကျား ငဖြိုးကိုခေါ်.” ဒီကောင်ကတော့ ကျုပ်ကိုပြုံးစစနဲ့ ကြည့်ပီးတော့ “နေစမ်းပါဦးဟ အခုလာတာ အကြမ်းပညာ မဟုတ်ဘူး၊ အနုပညာအတွက်ကွ...။” အံမယ်.. သူကများ အနုပညာတဲ့ ကြီးကြီးကျယ်ကျယ် ပြောလို့၊ ကျုပ်လည်းစိတ်မရှည်တာနဲ့ “ကဲပြော.. ဘာအနုပညာကိစ္စလဲ... ”။ “ဒီလိုကွ ဘတ်သီးရ ငါ့ဝတ္တုတွေမှာ အမှာစာရေးပေးဖို့ဟ ဒီမှာ”။ ပြောပြောဆိုဆို ထုတ်လိုက်တော့ စာရွက်တစ်ထပ်ကြီး။ ဒါနဲ့ ကျုပ်က “ဟ ဟေ့ကောင်ရ အမှာစာရေးတယ်ဆိုတာ ဆရာကြီးတွေ အလုပ်ကွ....၊ ငါကပီးတော့ ဒန်ကဗျာဆရာကွ ဖြစ်ပါ့မလား ဟေ့ကောင်ရ....။” “ကျွတ်.... ဆရာကြီးတွေ ဆိုရင် ဒီလောက်နဲ့ မရဘူးဟ”။ ဆိုပီး ထုတ်လိုက်တော့ ပင်လယ်တစ်စင်း ကျုပ်ဝမ်းသာလိုက်ပုံများပြောမနေတော့နဲ့...။ ဒါပေမယ့် တစ်ခုသတိရတော့ “နေဦး မင်းကောဒီမှာ သောက်မှာလား” မေးရတယ်။ ဟုတ်တယ် နို့မို့ဆို သူပဲသောက်သောက် သွားတာ..။ “ဟာ.. မသောက်ပါဘူးဟ ပြန်မှာပါ ရော့စာမူ.... ပီးရင် မော်ဒန်ဆန်ဆန် ခေါင်းစဉ်လေးပါ ရွေးပေး.. ။ အခုတော့ ငါက “မိန်းမ” လို့ပဲ ပေးထားတယ်။” ဒီကောင်လည်း ပြန်သွားရော ခုံအောက်က ပုလင်းလေး ပြန်ထုတ်လို့ စာမူကို ဖတ်လိုက် အမှာစာလေး ရေးလိုက်နဲ့ ဟို... ပါဝါရိန်းဂျားတောင် မကြည့်နိုင်ဘူး......။”
ညီငယ်ပေးထားတဲ့ ခေါင်းစဉ်ကို ကြည့်လိုက်တော့ မိန်းမတဲ့....။ ဒါဆို မိန်းမ မကောင်းကြောင်း ရေး ထားတာ ဖြစ်နိုင်တယ်။ မကောင်းကြောင်းရေးရအောင် ညီငယ်သည် မိန်းမတွေကို မုန်းသူမဟုတ်ချေ။ ကျွနုပ် ကဲ့သို့ မိန်းမတွေကို အလွန်ချစ်တက်သူတည်း...။ ဘာကြောင့် ဒါဆိုရေးသလဲ သေချာစွာဖတ် ကြည့်မှသာလျှင် တိကျစွာ ပြောနိုင်ပေမည်။ ညီငယ်သည် ခေတ်လူငယ်ပီပီ ခေတ်ဆန်စွာ ဇာတ်အိမ်ကို တိုင်းတစ်ပါးတွင် တည်၏
မ သတ္တဝါတို့နှင့် ဝေးကွာနေသော ယောင်္ကျားတို့၏ သဘောသဘာဝကို ဖော်ကျူးထား၏။ ထို့နောက် မိန်းမများ ရောက်လာသောအခါ ဖြစ်တက်သော အရာများကို တင်ပြထားလေ၏။
ထိုအချိန်ထိ ညီငယ်သည် သူ၏ခေါင်းစီး မိန်းမ ဆိုသောအရာကို စာဖတ်ပရိတ်သတ်အား မချပြသေးချေ။ တစ်ကယ့် တစ်ကယ် ချပြသောအခါတွင် ညီငယ်သည်လောနေ၏။ မိန်းမတို့ အကြောင်းကို မကောင်းမပြောပဲ ရိုးရိုးလေးပင်ချပြသွားရာ စာဖတ်သူမှာ ဘဝင်ထိရ၏။ ထိုအခါ ညီငယ်သည် မသတ္တဝါ တို့ကို ကိုယ်စားပြုမယ့် သူတစ်ယောက်ကို ပုံဖော်ထုဆစ်ရ၏။ ထိုသူသည် မေသက်ကြည် ပင်ဖြစ်ပေတော့သည်။ မေသက်ကြည်သည် သက်ရှိဒြပ်မဲ့ တစ်ယောက်ဖြစ်၏။ မသတ္တဝါ တို့ကို ကိုယ်စားပြုမည့် သူဖြစ်လေရာ သတိကြီးစွာနှင့် ထုရလေသည်။ [ထုဆစ်တာကို ပြောတာဗျာ]။ မေသက်ကြည် မှာစားပွဲအလယ်မှ ဝက်သားဟင်းခွက်နှင့် တူ၏။ ကြက်ဟင်းခါးသီး ကြော်နှင့်တူသော ခုနှစ်လွှာကိုကြည်၊ ဗူးသီးပြုတ်နှင့် တူသော ဟေမန်ဦး၊ ရုံးပတီ သဖွယ် ပိုပိုအောင်၊ ထမင်းအုပ်ဆောင်း သဖွယ် ဥမ္မာ... စသူတို့ ဝန်းရံကာ မေသက်ကြည် ကိုထုလေ၏။
ထိုအခါ ညီငယ်သည် စိတ်လောနေသဖြင့် တစ်ခါတစ်ရံ မေသက်ကြည်ကို မနိုင်မနင်း ဖြစ်လာ၏။ သို့သော် ဝါရှိသူပီပီ ထိန်းသိမ်း၍ ပုံဖော်လေတော့သည်။ ကလောင်သွက် လက်သွက်သူပီပီ သူ့ကို ပုံဖော်နေရာမှ စိတ်တို့လွင့်ပြီး ထူးကြီး ဥမ္မာတို့ဘက်သို့ ရောက်၏။ သူတို့မှာ သက်ရှိ ဒြပ်ရှိများဖြစ်ရာ ပုံဖော်ရာ တွင် ဒက်ခနဲ ဒက်ခနဲ ထိ၏။ သို့သော် လမ်းမှားနေချေပြီ။ ဇာတ် သည်လိုရာပန်းတိုင်မရောက် ဖြစ်ချေတော့မည်။ အသိဝင်လာသည်နှင့် တစ်ပြိုင်နက် မေသက်ကြည်ကိုသာ အာရုံထားလေ၏။ ေဩာ် .. ညီငယ်သည်လည်း ကျွနုပ်ကဲ့သို့ ပါရမီ ရှင်ပေတည်း...။
ထိုအခါ အာရုံ၌ မေသက်ကြည်မှာ မပီဝိုးတဝါး ဖြစ်နေရာ ညီငယ်ရော စာဖတ်သူပါ မောပန်း ရတော့သည်။ ထိုစဉ် ကျန်အာရုံတို့ကို တိခနဲဖြတ်ကာ ကြိုးစားလေရာ မေသက်ကြည်ပုံရိပ်မှာ ပီပြင်လာတော့၏။ လာတော့မလား လာတော့မလား နှင့်ဖြစ်နေစဉ် မေသက်ကြည် အပါအဝင် ကျန်လူအားလုံး ညီငယ်ကိုယ်တိုင်ပါ ဘာမှမလှုပ်ပဲ ငြိမ်နေလိုက်၏။ အသင်းလိုက် team work ကောင်းကောင်းနှင့် ကစားနေရာမှ ဝုန်းဆိုရပ်လိုက်ပြီး နေလေရာ ကျန်လူတို့မှာ ဘာလဲ ပြီးခါနီး. အရှိန်တက်နေ မှကွာ ဟူ၍ ညီငယ့် အပေါ် အားမလိုအားမရ ဖြစ်ရတော့လေသည်။ ထိုအချက်သည် ညီငယ်၏ အလှည့်၊ ဝတ္တုအတက် ပညာပင် ဖြစ်၏။ ထို့နောက် မေသက်ကြည်ကို စတင်အသက်သွင်း တော့သည်။ ဥပမာ ဆိုရရင် ဆလိုက်မီးကို ဖြန့်ထိုးထားရာမှ ရုတ်တစ်ရက် မီးပိတ်ကာ ပြန်ဖွင့်တော့ လိုချင်သောအရာကို ကွက်ကွက်လေး ထိုးထားသကဲ့ သို့တည်း။ ထိုအခါမှ သူမကို တစ်ယောက်ထဲ လိုသလို ကစားခိုင်း၏။ ထိုအထဲတွင် ညီငယ်လဲ မပါဝင်တော့ချေ။ ပွဲကြည့်သူ ဖြစ်ချေပြီ။ ထိုမှတစ်ဆင့် ၎င်းပုံဖော်ချင်သော ဘတ်သီးကို မေသက်ကြည်မှတစ်ဆင့် ပုံဖော်ခိုင်း၏။ အံ့ဖွယ်တည်း........။ အစပထမ၌ မေသက်ကြည်က ဘတ်သီးကို သနားစဖွယ်ပုံဖော်တင်ပြ၏။ ဘတ်သီး အရွယ်ရောက် လာသောအခါ ခပ်ကြမ်းကြမ်း ပုံဖော်တင်ပြ၏။ အလွန်ဆန်းပြားလှ ပေသည်...................