‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’
‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။
‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’
‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’
‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’
အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ်ဆိုတော့ သူကပိုဆိုးနေပါရောလား... နားထဲမှာလား .. ဘာလဲ. လူငယ်ကြိုက် လူငယ်ကြိုက်ဆိုပြီးတော့ အသံတွေတောင် ပဲ့တင်ထပ်နေသလို ကြားနေရတယ်ဗျာ...။
အဲဒါကိုပဲ ရေးကြ ပြောကြ ဆိုကြတာ တော်တော်ကို မျက်စိနောက်ရောပဲ....။ အင်းလေ... သူတို့ဆိုလိုချင်တာကတော့ ဘာပဲလုပ်လုပ် ဒီခေတ်ထဲမှာ လူငယ်အကြိုက်လေးတွေ လုပ်မယ်ဆိုရင်ဖြင့် အရောင်းသွက်တယ်.. စွံတယ် ပြောချင်တာပေါ့လေ...။ အော်... လူငယ်ဆိုတာက နောင်ကိုလူကြီး ဖြစ်လာမှာ ဆိုတော့ အခုနေ ငယ်ရွယ်တုန်းလေးမှာ ပညာပါရမီတွေ ဖြည့်ကျင့်ထားနိုင်အောင် သူတို့လေးတွေအကြိုက်ကို လိုက်ပြီးတော့ကာ နားဝင်အောင်ပြောရမယ့်သဘောပေါ့ဗျာ...။ အဲသလိုတစ်ခါ လာလဲဒါ.. တစ်ခါလာလဲဒါ.. တွေ့ရတာများလာတော့ ဘာရယ်တော့ မဟုတ်ပါဘူးလေ... ဘတ်သီးတို့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ရွာမှာ လူငယ်ကြိုက်လေးတွေ လုပ်လေ့ရှိတဲ့ ဘဘဦးသက်ထွဋ်အောင်ကို အရမ်းသတိရမိတာပဲ........။
ဘဘဆိုတာလေ ရွာမှာတော့ ရှိသမျှအဖွဲ့အစည်းတွေ အားလုံးမှာ ဥက္ကဌကြီး ရာထူးကို ယူထားတဲ့သူဆိုတော့ ဩဇာကတော့ အတော်လေးကို သက်ရောက်သူလို့ ပြောရမှာပေါ့... လွန်ခဲ့တဲ့ နှစ်ဘဘ ဆုံးတော့ ဘတ်သီးရွာပြန်ရောက်ချိန် ဘဘ အုတ်မြစ်ချခဲ့တဲ့ အထက်တန်းကျောင်းနေရာလေးကို တွေ့မိတော့ ဘဘ ကိုပိုလို့တောင်သတိရမိသေးတယ်....။ ငယ်ငယ်ကဆိုရင် အဲဒီအုတ်မြစ်တိုင်လေးကို ဘတ်သီးတို့တွေ တက်ဆော့ခဲ့တာတွေ ပြန်မြင်ယောင်မိတယ်ပေါ့ဗျာ...။ ဘဘသာဆုံးသွားရှာတယ်လေ ကျောင်းက ထရံလေး ခြံစည်းရိုးလေးတောင် မတွေ့လိုက်ရပါဘူး...