။ ဘတ်သီးကို အမျိုးမျိုး ပုံဖော်ပြီးသောအခါ ညီငယ်သည် ထိုအထဲ သို့ပြန်ဝင်ချေပြီ။ ဘတ်သီးမှာ ပုံပေါ်နေပြီဖြစ်ရာ သူမသာ မပီဝိုးတဝါး ကျန်နေခဲ့လေသည်။ သူမမှာ ရှေ့ကဦးဆောင်မသွား နောက်မှာမချန်ရစ် စာဖတ်သူကို တွဲခေါ်လေသည်။ညီငယ် သည်မေသက်ကြည် ပုံဖော်ထားသော ဘတ်သီးကို အမှီသဟဲပြု၍ သူမကို ပြန်ထုဆစ်လေ၏။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သီအိုရီ ပေတည်း။ တစ်ကယ့်ပညာရှင် ပီသပေစွ။ ထိုအခါ ကျွနုပ်ကိုယ်တိုင် မနေနိုင်ပဲ ကိုယ်တိုင် ဝင်ရောက်ထုဆစ်မိတော့၏။ မေသက်ကြည်..... မေသက်ကြည်..... ။ ဒါဟာ ဒီဝတ္တုရဲ့ အခွင့်အလမ်း အားသာချက် ပင်ဖြစ်တော့၏။ အရှိန်ကား မြင့်သထက်မြင့်လာချေပြီ......။ မေသက်ကြည်ပုံရိပ်မှာ ဖျတ်ကနဲ ဖျတ်ကနဲ ရှိလာပြီ။ သူမမှာ ဇာတ်သိမ်းခါနီးမှ သူမပေးချင်သော မတ်စေ့ [ messag ]ကိုသာမက ငါးမူးစေ့ ကျပ်စေ့များ ပါပေးလာတော့လေ၏။ ထိုသို့ အပေးကောင်းလာရာ စာဖတ်သူမှာ ရင်၌ ဟာ ဟင် ဖြစ်ရတော့လေသည်။ နောက်ဆုံးတွင် သူမရုပ်ပုံမှာ နေရောင်ထွက်လာသော အခါ ကောင်းကင်တစ်ခွင်လုံး လင်းလာသကဲ့သို့ ထင်ရှား ပီပြင်လာတော့သည်။ ေဩာ် .... ရင်၌ မောပန်းစွာကျန်ခဲ့ လေသည်။ မိန်းမတို့ကို စိတ်ကုန်ရချေပြီ...။ မိန်းမဖျက် ပြည်ပျက်.၊ မိန်းမမာယာ စသည်ဖြင့် မိန်းမတို့ အကြောင်းမှာ မကောင်းများလှချေသည်။ ဘုရားသခင်သည် ကမ္ဘာ မြေသို့ ဆင်းလာတော့မည် မဟုတ်ချေ။ သူသည်အာဒံကို ဖန်ဆင်းပြီး ဧဝကိုဖန်ဆင်းရာ၌ မနာလိုခြင်း၊ ဝန်တိုခြင်း ကဲ့ရဲ့ခြင်း၊ စသောအရာ များပါဝင်လာခဲ့လေသည်။ ဧဝသည် ကမ္ဘာသစ်ရဲ့ ပထဦးဆုံး စေတန်ပင် ဖြစ်တော့၏။ ဘုရားသခင် သည်ဒီအမှားကြောင့် ကမ္ဘာမြေသို့ ဆင်းလာမည် မဟုတ်တော့ချေ။
မည်သူ့သမီးကိုမှ သိမ်းပိုက်ထားခြင်း မရှိသော မောင်ဘတ်သီး
----------- -------------- ---------------------------- ---------- ---------------------- အခုတစ်လော ငပျင်းတို့နေတဲ့ မြန်မာရွာကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။ အကြောင်းရင်းတော့ရှိမယ် ဆိုပြီး တီးခေါက်ကြည့်တော့ ေဩာ် မြန်မာမိန်းကလေးတွေ ရောက်တော့မယ်တဲ့။ ဟို ခုနှစ်လွှာ ကိုကြည်ပြောပုံအရ “တို့တွေ ဘဝကော နှလုံးသားတွေပါ ကိုင်လှုပ်သွားနိုင်တယ်၊ မလောကြနဲ့ တဏှာ ကို ရာဂ နဲ့သတ်ထားရမယ်တဲ့။ သိပါဘူးလေ.... မူးလာရင် အဲလိုပြောတာပဲ..။ ပြီးဆက်သေးတယ်.... သူပတ်သတ်ခဲ့တာတွေက သူ့မျက်နှာပေါ်က ဝက်ခြံတွေထက် များတယ်တဲ့လေ..။ ဟုတ်လောက်တယ် ရုပ်ကိုက ဖရိုဖရဲနဲ့.. ထားပါ သူ့အကြောင်းပြောရင် ထမင်းစားကို ပျက်တယ်။ ကဲလေ... ကြာပါတယ်.. တိုတိုရုန်းကြစို့ရဲ့...။ ဒီလိုနဲ့ ရွှေအိုရောင်တိမ်တောက်တဲ့ ညနေ အခါသမယတစ်ခုမှာ (အဲလိုမရေးရရင်တော့မနေနိုင်လို့ပါ) ကာကြီးကားငယ် အသွယ်သွယ်ဟာ တိုက်ရှေ့ကို ဆိုက်ရောက်လာပြီး... ဟော လာပါပြီဗျာ မျှော်နေကြတဲ့ မြန်မာ့အလှပဂေးတွေ ဆင်းလာကြပါပြီ။ သတင်းကြားရုံ ရှိသေး ငဖြိုးတို့အဖွဲ့က အထုတ်တွေအပေါ်ထမ်းတင်လို့ လုပ်အားပြနေကြရောပေါ့လေ။ ေဩာ် မြန်မာအချင်းချင်း မိန်းမသားတွေလဲ ဖြစ်နေတယ်ဆိုတော့ မနေသာဘူးပေါ့လေ။ ခက်တာတစ်ခုက လာတဲ့မိန်းကလေးက အယောက် ၂၀၊ တို့များယောင်္ကျားတွေက ၅၀ ကျော်.. အဲ ၅၀ ဆိုတာက အရေအတွက်ပဲရှိသေးတာနော်... ဟိုပုဂံ သူရဲကောင်း၄ ဦး ဥဿာကို သွားတော့ လေးသိန်းလို့ဆိုတယ်မလား။ အခုလဲအဲသလိုမျိုး အားတွေက လွန်နေတာ.. ဒီတော့ကာ ချောတာလှတာ အသာထား၊ လူတောင်မမြင်ရခင် တွေ့တဲ့အိတ်ကိုကောက်ထမ်းလို့ အပေါ်ကနေသာစောင့်နေပေတော့...၊ မဟုတ်ရင်ရမှာကိုမဟုတ်ဘူး။ ဒါတောင် ကိုကြည် သတင်းကြားကြားချင်းပြေးလာတာ ဒီရောက်တော့ထမ်းစရာအိတ်ကမရှိတော့ဘူး... ဒီတော့မှ တဏှာ ကို သူပြောသလို ရာဂ နဲ့သတ်လို့ သူကိုယ်သူ မိန်းကလေးတွေကိုစိတ်ဝင်စားမူ့ မရှိတဲ့ရုပ်မျိုးနဲ့ အိတ်ဘေးမှာ ဂိုက်ပေးနေတဲ့ ငဖြိုးတို့ကို ပန်းသေနေတဲ့ မျောက်သိုးကြီးအကြည့်နဲ့ ကြည့်သွားတာ။ ငဖြိုးတို့ ကတော့ဒီအချိန်မှာ ကိုကြည်ကိုစိတ်မဝင်စားနိုင်ပဲ ပိုင်ရှင်လေးကို အကဲခတ်ရင်း “ ဟင်းဟင်း... ညီမနာမည်ဘယ်လိုခေါ်လဲဟင်..... ရန်ကုန်ကပဲလား..’’ ။ ကောင်မလေးတွေဆိုတာလဲ ရွာမှာတုန်းက ဒီလောက်အရေးပေးခံရတာ မရှိမလား. ။ တစ်ခါတောင် ဟိုလမ်းထိပ်က ဆိုက်ကားသမား ငပွလိုက်ပို့မယ်ပြောတုန်းက မူလိုက်တာ သူရယ် နောက်တစ်ခါမခေါ်တော့ဘူး... အဲဒီကထဲက မိုးစန္ဒာတို့ မမူတော့တာ အခုထိပဲ.. ‘‘ ဟင်း... အာ မိုးတို့အခန်းက ပတ္တာလဲ မရှိဘူး.. ဘယ်လိုတံခါးပိတ်ရမှာလဲ ....မိုးမနေရဲဘူးကွာ...’’။ ကြည့် ကြည့် ပလီတာများ. လယ်ကွင်းထဲဆင်းအိပ်တာတောင် ကျွတ်မတွယ်တဲ့သူကများ.. ဒါပေမယ့်လဲ ဒါမျိုးကို ငဖြိုးတို့ကစောင့်နေတာလေ မခိုးမခန့်လေးတောင်ရယ်လိုက်ပြီး ‘‘ ဟတ် ဟတ်.. ဒါများကွာ ခဏစောင့်ဆိုပြီး လှုပ်တုတ်လှုပ်တုတ်နဲ့ ထွက်သွားလိုက်တာ ငဖြိုးဘော်ဒါတွေတောင်ကြောင်သွားတယ်။ ဟုတ်တယ်လေ လကုန်ခါနီး ဘယ်သူ့စီမှာမှ ငွေမရှိတော့တာ.. ဒါကို ဒီကောင်ကကောင်မလေးတွေရှေ့မှာ မမူ့သလိုမျိုးနဲ့ သွားဝယ်မယ်ဆိုပြီး ထွက်သွားလိုက်တာ... ဘယ်လိုများ ဝယ်လာမလဲ စဉ်းစားလို့ကိုမရဘူး။ တွေးနေတာမှကြာသေးတယ် ခဏနေ ငဖြိုး ကြွပ်ကြွပ်ကြီးတလုံးနဲ့ ပေါက်ချလာရော.. အားလုံးကစိတ်ဝင်တစားနဲ့ ကြည့်နေစဉ် ထုတ်လိုက်တော့ ပတ္တာ. မျောက်လက်. သံ (၃) (၄) ချောင်းရယ်. အံမယ်ထုစရာ ငရုတ်ကျည်ပွေ့ပါ ပါသေးတယ်... အကွက်ကတော့စေ့ပါ့ ဝယ်စရာငွေမရှိတော့ အိမ်ကတံခါးကနေပဲ ရိုက်ဖြုတ်လာရတော့ နဲနဲလိမ်ကောက်နေတာ တစ်ခုပဲ အပြစ်ပြောစရာ ရှိတယ်။ သူတို့လေးတွေနဲ့ သိခါစမှာ သူတို့လေးတွေ မငြိုငြင်စေချင်ဘူးလေ။ ဘာမှမရှိမှတော့ သော့လဲမလိုပါဘူးဆိုပြီး ယူလာလိုက်သေးတယ်။ ပြီးတော့ ပြောသေးတယ် ကိုယ်တို့က ယောင်္ကျားလေး ထောင်နေနေ လှဲနေနေ ပြဿနာမရှိဘူးတဲ့ (ဒေါင်ကျကျ ပြားကျကျ ကိုပြောချင်တာ ဖြစ်မှာပါလေ)။ အိမ်အပြန်လမ်းမှာတောင် သူက ကျန်တဲ့ကောင်တွေကို ‘‘ ငါအခုသော့ ပေးတယ်ဆိုတာက သူလေးရဲ့ နှလုံးသားကိုပါ ခတ်လိုက်တော့ဆိုတဲ့ သဘောကွ နားလည်လား’’ ။ အိမ်နားရောက်လေ ဆာလာတဲ့ ဗိုက်လေးကို ပွတ်လို့ ငွေကမရှိ.. ငပိထောင်းစရာ ကျည်ပွေ့မရှိနဲ့ .. အော်.. တော်တော်ရဲရင့်တဲ့ ငါပါလားဆိုပြီး တွေးနေမိသေးတယ်လေ......။
‘‘ ညီမ ထူးကြီးရေ ဟင်းအိုးပွက်ရင်ပြောနော်... အော် ပိုပိုနဲ့ ဥမ္မာ တိုးတိုးနဲ့ ဘာတွေသဘောကျ နေကြတာလဲ... ဒီကြက်ဟင်းခါးသီး တစ်လုံးကဘာလို့ချန်ထား ရသေးတာလဲ.. လှီးလိုက်လေ အငယ်တို့ရဲ့ လူက အများကြီး အကုန်ချက်မှလောက်မှာလေ.. ခိုင်ခိုင်ဝင်းတို့ မန်ကျည်းသီး သွားဝယ်တာကြာလိုက်တာ မပြောတက်မဆိုတက်နဲ့ .. ဒါမှမဟုတ် ဖြိုးကြီးတို့ သတိထားလို့ ပြောပြောနေတဲ့ အရက်သမားကိုကြည်နဲ့ များတိုးနေပြီလား မသိပါဘူး..။’’ အလုပ်ပြီးလို့ ပြန်ရောက်ပြီဆိုတာနဲ့ ငပျင်းတို့ အသံတွေကကြားနေရပြီ.. ဘယ်သူရှိမှာလဲ.. သူတို့ရဲ့ခေါင်းဆောင် နှုတ်သွက် လျှာသွက် အကုန်သွက်တဲ့ မေသက်ကြည်ပဲပေါ့..။ ပြောလဲပြောနိုင်လွန်းတယ် ။ စားပြီးသောက်ပြီးပြီ ဆိုရင်တော့ မေသက်ကြည်တို့ ဇရပ်ပေါ်တက်တော့တာပဲ..။ အိမ်ကပါလာတဲ့ လ္ဘက်ကို ဇလုံကြီးနဲ့ သုတ်လို့.. ကောင်မလေးတွေဝိုင်းပြီး သူစအာတော့တာပါပဲ.....။
‘‘ ပြောရဦးမယ် အငယ်တို့ကို.. အစ်မကစေတနာနဲ့နော်.... အခုကြည့်လေ ယောင်္ကျားတွေများ မိန်းကလေးတွေ ရောက်လာပြီဆိုတာနဲ့ ရစ်ဝဲရစ်ဝဲနဲ့ တွေ့လား... သတိနော် သတိ ကိုယ်တွေက စီးပွားလာရှာတာ လမ်းတော့မမှားစေကြနဲ့.. ယောင်္ကျားဆိုတာများဟာလေ နွားရိုင်းလိုပဲ.. သူကတော့ဝင်လာမှာ.. ကိုယ်ကသိနေရင် ဘာမှကိုကြောက်စရာ မရှိတာ.. ဝင်လာစမ်းပါစေ ကိုယ်က ပညာပါပါ ရှောင်တက် တိမ်းတက်ရတယ်..။ နို့မို့ဆိုလို့ကတော့ သူတို့ရဲ့ ချိုကော့ကော့ကြီးမှာ ငြိလို့ကတော့ကွယ် မျက်ခနဲနေအောင်ကို ခံစားရမှာ... မတော်ပေါက်ပါထွက်မှာဟ (အပျိုကြီး ပီပီတင်စားတက်ပါ့) ။ အစ်မဆို ဒီလိုပဲရှောင်ရင်းတိမ်းရင်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းလာတာ ဒီအရွယ်ထိဆိုပါတော့ကွယ်။ ဟွင်းဟွင်း... ပြောပြရဦးမယ်.. အစ်မ under 30 တုန်းကဆိုရင်ကွယ် ဘော်ဒီကရေလည်ကိုလှတာ (မိုးစန္ဒာ တောင်ပျို့သလိုဖြစ်သွားသေးတယ် လ္ဘက်မျက်နှာ ကြောင့်သာ သည်းခံနေရတာနော်..)။ ရပ်ကွက်ထဲက လမ်းကျဉ်းကျဉ်းဆိုရင် အစ်မ မလျှောက်ရဲဘူး... ဘေးက ခြံစည်းရိုးတွေ အထဲကိုယိုင်ကုန်တာလေ.. ဟင်း..အင်း..အင်း.. လှမှာပေါ့ အငယ်တို့ရဲ့ အစ်မက ငယ်ငယ်ထဲကိုက ဒေါင်းတိမောင်းတိ အလုပ်လုပ်ခဲ့တာကိုး.. အစ်မတို့အမေက ဈေးရောင်းတာလေ.. အစုံရောင်းတာ.. အစ်မကိုမွေးတဲ့ နေ့ကဆို မုန့်ကြာစိရောင်းရင်း မွေးတာလေ.. အဲဒါကြောင့် အစ်မကိုရွာထဲက ကြာစိကြာစိ ဆိုပြီးပဲ ခေါ်ကြတာ အခုထိဆိုပါတော့ကွယ်... ပြောရမယ်ဆို အစ်မတို့က အမေတစ်ခု သမီးတစ်ခုပါ.. ဆင်းရဲလွန်းတော့ အစ်မတို့ မအူပင်မှာ မြင်းတွေမွေးတဲ့ ခြံကြီးထဲမှာ နေရတာပေါ့ကွယ်.. ခြံရှင်က သနားလို့ဆိုပြီးပေးနေတာလေ.. ခြံရှင်ကြီးနာမည်က ဦးမရမ်းသီးတဲ့.. အမှန်တော့ကွယ် ကုလားလို ဦးမူရမ်းတီးပါ. ဒါပေမယ့် မြန်မာတွေကတော့ ဦးမရမ်းသီးဆိုပြီးပဲ နှုတ်ကျိုးနေကြတာပေါ့..။ အဲ... သူ့မှာက သားလေးတစ်ယောက်ရှိတယ်.. အဲဒီသားလေးကို မွေးမွေးပြီးချင်းလေ သူ့အမေ ဒေါ်ဇိုနားက ရေတွင်းထဲမှာပဲ ဆုံးရှာတယ်ကွယ်... မီးတွင်းထဲမှာမဟုတ်ဘူး ဥမ္မာရဲ့ .. သူက ကလေးမွေးပြီးတော့ ရေသန့်စင်မယ်ဆိုပြီး ကိုယ်တိုင်ရေတွင်းမှာရေခပ်တာ .. အားနည်းနေတဲ့ အချိန်မလား.. အဲတော့မူးပြီးလေ တွင်းထဲကို ပြုတ်ကျပြီး အထဲမှာဆုံးရှာတာ... သိပ်သနားဖို့ကောင်းတာပဲ.. ဦးမရမ်းသီးကတော့ မိန်းမဖြစ်သူလဲဆုံး . အသက်ကြီးမှရတဲ့ကလေး သူ့ဘဝရဲ့ အလင်းလေး မီးသီးလေးပေါ့ကွယ်.. အဲဒါကြောင့် မောင်ဘတ်သီးဆိုပြီး နာမည်ပေးခဲ့တာတဲ့...။ အော် လ္ဘက်တောင်ကုန်နေပြီ .. ခိုင်ခိုင် ထပ်သုတ်လိုက်လေ.. စကားကကောင်းနေတာ’’။ မေသက်ကြည်တောင် စကားမဆုံးလိုက်ဘူး.. ခိုင်ခိုင်တို့က ထပ်တောင် သုတ်နေပြီ..။