။ ရွာဦးကျောင်းက ရှိတဲ့ ဆရာတော်ရယ် ကျန်တဲ့၃၊ ၄ ပါးရယ် ကိုတောင်သံဃာအဖွဲ့အစည်းရယ်လို့ တည်ထောင်ပြီး သူက ဥက္ကဌ လုပ်မလို့ရယ်.. ဆရာတော်ကိုတော့ ငယ်ကြောက်ဖြစ်နေတာနဲ့ လက်လျော့ထားလိုက်ရတာ....။ အော်.. ပြောနေတာနဲ့ ဘဘ ရဲ့ လူငယ်ကြိုက်လုပ်တာ လေးတွေတောင် လိုရင်းမရောက် ဖြစ်နေပါပေါ့လား....။
ဲ့
ဘယ်..... အခုခေတ်မှာ ဘတ်သီးတို့ မြင်နေ တွေ့နေ ကြားနေရတဲ့ အရာတွေ.. ဆိုလိုချင်တာက လူငယ်ကြိုက်ဆိုတဲ့ စကားအောက်က အရာတွေ ဆိုတာ အခုမှသာ စတာလေ... ဘဘ တို့က ဘတ်သီးတို့ ငယ်ငယ်ကတည်းကိုက အဲဒါမျိုးတွေ စလုပ်နေ ဟောနေပြောနေပီပေါ့..။ အဓိက ကတော့ တရားစာအုပ်တွေ....။ ကြည့်လေ လူငယ်တွေ နားလည်အောင်ရေးတာဆိုပေမယ့် စကားလုံးရိုးရိုးလေးတွေ သုံးသွားရင်လဲ တစ်ကယ်စိတ်ဝင်စားတဲ့ လူဆိုတာ သဘောပေါက်နားလည်နိုင်ပါတယ်...။ အခုတော့ စာအုပ်တန်းတွေဘက်များ ယောင်လို့သွားမကြည့်လိုက်နဲ့ တရားစာအုပ်တွေက နေရာအပြည့် ယူထားတာလား..။ တွေးကြည့်ရင်တော့ လူတွေ ဘာသာရေးဘက်ကို စိတ်ဝင်စားလာတယ် ... တရားစာအုပ်တွေ အရောင်းသွက်လာတယ်ဆိုတာ ကောင်းတဲ့မြင်ကွင်း.. ကောင်းတဲ့တိုးတက်မူ့တစ်ခုရယ်လို့ တွေးလို့ရတာပေါ့... ။ သို့ပေမယ့် ခေါင်းစဉ်တွေကို ဘတ်သီးဖက်ကြည့်လိုက်တော့ ကြက်သီးတောင်ထသွားပါရောလား...။ တရားခေါင်းစဉ်တွေက အချစ်ဆိုတာနဲ့ ကင်းလွတ်ဖို့ တော်တော်ခက်နေပုံရတယ်...။ ချစ်ကံခေသော တရားသမား...၊ အပြစ်ကင်းသော ချစ်ခြင်း ဖြစ်ပါစေ၊ အဲသလို... အဲသလို ခေါင်းစဉ်တွေနဲ့ ရေးထားလိုက်တဲ့ တရားစာအုပ်တွေ နဲမှမနဲပဲကိုး... နောက်ထပ်လို့များ ကြည့်မိလိုက်တော့ ဘာတဲ့... အချစ်နဲ့ ဝိပဿနာ တဲ့ဗျား.. ကောင်းရော အလုံးစုံ ကိုကြိတင် သိမြင်တော်မူသော မြတ်စွာဘုရားတောင် လူငယ်ကြိုက်တွေ ဟောခဲ့ ပြောခဲ့လို့ပဲ အရင့်အရင် ပုဂ္ဂိုလ်တွေ ကျွတ်တန်းဝင်ခဲ့ရော့သလားတောင် တွေးရမလိုဖြစ်နေတယ်။ ထားပါတော့လေ အဓိကပြောချင်တာကတော့ ဘဘ တို့ကဟိုအရင်ခုလို လူငယ်ကြိုက်တရားတွေ မပေါ်ခင်ကထဲကိုက သူကစပြီးဟောနေ ပြောနေခဲ့တာကို ဘတ်သီးတို့အသိပေါ့...။ ဘဘ သာအခုနေရှိရင် သူ့တရားတွေ အရောင်းစွံမှာတော့ တွေးနေမိသေးတယ်....။
ဘတ်သီးတို့ ရွာလေးဆိုတာကအိမ်ခြေတော့ သိပ်မရှိဘူးရယ်...။ အဲဒီအချိန်ကတော့ ရွာမှာက စိုက်ပျိုးရေးကလဲ ဖြစ်ထွန်းအောင်မြင်တော့ တရွာလုံးလိုလို စီးပွားရေးချောင်လည်တယ် ပြောရမှာပေါ့လေ...။ အခုခေတ်လိုမျိုး နိုင်ငံခြားထွက်တာလဲ သိပ်မရှိတော့ ရွာမှာက ကာလသားတွေတော့ အတော်ကိုပေါတယ်...။ ပြီးတော့ ဆိုးမိုက်... အရက်သောက် ကြက်တိုက်တာတွေလဲ မရှိဘူးဗျ...။ အဲဒါတွေက ဘဘ ကြောင့်လို့ပြောမယ်ဆိုရင် ပြောလို့ရတယ်....။ ကဲပါလေ ဘဘ အကြောင်းပြောလိုက်ကြရအောင်...................။
ဘဘ ကရွာမှာ ငွေကြေးအရ အပြေလည်ဆုံးပေါ့ဗျာ...။ သူ့ခြံကြီးဆိုတာ အကျယ်ကြီး... အဲ ညနေနေဝင်ပြီ ဆိုရင်တော့ ဘဘ က ခြံထဲမှာ ကညင်ဆီမီးတိုင် ကြီးတွေထွန်းလို့ ခြံထဲက ကွတ်ပျစ်မှာ ထိုင်ရင်းကွမ်းလေးမြုံ နေတက်တာ...။ မိန်းမ သားသမီးဆိုတာလဲ မရှိတော့ အပူအပင်ကင်းတာပေါ့လေ...။ သူ့မှာ လက်တိုလက်တောင်း ခိုင်းဖို့ကတော့ ရွာတောင်ပိုင်းက တစ်ခုလပ် ငဖြိုးဆိုတာ ရှိတယ်လေ...။ နေဝင်ပြီ ဆိုရင်ဖြင့်ရွာထဲက ကာလသားတွေဟာ ဘဘ ခြံထဲကို အသီးသီး ရောက်လာကြရော......။ လူစုံပြီ ဆိုရင်တော့ ဘဘ ကတရားတွေ ဟောတော့တာပဲ....။ သူ့ဟောပုံကလဲ တကယ့် ဆရာတော်တွေတရားဟောသလို တရားထောက်တွေ ဘာတွေနဲ့ပေါ့....။ ဘယ်သူရှိမှာတုန်း......... သူ့လက်ရင်းတပည့်ကြီး ငဖြိုးပဲပေါ့....။ ဘတ်သီးက ငယ်သေးတော့ တရားနာလို့ မရဘူးဗျ...။ အဲဒီနေ့ကတော့ ဘာတွေများဟောလဲ သိချင်တာနဲ့ မယောင်မလည် လုပ်ပြီး ဘဘ မမြင်လောက်တဲ့ နေရာကနေ နာရတာပေါ့....။ အဲဒီနေ့ ကဟောတဲ့ တရားကို အခုထိ နားထဲကကို မထွက်ဘူးဗျာ. ........။ အဲဒီနေ့က..............................................
လူစုံတော့ ဘဘ ကပရိတ်သက်ကို အကဲခတ်သလို ဝေ့ကြည့်လိုက်ပြီး...............