‘‘ အဲဒီဘတ်သီးလေး ကျောင်းနေတော့ အစ်မတို့ကျောင်းမှာပဲပေါ့..။ သူကမထက်အတန်းငယ်တယ် ဒါပေမယ့် သူကမကို စိတ်ဝင်စားနေတယ်ဆိုတာတော့ မကသိတာပေါ့လေ..။ မုန့်စားဆင်းချိန်ဆို သူ့သူငယ်ချင်း ခေါက်ထီးဆိုတဲ့ တစ်ယောက်နဲ့ မတို့အထန်းရှေ့ကိုလာပြီ... ပြီးတော့ မကိုကြည့်လိုက် စမူဆာလေးစားလိုက်နဲ့ .. သူကစမူဆာတော့ သိပ်ကြိုက်တာ.. မကတော့လေ ဘဝနာခဲ့ရတဲ့လူဆိုတော့ အချစ်ရေးထက်ကြီးပွားချင်စိတ်ပဲ ရှိတော့ မသိမလိုပဲနေ နေတာ..။ နောက်ပြီးတော့ အမေကလဲသွန်သင်.. အစ်မကလဲ အသိရှိ.. ပြောရမယ်ဆို အသိ.. သတိပေါ့နော်... ။ နေလာတာတော့ တစ်ကယ့် ဗိုင်းကောင်းကျောက်ဖိပဲ.. အစ်မဗိုင်းဆိုကောင်းလါန်းတော့ ဖိထားတဲ့ကျောက်တောင် လွင့်ထွက်တယ် .. အဟတ်ဟတ်.. ဟင်းဟင်း..။ ဒါပေမယ့်လဲ ကျောင်းပိတ်ချိန်ဆိုရင် ခြံထဲမှာက ဆော့စရာအဖော်ဆိုလို့ သူတစ်ယောက်ပဲရှိတာမလား.. သူကတော့ ယောင်္ကျားလေးပီပီ စစ်တိုက်တာတွေ ဘာတွေဆော့ချင်ရှာပေမယ့် မအကြိုက် ဟင်းချက်တိုင်းတို့ဘာတို့ မိန်းကလေးကစားတာတွေ ကိုပဲလိုက်ဆော့ရှာတာပါလေ.. အဲဒါတွေကို အဲဒီတုန်းကအမိုက်မက နားမလည်ခဲ့ဘူးလေ..။ ခွင့်လွတ်ပါ ဘတ်သီးရယ်..............။
ဒီလိုနဲ့နေလာကြတာ သူလေအလယ်တန်းရောက်တော့ အကောင်ကမျက်စိရှေ့မှာတင် ထွားလာလိုက်တာ...။ အရင်လိုလဲ ပေစုတ်စုတ် မနေတော့ဘူး သိလား..။ အစ်မတို့အမေကတော့ လူကြီးပီပီ သိတာပေါ့... အစ်မကို ဆုံးမတယ်.. ‘‘ သမီး ’’ ‘‘ဘတ်သီးက အရင်လိုမဟုတ်တော့ဘူးနော်... တော်တော်ထွားလာ တယ်.. ညည်းလဲ အပျိုဖြစ်နေပြီဆိုတော့ နောက်ကို ဘတ်သီးနဲ့ သိပ်မဆော့နဲ့ ကြားလား’’ တဲ့...။ အေး... အဲဒီနေ့ကပေါ့ အစ်မက အမေကလဲမှာထား ပြီးတော့ အစ်မကိုယ်တိုင်ကလဲ ဟိုလေ..မအီမသာ ဖြစ်နေချိန် ဘာမှ ကိုမလုပ်ချင်တာနဲ့ အိမ်ရှေ့က ညောင်မြစ်ကြီးပေါ် ထိုင်ရင်းစိတ်တွေ လွင့်နေချိန်မှာ... ဘတ်သီးက သူ့အဖေကို မြင်းစာကူကျွေးပြီးတော့ ခါတိုင်းလိုဆော့ဖို့ မစီကိုရောက်လာတယ်..။ ပြီးတော့လေ ‘ ဟဲ့ စိစိ ဆော့မယ်လေဟာ’ အစ်မကတော့ စိတ်မပါတာနဲ့ ‘ ငါမဆော့ချင်ဘူးဟာ.. ငါသိပ်နေမကောင်းဘူး’ .. အဲလိုပြောလိုက်တော့ သူ့မျက်နှာလေး ငယ်သွားပြီးတော့လေ ‘ဟာ .. ဘာလဲ.. ဘတ်သီးက စိစိ ဆော့တာပဲ လိုက်ဆော့မှာပါ’ တဲ့။ အစ်မလဲ စိတ်ကအလိုလိုတိုနေတာနဲ့ ‘ မဆော့ဘူး ဘာမှကိုမဆော့ချင်တာ ငါ့ဟာငါ နေပါရစေ သွားပါတော့’ ဆိုပြီးနှင်ထုတ်မိတယ်။ အဲဒါကို ထွက်မသွားပဲ ပေကပ်ကပ်နဲ့ မနားကိုလာထိုင်ပြီး ဘာမှမပြောပဲ ငိုင်နေတယ် သိလား.... မကထပ်ပြီးတော့ ‘သွားပါတော့ ဘတ်သီးရယ် .. ငါတကယ်မဆော့ချင်လို့ပါ.. ဒီမယ်.. စိစိနဲ့ ဆော့ရမှ မဟုတ်ပါဘူး.. ဘတ်သီးဘာသာ ဘတ်သီးကစားလဲ ကောင်းပါတယ်. နော်.. သွားပါတော့နော်...’’ ။ အဲလို ခပ်မာမာ ပြောတော့ သူက အင်းပါ တဲ့.. နည်းနည်းတော့ မကိုစိတ်ခုသွားပုံရတယ်.. ဘာမှမပြောပဲနဲ့ မြင်းတွေလွှတ်ထားတဲ့ လယ်ကွင်းဘက်ကို ငေးနေတော့တာလား... ပြီးတော့လေ တစ်ခုခုကို သတိရသွားသလိုနဲ့ မရဲ့လက်ကို လာဆွဲပြီး ‘ဟုတ်ပီဟုတ်ပီ လာလာ စိစိ သတိရပြီ’ တဲ့.။ မ ကတော့ဒေါသတွေအရမ်းထွက်ပြီးတော့ ဘာလဲ ဆိုပြီးမေးတော့ .. သူကလေ မြင်းတွေထားတဲ့ လယ်ကွင်းဘက်ကို လက်ညှိုးထိုးပြီး ‘လာစမ်းပါ ငါတို့တွေ မြင်းလုပ်စီးရအောင် လာ လာ’ တဲ့..။ အငယ်တို့ရယ် ဘာရယ်မှန်းတော့ မသိဘူး အဲဒီအချိန်မှာလေ မရဲ့ တင်းအိနုထွေး ပါးပြင်လေးပေါ်မှာ ရှက်သွေးတွေ ရဲခနဲပေါ့ကွယ်...။ သူမို့လို့ အစ်မကို ဒီလိုပြောရဲတယ်... မကလေ သူ့ကို လက်ညှိုး ငေါက်ငေါက် ထိုးရင်း ‘ ဘတ်သီးနော် နင့်ကိုခင်လို့ သည်းခံနေတာ နင်မရိုင်းနဲ့’ ‘ဟာ စိစိ ငါကဘာပြောလို့လဲ မြင်းလုပ်စီးဖို့ ခေါ်တဲ့ဟာကို စိစိကလဲ ’ .. ‘တော်တော့.. နင်ပြောလေဆိုးလေပါလား.. ကဲဟယ် ကဲဟယ်’ ဆိုပြီးသူ့ကို တဖုတ်ဖုတ် ရိုက်ပြီး အိမ်ဘက်ကိုပြန်ပြေးလာတော့တာပါပဲ..။ သူကတော့ ဘာမှနားမလည်သလို မကိုကြည့်ရင်းကျန်ခဲ့ တာပါပဲကွယ်..။ အိမ်ထဲရောက်တာနဲ့ မလဲ ကြမ်းပြင်ပေါ်မှောက်ပြီး ငိုတော့တာပါပဲ.. ခဏနေတော့လေ အသံတွေကြားလို့ ထရံပေါက်ကနေ ချောင်းကြည့်တော့ သူလေ.. ထန်းပလတ်ပြားလေးကို ထိပ်မှာ မြင်းခေါင်းပုံစံလေး ချိုး တက်ခွပြီးတော့ ပါးစပ်ကလဲ တက်ကလောက် တက်ကလောက် နဲ့ အော်ပြီးတော့ အိမ်ရှေ့ကနေဖြတ်စီးသွားတာ... ေဩာ်... ဘတ်သီးရယ် နင်ဟာလေ တကယ် ကလေးလေး.. လူရိုးလေးပါလားဟယ်.. သိပ်ကိုရိုးသားပါတယ်.......။
သူ့အကြောင်းပြောနေရတာနဲ့ အမေ့အကြောင်းတောင်မပြောရသေးဘူး။ အမေကလေ အများအားဖြင့်တော့ ညဘက်ကို ဈေးရောင်းထွက်တယ်.. ညဆိုရင်တော့ အမလဲ လိုက်ကူရောင်းရတာပေါ့....။ အမေကမုန့်ပေါင်းရောင်းတာလေ.. အံမယ် အမေ့မုန့်ပေါင်းက နာမည်ကြီးနော်... ပြီးတော့ အမေက အလုပ်လုပ်တာ သိပ်မြန်သိပ်လျှပ်တာ.. လမ်းဘေးမှာ ဆိုင်လေးခင်း.. မုန့်ပေါင်းအိုးလေးတည် လို့ ဆန်မှုန့်ခြစ်နေပြီ ဆိုရင်ဘယ်သူမှမကြည့်ပဲကိုမနေနိုင်တာ... ဗျက်ဗျက် ဗျက်ဗျက်နဲ့ အခုခေတ် ချစ်စမ်းမောင်ကြီး ပလက်ကင်ကုတ်သလိုပ...၊ အဲ.. အိုးလေးက ပွက်လာလို့ ပလုပ်ပလုပ်မြည်လာရင်တော့ အုပ်ထားတဲ့ အဝတ်လေး ကိုသာလှန်လိုက် အမေ့မုန့်ပေါင်းက လူတိုင်းသားရည်ကျ ကြတာလား... အမေ့အသိ ဟို ဂေါပကလူကြီး ဦးသက်ထွဋ်အောင် ဆိုရင်လေ တစ်အားကိုကြိုက်တာ.. ဘာတဲ့ ‘ ခင်စန်းကြည် မုန့်ပေါင်း အငွေ့တထောင်းထောင်း စားလို့အလွန်ကောင်း ’ အေး... အဲဒီငါးလုံးစပ် ကဗျာလေးရွတ်ပြီးတော့ကိုလာတာ....။ ပြီးတော့ မကိုကြည့်ပြီးလေ ‘ ဟဲ့ ခင်စန်းကြည် နင်ကအခု မုန့်ကြာစိ ရောင်းတော့တာမှမဟုတ်တာ အဲဒီတော့ နင့်သမီးကို ကြာစိလို့မခေါ်နဲ့တော့လေ.. ပေါင်းပေါင်းစိလို့ ခေါ်မယ်ဟာ’ တဲ့..။ ပြောနေပုံကိုက စောင်းစောင်းကြီး . အစ်မလဲ ဒေါသထွက်တာနဲ့ မီးညှပ်ကြီးပြေးဆွဲတော့ ရူးသလိုပေါသလိုနဲ့ ခုဏက ကဗျာလေးရွတ်ပြီး ပြန်သွားတော့တယ်.. ။ အမေပြောပုံအရတော့ သူကအရင်ကလမ်းလူကြီးတဲ့ (ဒဲ့ ဖတ်ရန်) .. တော်တော်ကြမ်းတယ်ပြောတာပဲ.. အခုမှသာ ဂေါပကလူကြီးလုပ် နေတာလေ.. အဲလိုပေါ့ အငယ်တို့ရယ် ငွေမရှိတော့ လူတစ်ကာက ထိပါးချင်ကြတာ... မက အနေမှန်လို့သာပေါ့...............။
ေဩာ်....... ဒါနဲ့ မေ့လို့... မေ့လို့.. ဟိုလူရိုးလေး ဘတ်သီးကလေ ဘောလုံးကန်တာတော့ တစ်ကယ်ကောင်းတာကွယ် .. ဟိုတစ်ခါထဲက အစ်မက သူ့ကိုစိတ်တိုပြီးချိန်ကစလို့ သနားစိတ်လေးတော့ ဝင်မိပါတယ်လေ..။ လွတ်လပ်ရေးနေ့ အားကစားပွဲတွေလုပ်တော့ သူကန်တဲ့ ပွဲကိုလိုက်အားပေးဖို့ မကိုလေသူ လာပြောတယ်.... မလဲသနားတာနဲ့လေ လိုက်ပြီးအားပေးတာပေါ့ကွယ်.... အမယ်လေး ... ယောင်္ကျားတွေ ဘောလုံးကန်တာများ ကြောက်ဖို့ကောင်းလိုက်တာဟယ်... ဘတ်သီးကတော့လေ အင်္ဂလန်ရှေ့တန်းက ဒီဖိုးလေး လိုပဲ.. ကစားတာသိပ်မြန်တာ.. ဟို ဂေါပကလူကြီးက ဘတ်သီးအဖေနဲ့ မတည့်တာနဲ့ ဘတ်သီးတို့အသင်းကို အားမပေးဘူးသိလား.. ပြီးတော့ အဲလူကြီးကလေ ‘ ဘတ်သီးကို ကာထားဟေ့ မလွတ်စေနဲ့နော်... ဘတ်သီးကို ညှပ်ထားဟေ့ ’ ဆိုပြီး လှိမ့်အော်နေတာ သူ့အသံကြီးပဲ.....။ ဦးမရမ်းသီးကလဲလေ ဘတ်သီးများဘောလုံးဆွဲသွား လို့ကတော့ ‘ ဟရေးဟရေး... နာ့တား နာ့တားကွ ’ ဆိုပြီး အားကျမခံပြန်အော်တာပေါ့...။ အနိုင်အရှုံးကလဲ မပေါ်သေး ပွဲကလဲပြီးခါနီးလာလေ ပိုကြမ်းလာတော့ မ လဲမကြည့်ရဲတာနဲ့ မျက်လုံးမှိတ်ထားမိတယ်..။ ပရိတ်သတ်တွေကလဲလေ ‘ ဟာ ဘတ်သီးကိုဆွဲတယ်.. ဟေး.. ဒိုင်ဘာလုပ်နေတာလဲကွ ’ ‘အချိန်မရှိဘူး ဘတ်သီးရေ ကိုင်မကစားနဲ့ဟ လှုပ်ကစား လှုပ်ကစားပါကွ’ ။ ဂေါပကလူကြီးကလဲ သူ့လူတွေကိုလေ ‘ ဟေ့ကောင်တွေ ဘတ်သီးကို လွတ်မထားနဲ့ နှစ်ယောက်ကပ်ထား.. သူ့ကိုကိုင်ထားရင် ဘာမှမလုပ်နိုင်ဘူးကွ ခက်တာပဲကွာ..’ ။ အဲလိုမျိုးတွေ ဆူညံနေတာပါပဲ.. တစ်ခါတော့ ဘတ်သီးကဆွဲအပြေး သူ့ကိုဆွဲထားလို့ လဲပြီး ခေါင်းမှာ သွေးတောင်စို့လာတယ်ဆိုရင်လေ ဦးမရမ်းသီးက ‘ဟရေး ဘတ်သီးကိုဆွဲတာ ခေါင်းကသွေးတောင် ထွက်လာပြီ .. ဟေ့ရောင် ဒိုင် မမြင်ဘူးလား.. ဘတ်သီးပေးရမှာ အဲလေ ပိန္နဲသီးပေးရမှာကွ ’.. ဒါပေမယ့် ဒိုင်ကဘာမှမပေးတော့ ‘ အေးပါ အေးပါ လုပ်ထား.. ငါ့ကောင်အကြောင်း ငါသိတယ်.. ဘတ်သီးတင်းလာလို့ ကတော့မလွယ်ဘူး .. ဘတ်သီးတင်းလာလို့ကတော့ မလွယ်ဘူးဟေးးးး ’ ဆိုပြီးလှိမ့်အော်တာ အနားက ဟိုဂေါပကလူကြီးတောင် ယောင်ပြီး ‘ ဘတ်သီး တင်းလာပြီတဲ့ဟေး... မရတော့ဘူး’ အဲလိုယောင်ပြီးတောင် အော်မိသေးတယ်.. အစ်မပြောသားပဲ ဘတ်သီးက ဒီဖိုးလိုပါပဲဆို နောက်ဆုံးတစ်မိနစ် ကျန်တော့မှသွင်းတာလေ ဂိုးလဲဝင်ရောဟယ် အော်လိုက်ကြတာ အဲတော့မှ မ လဲမျက်လုံးဖွင့်ရဲတော့တယ်။ ဘတ်သီးက အကျီ် ချွတ်ပြီးတော့ အောင်ပွဲခံချင်တာ.. ဒါပေမယ့်လေ သူတို့အသင်းက နဂိုထဲက အကျီၤမပါတဲ့ အသင်း.. ဗလာအသင်းလေ.. အဲတော့ လက်လေးနှစ်ဘက်ကို ဆန့်ပြီးတော့ ပြေးတာ.. ကွင်းကိုပတ်ပြေးတာ သူ့ကိုဂုဏ်ပြု မယ့်အသင်းသားတွေတောင် လိုက်လို့မမှီဘူးလေ.. ပြီးတော့ ကောင်းကင်ပေါ်ကို လက်ညိုးလေးထောင်ထိုးပြီး thank လို့ပြောသေးတာ.. နောက်တော့သတိရသလိုနဲ့ မဘက်ကိုလေ တုန်တုန်တုန်တုန်နဲ့ ပြေးလာပြီး မကို လက်ညိုးနှစ်ချောင်းစုံထိုးလို့ သူ့ရင်ဘတ်မဲမဲကြီးကို တဖတ်ဖတ်နဲ့ ပုတ်ပြသွားတော့ မ လေလူတွေကြားထဲ ရှက်လိုက်တာပြောမနေပါနဲ့တော့.................။