‘‘ ကဲကဲ ဘဘ ဒီနေ့ဟောမယ့်တရား ကတော့ ပရိတ်သတ်လဲကြားဖူးမှာပါ..... လင်သေ.. မိဘသေ.. သားသမီးနှစ်ဦးသေလို့ အရူးမီးဝိုင်း သတိတရားတွေ ကင်းလွတ်သွားတဲ့ ဇာတ်တော်ကို ဟောမယ်......။ ဘာဇာတ်လဲ သိကြလား ပရိတ်သတ်ရဲ့.......။ ’’
ဘဘ ကအဲလိုစလိုက်တယ် ဆိုရင်ဖြင့် အနားမှာ ထိုင်နေတဲ့ ငဖြိုးတို့က ဇာတ်သံလေးနဲ့......။
‘‘ ဟုတ်ကဲ့ပါ ဘဘ ရယ် ဖြေရမယ်ဆိုရင်တော့ ဘုရားဟောသွားခဲ့တဲ့ မပဋာဇာတ်... ပဋာမြေလူး အရူးမီးဝိုင်းတဲ့ ဇာတ်တော်လေးပါ... ။ အင်မတန်မှ တရားရဖို့ ကောင်းတဲ့ ဇာတ်လေးဖြစ်လို့ အချိန်မနှောင်းခင် ဟောဒီက ငမိုက်သားတွေ သတိသံဝေဂ ရစေဖို့အရေးကို ဉာဏ်ပညာ ရှေ့ထားလို့ ဟောပြောဆးုံမ ပေးပါဦး ဘဘ ရယ်....။’’
ကြည့်နော်.... ဘယ်လောက်အတိုင်အဖောက် ညီ လိုက်သလဲဆိုရင် အမေးနဲ့ အဖြေက ကွက်တိ ဆိုသလိုကိုး.....။ စဟောဖို့ ဘဘ က ချောင်းရှင်းနေတုန်းမှာပဲ ဘဘ တို့ခြံရှေ့ ကအသံတွေကြားလို့ ကြည့်လိုက်တော့ ရွာထဲက မိန်းကလေးအချို့ကို တွေ့လိုက်တယ်...။ ဘယ်သူတွေများလဲမှတ်တယ် ရွာမှာတော့ ခေတ်ရှေ့ပြေးတယ်ဆိုပြီး သတ်မှတ်ထားတဲ့ ဘဲဥ ရယ် စိစိရယ်... နောက် မိန်းကလေးနှစ်ယောက်ရယ်ပေါ့...။ ဘဲဥ ဆိုတာက ဖြူဖြူလုံးလုံး လေးမို့လို့ တရွာလုံးက ဘဲဥ ဆိုပြီးခေါ်ကြတာလေ...။ ဘဲဥတို့အဖွဲ့ ဘဘ ရှေ့လဲရောက်ရော ရိုရိုကျိုးကျိုးလေး ထိုင်လိုက်ပြီးတော့ ဦးဆောင်လာသူ ဘဲဥက ဘဘ ကို.......
္ဒ္ဒ္ဒ‘‘ ဘဘ ကိုသမီးတို့ လာပြီးကန်တော့တာပါ ဘဘ.....’’
‘‘ ဟေ ဘာအတွက်တုန်း ... တူမကြီးတို့က ဘဘ ကိုကန်တော့တယ်ဆိုတာ... အေးလေ ဘာဖြစ်ဖြစ် လူကြီးသူမကို ကန်တော့တယ်ဆိုတာ ကောင်းတဲ့အလေ့အထ ပါပဲ... အေးကွယ်.. ကောင်းပါတယ်..... ’’။
‘‘ ဒီလိုပါ ဘဘ ရယ်... သမီးတို့ အခုလာကန်တော့တယ် ဆိုတာ အခု သမီးတို့ မနက်ဖြန်ဆိုရင် တိုင်းတပါးကို စီးပွားရှာ ထွက်တော့မှာမို့လို့ ရွာက လူကြီးသူမတွေကို လိုက်ကန်တော့နေတာပါ့.....’’။
ဘဲဥ ကအဲလိုလဲပြောရော ဘဘ ကအံ့အားသင့်သလိုဖြစ်သွားပြီး........