အဲဒီညကလေ လကလေးကလဲသာနေတော့ အစ်မလဲပျင်းပျင်းရှိတာနဲ့ အိမ်ရှေ့ထွက်ထိုင် နေတုန်း ဘတ်သီးရောက်လာတယ်...။ မသိစိတ်ကတော့ သူ့ကိုမျှော်နေမိတာပေါ့လေ... ခဏနေတော့ သူရောက်လာတယ် အံမယ် ပလွေလေးတစ်ချောင်းတောင် ခါးမှာထိုးလို့.. သူကလဲ မ ကိုပြုံးပြတော့ မ ကလဲ ပြန်ပြုံးပြတာပေါ့.. နှစ်ယောက်သား ဘာမှမပြောပဲ ငြိမ်နေတာ မြင်းဇောင်းဘက်က မြင်းတစ်ကောင် ထဟီတော့ လန့်သွားတာ နှစ်ယောက်သား ပြိုင်တူရယ်ရသေးတယ်... ပြီးတော့ သူကမရဲတရဲနဲ့ ‘ စိစိ နေ့လည်က ဘတ်သီး ကစားတာကောင်းလားတဲ့ ’ မ ကလဲ ခေါင်းလေးငုံပြီး အင်း လို့ပြောတော့ သူ့သွားစွယ်လေးတွေ ပေါ်အောင်ပြုံးပြီး ‘ တို့ .. အရင်လိုလဲ မကစားချင်တော့ဘူးဟာ ဒါကြောင့် သီချင်းဆိုမလို့ ပလွေယူလာတယ်’ ‘ ဟင်.. နင်ကလဲ နင်ကမှုတ်နေရင်း ဘယ်လိုသီချင်းဆိုမှာလဲလို့ မ ကမေးတော့... ‘ အော် .. စိစိ ဆိုလေ ငါကမှုတ်ပေးမယ်’ တဲ့.... မ ကလဲ ပြန်ပြီးတော့ ‘ ဟာ ငါမဆိုတက်ပါဘူး.. ဒါနဲ့ နေပါဦး နင်ကပလွေ မှုတ်တက်လို့လား.. တစ်ခါမှမမြင်ဖူးပါဘူး.. လို့ မ ကမေးတော့ သူကပြုံးရင်း ‘ အပါးသင်ပေးထားတာလေ.. အပါးကဆရာကြီး.. ဒီမှာသေချာကြည့် ဒါကလေ ဗမာပလွေ မဟုတ်ဘူး ကုလားပလွေဟ.. ပိုရှည်တယ်. အပေါက်ပိုများတယ်. အဲတော့ လက်ကွက်ပိုစိပ်ရတာ်လေ. အိန္ဒိယမှာတောင် သေချာတက်တဲ့ လူသိပ်မရှိတော့ဘူး.. အထက်တန်းကျတယ်.. အရင်ကဆို မဟာရာဂျာတွေကို ဖျော်ဖြေရတာ.. အပါးက အဲဒီအနွယ်လေ .. စသင်ခါစဆိုရင် အပါးက အခြေခံလောက်ပဲ ပြတာဟ..ငါကလေ အတွန့်လေး အတက်လေးနဲ့ မှုတ်ပြတော့ အပါးကငါ့ကိုလေ..‘ မင်းကတော့ ပါရမီရှင်ပဲကွ... ဝမ်းသာတယ်ဟေ့... ရိုးရာကိုထိန်းကွ ငါ့သားရ.. ကိုယ့်လူမျိုးတွေက ကိုယ့်ရိုးရာကို သိပ်တန်ဖိုးမထားချင်ကြဘူး.. အဖြူကောင်တွေဆို သိပ်ကြိုက်တာ.. မျက်လုံးလေးမှေးပြီး ခံစားတာများကွာ.. သားရေ... တက်လို့ကတော့ ထမင်းမငတ်တော့ဘူးဟ..’ ဆိုပြီးတော့ပြောဖူးတယ်စိစိရဲ့......။ ‘ကဲပါ စိစိ နားထောင်ကြည့်နော် ’ ဆိုပြီး သံစဉ်လေးတစ်ခုကို ချွဲချွဲလေး မှုတ်ပြတယ်... အင်းလေ... မ ကသံစဉ်ကိုကြားဖူးတယ်ထင်နေတာ... သံစဉ်ဆုံးတော့ သူကအမှုတ်ရပ်ပြီး စဆိုတာလား.. ‘ ကျွန်တော်ကြိုက်တဲ့ နံပြားကို မနက်မိုးလင်းတိုင်း................... ’ ။ ကြည့် .. လုပ်ပြီ.. အရင်အမေ နံပြားရောင်းတုန်းက မနက်ဆိုရင် သူ့ဖို့ မ က နံပြားတစ်ချပ်ယူသွားပေးတာကို သူပြောချင်တာ.. ဟွန်း ဒီက သူ နွားနို့တိုက်လို့ သဘောရိုးနဲ့ ယူသွားတာပါနော်.. သူကဘာတွေတွေးနေမှန်း ကိုမသိဘူး... သူလေ တစ်ကယ် မရိုးတော့ဘူးသိလား... အဲဒီညက သူလဲပြန် မ လဲအပြန် မ ဆိုနေမိတာဘာတဲ့.. ‘ ကိုကို မှုတ်ပေါ့ကွယ် ဘာဂျာလေးရှိတယ်.. ကိုကိုမှုတ်ဖို့ကွယ် ဘာဂျာလေးရှိတယ်.....’ ဟယ်.. ဘာလဲဟယ်.. အို .. ကိုသန်ရာသန်ရာပေါ့နော်.. သွား.. ကလဆိုးလေး .. ဘာမှန်းကိုမသိဘူး.. ခစ်ခစ်.......။ ေဩာ်. စကားတွေကောင်း နေလိုက်တာ အငယ်တို့ အိပ်ချင်နေကြရောပေါ့....’ စကားတောင်မဆုံးလိုက်ဘူး အားလုံး တဖုတ်ဖုတ်နဲ့ ကိုယ့်အိပ်ယာပေါ်ကိုယ် ပြေးကြတာ.. အားနာလို့သာ နားထောင်နေကြရတာလေ.. ဘေးခန်းကနေပြီးတော့ နားထောင်နေတဲ့ ငပျင်းတို့တောင် နောက်နေ့တော်တော်နဲ့ ကိုမထနိုင်ဘူး............။
ဒီလိုနဲ့ တစ်လလောက်တောင် မကြာသေးဘူး အသံတွေကြားနေရပြန်ပြီ..။ ‘ ဟာမတွေ ဟာမတွေနော် အဝတ်တွေလှန်းတာ ရေတွေကို သေချာမညှစ်ဘူး... အောက်က ငါ့ ဟာတွေစိုကုန်ပြီ..။ ဟဲ့ ငါ့ပုံး ကိုဘယ်သူအဝတ်တွေစိမ်ထားတာလဲ.. စိမ်ထားရင်လဲမြန်မြန်လျှော်ဟေ့.. ရေချိုးတာမြန်မြန် ချိုးဟေ့ .. မြန်မာပြည်က ပါလာတဲ့ ဂျီးတွေအခုမှချွှတ်မနေကြနဲ့.... ပတ်ဝန်းကျင်ကို အားနာဦးဟေ့ မိုးချုပ်နေပြီ မီးပိတ်မယ်.’ စသဖြင့်ပေါ့လေ.. မိန်းမတွေထုံးစံ အတိုင်း မနက်ကနေ ည အိပ်တဲ့အချိန်ထိ ရန်ဖြစ်နေကြတာ... ယောင်္ကျားတွေ ဆိုရင်တော့ မကျေနပ်ရင် ထိုးကြကြိတ်လိုက်ရင် ပြီးပြီ.. အခုဟာကတော့ မိန်းမတွေပီပီ စောင်းမြောင်းပြောဆိုနေ ကြတာ မေသက်ကြည်က အဆိုးဆုံးပေါ့...။ ‘ ကိုယ့်ညီမလောက်ရှိတဲ့ အရွယ်တွေကအခုတော့ ပြန်ခံပြောနေကြပြီပေါ့...။ အေးလေ.. ပုန်ကန်တော့မှာပေါ့.. အားကိုးတွေ လင်တွေ လင်တွေ ကိုယ်စီရနေကြပြီကိုး ငါကတော့ မနေနိုင်လို့ ပြောမိပါတယ်.. အကောင်းကိုမထင်ကြဘူး... ’’။ အဲလိုနဲ့ မေသက်ကြည်တို့ အဖွဲ့ ရယ် ရောက်စကထဲက ငြိမ်နေတဲ့ အိမွန်သန့် တို့အဖွဲ့ရယ်ဆိုပြီး နှစ်ခြမ်းကွဲသွားလိုက်တာ အိုးတောင်ခွဲစားနေကြရော. အိမွန်သန့် ဆိုတာလည်း အင်းစိန်ကိုခါးစောင်းတင်လာ ပြောလို့ကတော့ မပြောခင်ကထဲက နှုတ်ခမ်းကို တွန့်လိုက် တက်လိုက်နဲ့ သူမို့လုပ်တက်ပါပေ့... မေသက်ကြည်ရင်နာတာတစ်ခုကတော့ လ္ဘက်တွေနင်းကန် စားပြီးမှ ဟိုဘက်ကိုပါသွားတဲ့ ထူးကြီးနဲ့ ဥမ္မာ ကိုသိပ်တင်းတာ.. ဒါပေမယ့် သူ့လူ မိုးစန္ဒာနဲ့ ကတော့ အတိုင်အဖောက် သိပ်ညီတာ.. ကြည့်လေ ‘ မိုးလေးရေ ကျည်ပွေ့ ဘယ်ရောက်နေလဲကွယ် လိုရင်ရှာရပြီ’ ဒါမျိုးမေးတယ်ဆိုရင် မိုးလေးတို့က နပ်ပါ့... ‘ ေဩာ်.. အစ်မရယ် ဟိုကောင်မတွေ ဖြစ်မှာပေါ့... ညကသူတို့ အာနိုး ကားကြည့်တာတော့ တွေ့သား’ တွေ့လား မဆီမဆိုင်ကိုနှိပ်ကွပ်တာနော်....။ အိမွန်သန့်တို့လား ကျည်ပွေ့လောက် များသနားသေးတယ် ပြောချင်တာသာပြော ဟိုဘက်ကနေ ဒီဘက်တောင် စောင်းပြီးအိပ်နေလိုက်သေးတယ်...။ အဲဒါဆိုရင်လဲ မေသက်ကြည်က သူ့ကိုရွဲ့ ပြပါတယ် ဆိုပြီးတော့ ပြဿနာ ရှာသေးတာ.. ပြီးတော့ ပြောသေးတယ် မိုးလေးရယ်သူကမာနိုင်မှာပေါ့ ဟို ... ပီချေးလို့ ခေါ်ခေါ်နေတဲ့ ချမ်းကျော်ဆိုတဲ့ ကောင်နဲ့ ကြိုက်နေတာလေ.. သူပြောနေတာ မကြားဘူးလား.. ‘ ကိုချမ်းက မဲသာမဲတာ မခြောက်ဘူး.. မဲမဲစိုစို လေး.. သူ့ကိုဆိုသူ့ သဌေးက အရမ်းချစ်တာ’... ဆိုပြီးတော့ပြောပြောနေတာ အစ်မ မကြားဘူလား..။ ဟုတ်တော့ ဟုတ်တယ် .. ချမ်းကျော်ကို သူ့ သဌေးကချစ်တယ်ဆိုတာ ငပျင်းတို့ အသိပေါ့လေ.. ဒါပေမယ့် ချမ်းကျော် ပြောပြောနေတာကတော့ ‘ အားမကျပါနဲ့ကွာ... ငါ့မှာ ညဘက် ခါးတောင်းကျိုက်ပြီး အိပ်တာတောင် အိမ်မက်ဆိုး တွေမက်တယ်ကွ’ ဆိုပြီးတော့ ပြောနေတာတော့ ကြားမိသား...............။
တစ်ရက်တော့ မေသက်ကြည် ဈေးကပြန်လာတော့ မိုးလေး.. မိုးလေးရေ ဆိုပြီးတော့ကို အရေးတစ်ကြီးပြန်လာတာ .. မိုလေးကလဲ ပျာပျာသလဲ ထွက်လာပြီး ‘ အစ်မ ဘာဖြစ်လို့လဲ.. ’ မေးတော့ ‘ ဟဲ့ ငါအခုလေ ဈေးထဲမှာ ဟိုအမွှာ ညီအစ်ကို နှစ်ယောက်ထဲက အငယ်ကောင် မျိုးလင်းနဲ့ တွေ့တယ်.. အဲဒါသူကလေ နင့်ကိုမေးတော့ ပိုက်ဆံမရှိတော့လို့ ဈေးတောင်မလိုက်လာပါဘူး ဆိုပြီးငါက ပြောလိုက်တော့ နင်စားဖို့ ချဉ်ပေါင်တစ်စည်း ဝယ်ပေးလိုက်တယ်.. အဲ ပြောသေးတယ် ဝမ်းမှန်တယ်ဆိုလားပဲ... အဲဒီတော့ မိုးလေးလဲ ရင်ဘတ်ကိုဖိလို့ ‘ အဲဒါအစ်မက ယူလာလား’ မေးတော့ ‘အေးပေါ့ ယူလာတာပေါ့ နေပါဦး ငါမေးပရစေဦး..... နင်မျိုးလင်း (ဒဲ့နော်) ကိုကြိုက်လား’ တဲ့..။ ‘ အာ... ပေါက်ကရတွေ အစ်မကလဲ သမီးက သူ့ကိုလုံးဝကြည့်ရတာ မဟုတ်ဘူး.. မျက်နှာကို ခပ်ရှည်ရှည် မြင်းမျက်နှာနဲ့... ’ ။ ‘ ထားပါလေ ဒါဆို သူ့အစ်ကို မျိုးသင်းကိုကော ငါ့ညီမ ’ ‘တော်ပါတော့ အစ်မရယ် သူလဲဘာထူးမှာလဲ... ကောင်မလေးတွေနဲ့များ စကားပြောလို့ရယ်ရင်ကိုက မြင်းဟီသံ ကြီးနဲ့ လုံးဝ ခံစားလို့ကိုမရဘူး အစ်မရယ်’... ။ ဒီတော့ မေသက်ကြည်ကလေ စိတ်လျော့သွားတဲ့ ပုံစံနဲ့ ‘ ဟုတ်ပါပြီလေ... ဒါဆို အခု ညီမကဘယ်သူလဲ ပြောနော်... ပြောပြော မရဘူး... အံမယ် ရှက်မနေပါနဲ့ ဘယ်သူလဲ ပြောစမ်းပါ... ’။ မိုးလေးကတော့လေ ရှက်စနိုးလေးနဲ့ ခေါင်းငုံ့ပြီးတော့ ‘ ဟို တရုတ်ဆိုင်မှာ လုပ်တဲ့ အစ်ကိုကြီးလေ.. အသားဖြူဖြူနဲ့ ပေါ့.. ညီမကအဖြေတော့ မပေးရသေးပါဘူး.. ဒါပေမယ့် လက်ခံဖို့တော့ စဉ်းစား ထားတယ်...’ ။ ဒီတော့ မေသက်ကြည်ကလေ အံဩ သွားတဲ့ ပုံစံလေးနဲ့ ‘ အော်သိပြီ..သိပြီ.... ဟဲ့ မဆိုးပါဘူး...ဒါနဲ့ သူ့နာမည်ကကော ဘယ်သူတဲ့လဲ....’ ‘ အင်း.... သူ့နာမည်ကလေ ကိုတိုးလတ်တဲ့ အစ်မရဲ့....’..။ အေးးး.... ပြီးရော .. ကောင်းပါတယ် ဒီအထဲကကို မလွတ်နိုင်တော့ပါဘူး မိုးလေးရယ်........။
သူများတစ်က အတွဲလေးတွေ တစ်ရမ်းရမ်းနဲ့ ကြည်နူးနေတာတွေ တွေ့ရတာများလာတော့ မေသက်ကြည် ပိုအထီးကျန်လာသလိုခံစားမိနေတယ်။ တစ်ကယ်ပါ... တစ်ရက်တော့လေ.. မေသက်ကြည် အိမ်ရှေ့ထွက်ပြီး ဟိုဒီငေးနေချိန် ခုနှစ်လွာကိုကြည် ကလဲ အရိုးအရင်းလေး ရှာနေချိန် တည့်တည့်တိုးတာပဲ..။ ပြီးတော့ ကိုကြည်ကလေ ရီဝေဝေ မျက်လုံးတွေနဲ့ ကြည့်သွားသေးတာ။ ပြီးတော့ ချက်ချင်းထွက်မသွားသေးပဲ မျက်စောင်းထိုးက ထရန်စဖော်မာပုံးကြီးကို မှီလို့.... မေသက်ကြည် မျက်လုံးထဲမှာတော့လေ တစ်ကယ်ပါ ရီဝေယံလေးကြနေတာပါပဲ...။ အမှန်တော့ ကိုကြည်က ရီဝေရုံတင်မကဘူး လဲတော့မှာမို့လို့ ပုံးကြီးကို ကျောထောက်နောက်ခံ ပြုလို့ အားယူနေတာလေ...။ မေသက်ကြည်တို့က ဒါမျိုးဆို နပ်တာပေါ့ .. ကိုကြည့် ကိုပဲကျွေးမယ် ဆိုပြီး သက်မွန်မြင့် လိုခြေလှမ်းလေးနဲ့ ကိုကြည့်ရှေ့ကနေ ဖြတ်လျှောက်သွားတာများဗျာ...။ သူ့ရဲ့ တင်ပြားကြီး (ပျဉ်ပြားကြီး လိုမို့လို့နော်) ကို လှုပ်လီလှုပ်လဲ့ နဲ့ ... ဟိုဗျာ.... စရွေးရော ပတ္တာရော ချောင်နေတဲ့ ဈေးအိမ်သာတံခါးကြီး နှစ်ချပ် လေတိုက်လို့ ရမ်းသလို ဂျောက်ဂျောက်.. ဂျောက်ဂျောက်နဲ့ ပေါ့...။ အဲဒါကို မြင်မှ ကကိုကြည်တောင် မမူးသေးမှန်းသူ့ကိုယ်သူ သိတော့တယ်..။ မေသက်ကြည် အိမ်ထဲပြန်ဝင်လာတော့ အစအဆုံး အကဲခတ်နေတဲ့ မိုးလေးက မေသက်ကြည်ကို ‘ အစ်မ အဲဒါက ဘယ်သူလဲဟင်... ’ ။ ‘ ေဩာ်.. မိုးလေးရယ် မိန်းကလေးတွေက အများအားဖြင့် မစားကောင်းတဲ့ အသီးဆိုပြီး သတ်မှတ်ထားတဲ့ ကိုကြည်ပေါ့.. ခုနှစ်လွှာ ကိုကြည်ပေါ့... ။’ ‘ ရှန်.......... ဘာဖြစ်တယ် ခုနှစ်လွှာ ကိုကြည် .. သူ့ရုပ်ကြီးနဲ့ ခုနှစ်လွှာ အက ကတယ်.. ရွံစရာကြီး... ’။ ‘ အာာာာ .... မဟုတ်ဘူးလေ.. ကိုကြည်က နှစ်ယောက်ရှိတော့ လူတွေကသူ့ကို အရက်သမားကိုကြည်လို့ ခေါ်တာကိုမကြိုက်ဘူး.. အဲ .. သူနေတာက ခုနှစ်လွှာမှာဆိုတော့ သူ့ကိုယ်သူ ခုနှစ်လွှာ ကိုကြည်ဆိုပြီးတော့ ပေးထားတာလေ.. သနားစရာလေးပါဟယ်.... ’။ အော်.... မိန်းမတွေများ ကြိုက်ချင်တော့လဲသူ အမျိုးမျိုးကို တက်နိုင်ပါပေတယ် တစ်ကယ်ပါ...။
တစ်ရက်တော့ မိန်းကလေးတွေ အားလုံးအလုပ်ဆင်းနေချိန် ညပိုင်းပေါ့နော်.. ငပျင်းတို့ ဘေးခန်းကို တံခါးခေါက်သံ ကြားရတာ... ကိုကြည်လေ.. တံခါးဘောင် ကို မှီလို့အားပြုပြီး ခေါက်နေတာ... အထဲမှာဘယ်သူရှိလို့လဲ တွေးနေတုန်း တံခါးပွင့်လာပြီးတော့ မေသက်ကြည်ထွက်လာတယ်လေ.. ကိုကြည်ကိုတွေ့တော့ အံ့အားသင့်သွားတယ်.. ကိုကြည်ကလဲ ဝတ်ကောင်းစားလှတွေ ဝတ်ထားတော့ မေသက်ကြည် စိတ်ထဲမှာတော့ နတ်သားလေးလို လှနေတာပေါ့လေ.. ငပျင်းတို့ အမြင်မှာတော့ ခုံဖိနပ်စုတ်ကို ရွှေချထားသလိုမျိုးကြီးဗျ .... ပြီး မေသက်ကြည်ကလေ အောက်နှုတ်ခမ်းလေး ကိုကိုက်ပြီးတော့ ‘ ဟို မ ကလေ ဒီနေ့နေမကောင်းတာနဲ့ အလုပ်မဆင်းဘူး ... မောင်လေးဘာပြောချင်လို့လဲဟင်...’ ဆိုပြီး နွဲ့တဲ့တဲ့လေး ပြောတော့ ... ကိုကြည်က သူ့ရဲ့ အဆီပြန်နေတဲ့ မျက်နှာကြီးကို တစ်ချက်ပွတ်လိုက်ပြီး ‘ ဟို.. ဟိုလေ.. မိုးလေးက ဖုံးဆက်ပြီးတော့ ပြောတယ်.. သူ့ကောင်လေး တိုးလတ်စီကသူ သိမ်းလာတဲ့ အရက်တစ်ပြားရှိတယ်တဲ့.. အဲဒါ အိမ်မှာ အစ်မ ရှိတယ်ယယသွားယူပါဆိုလို့ လာယူတာပါ...’’။ မေသက်ကြည်တောင်စဉ်းစားရ ခက်သွားတယ် အော်.... သိပြီ... သူတော်ကောင်းမလေး.. အငယ်ရယ် နင့်တာဝန်ကျေပါတယ်.. မ လဲကျေစေရမယ်နော် .. ဒီတော့လေ မေသက်ကြည်လဲ ‘ ေဩာ်.. ဒါလား ဟုတ်ပြီ.. ရှိတယ် လာလေ.. ဝင်ပါ ’ ဆိုပြီး သူ့ရဲ့ ဈေးအိမ်သာ တံခါးကြီး .. အဲလေ... အိမ်တံခါးကို ဖွင့်ပေးလိုက်တော့တယ်..။ ကိုကြည်ယိုင်ထိုးယိုင်ထိုး နဲ့ ဝင်သွားတော့ တံခါးကို ပြန်ပိတ်လိုက်ပြီး နောက်ကနေ ကိုကြည့် ပခုံးလေးကိုလက်ညှိုးနဲ့ တို့လိုက်ပြီး.. ‘ နေပါဦး.. သူက အရက်ကို ဒီမှာတင်သောက်မှာလား... ’ ကိုကြည်ဘာမှ ပြန်မပြောရခင်ပဲ မေသက်ကြည်က ခေါင်းလေးငုံ့လို့ လက်ဝါးလေး နှစ်ဘက်ကို ပွတ်ပြီး .. ‘ ပြီးရော.. ပြီးရော.. သောက်ပြီးရင်လေ.. ဟိုဗီဒီယို ထဲကလို အတည်ကြံတာပါဆိုပြီးတော့ သူကလေ မ ကို ... ’.. ကိုကြည် ပြောဖို့ပြင်နေတုန်း ရှိသေးတယ်.. ‘ သွားပါ.. သွားပါ .. ဆိုးတယ်ကွာ.. ရှက်တယ်... ရှက်တယ် ဆိုပြီးတော့ ကိုကြည့် ရင်ဘတ်ကို တစ်ဖတ်ဖတ် ရိုက်လို့ ရင်ခွင်ထဲကိုဝင်သွားပါရောလား........ ။ ကျန်တာတွေကတော့ ငပျင်းတို့ တစ်ကယ်မသိရိုး အမှန်ပါဗျာ..............။
မနက်ကြတော့လေ သူတို့အခန်းမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေတော့ ဘာများဖြစ်နေသလဲ မေးကြည့်တော့ ညက မေသက်ကြည် ယောကျာၤးနောက်ခိုးရာ လိုက်ပြေးသွားတယ်တဲ့...။ အော် ခက်လိုက်တာ.. တားမယ့်သူမရှိ.. ကိုယ့်ဟာကိုယ် ထိန်းကျောင်းနေရချိန်မှာ ဘာကိုကြောက်လို့များ ခိုးရာလိုက်ပြေးရသလဲ တွေးလို့ကိုမရတာဗျို့....။ အမှန်တော့ မိုးလေးတို့က သူတို့ရဲ့ ဆရာမကို ဝိုင်းပြီး အရောင်တင်ကြတာပေါ့လေ.. မိန်းမတွေများ မဟုတ်တာတော့ လုပ်ပ .. အပြောခံရမှာတော့ သိပ်ကြောက်တက်ပါလားနော်.. နောက် တစ်ပတ်လောက် ကြာတဲ့အထိကို မေသက်ကြည် အရိပ်အရောင်မတွေ့လို့ မေးကြည့်တော့ မိုးလေးက အစ်မ မေသက်ကြည်စီကစာဆိုပြီး စာလေးတစ်စောင်ပေးတယ်..။ ငပျင်းတို့ဖတ်ကြည့်တော့ ‘‘‘ အငယ်တို့ရေ..... အစ်မ တော့အချစ်နာမှာ ပုရိသပိုးတွေ ဝင်ပြီး အချစ်ဆိပ်တွေတက်နေပြီကွယ်.. အပြင်ထွက်ရင် ကောလဟာလ ညှော် မိမှာကိုကြောက်တယ်.. ဒါကြောင့် ဒဏ်ရာတွေ ပျောက်တော့မှ အငယ်တို့စီကို အစ်မ ပြန်လာခဲ့တော့မယ်’’’။။။ လွှတ်ကို လှတာဗျာ...........................။
ေဩာ်.... ဘာလိုလိုနဲ့ အီတလီတို့ စပိန်တို့လဲ ကမ္ဘာ့ဖလားတွေ ရခဲ့ပြီ.. ငပျင်းတို့လဲ ပြည်တော်ပြန်ခဲ့ရပြီ...။ မမေသက်ကြည်လဲ အရင်လိုပဲလား.. အနာပျောက်ပြီလား... ။ မောင်ဘတ်သီးရော အရင်လို မြင်းလုပ်စီးနေတုန်းလား.. အထက်ဘက်ကိုတက်ပြီး ဆင်တွေမွေးနေတယ်တော့ ကြားသား.. ဆင်တော့ လုပ်မစီးနဲ့ဟ.. အော် .. ဘာရယ်ဟုတ်ဘူး.. ထန်းပလတ်တွေ ကဈေးကြီးတယ်လေ... ကြုံရာမြေမှာ အပင်ပေါက်ရ ပေမယ့် အစေ့မှန်လို့ မျိုးသန်တယ်ဆိုတဲ့ မမေသက်ကြည်ကိုတော့ လွမ်းလျှက်ပါပဲဗျာ.............။
A KA
Comments
Post a Comment