‘‘ နေပါဦး... တူမကြီးတို့ရယ် .. မိန်းကလေးတွေဖြစ်ပြီး တိုင်းတပါးအထိ တောင်စီးပွားသွားရှာမယ် ... ဟုတ်စ.’’။
‘‘ ဟုတ်ပါတယ် ဘဘ ရယ်... ရွာမှာနေလဲ အဆင်တော့ပြေပါတယ်.. သို့ပေမယ့် စားနိုင်သောက်နိုင် ရုံလောက်ပဲ ရှိတာလေ ... သမီးမှာက ရည်ရွယ်ချက်တွေက ရှိသေးတယ်.. ဒါကိုတော့ ဘဘ သိမှာပါ.... ရွာမှာနေပြီးတော့ သမီးဝါသနာပါတဲ့ စာရေး ကဗျာရေးတာ ဘယ်လောက်ထိ ပေါက်မှာလဲ.. ပြီးတော့ စားဝတ်နေရေးကလဲ ရှိသေးတော့ အလုပ်ကလုပ်ရသေးတယ်.. ဟိုမှာလဲ လုပ်ရမှာ ဆိုပေမယ့်လို့ ငွေကပိုရနေတော့ ဒီကဗျာရေးတဲ့ အလုပ်ကို ပိုဇောက်ချလုပ်နိုင်တာပေါ့ ဘဘ ရယ်..... ’’။
‘‘ အော် တူမကြီး.... ဝါသနာက တယ်လဲကြီးမားပေတာကိးု.... ဒီလောက်တောင်ဇွဲသန် မှတော့ မဖြစ်ဘူးဆိုတာ မရှိနိုင်တော့ပါဘူးလေ... အေးပေါ့ ........... ခေတ်ကြီးကလဲ တိုးတက်နေတော့ ဒီလို လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိ ကိုတော့ဖြင့် ဘဘ ကတစ်ကယ်ကို အသိအမှတ်ပြု လေးစားပါတယ်ကွယ်.... ’’။
‘‘ ဟုတ်ကဲ့ပါ ဘဘ ရယ် အောင်မြင်အောင် သမီးကြိုးစားမှာပါ... အဲဒါ မသွားခင်လေး ဘဘ ကိုကန်တော့ရင်း ဘဘ စီကဆုံးမ ဩဝါဒလေးတွေကို နာခံချင်လို့လာခဲ့တာပါလေ... ဟို...... သမီးကို ပြောပြဆုံးမ နေရလို့ ဘဘ စီမှာ တရားလာနာတဲ့ အကိုတွေကို အားနာစရာဖြစ်နေပါပြီ..... ။’’
ဒီတော့ ဘဘ ကလက်ဝါးလေးကာ ခေါင်းလေးရမ်းပြီး......................
‘‘ အော်... မဟုတ်တာပဲ တူမကြီးရယ်... ဘဘ ကတူမကြီးတို့ကို ဆုံးမစကားပြောတာ ဆိုပေမယ့် ကျန်တဲ့လူတွေလဲ နာခံမယ် ဆိုရင်ဖြင့် ကောင်းတဲ့ စကားတွေပဲကွယ်.... ဘာလို့ အချိန်တွေ ကုန် အားနာစရာဖြစ်ရမှာလဲ တူမကြီးရဲ့.......... ’’။
ဘဘ ကပြောပြီးတော့ သူ့ပရိတ်သက် ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး......။
‘‘ ကဲကဲ........... အားလုံးနားထောင်ကြ.... မင်းတို့တွေလဲ သူ့လို တွေးရဲ ကြံရဲ လုပ်ရဲ ကိုင်ရဲတဲ့ စိတ်ဓါတ်တွေကို အတုယူကြ.... ပြောရမယ်ဆိုရင်တော့ တူမကြီးတို့ရယ်.... ကိုယ်တွေက မိန်းကလေးဆိုပေမယ့် ဒီခေတ်ကြီးထဲမှာ ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းနိုင်ရမယ်....... အဲ..... မသာရင်တောင် သူတို့နဲ့ တန်းတူလိုက်နိုင်ရမယ်ကွယ်.. တူမကြီးကိုတော့ ဘဘ ကမျက်မြင်ဆိုတော့ တူမကြီး ရေးရေးလေးသာနေတာကိုတွေ့နိုင်ပါတယ်လေ... ဟဲဟဲ..။
ပြီးတော့ အလုပ်လုပ်တဲ့နေရာမှာက တူမကြီးတို့က မိန်းမသားဖြစ်နေ.. အားနွဲ့သူတွေ ဖြစ်နေတော့ အခက်အခဲ ဆိုတာတော့ ရှိလာမှာပဲ.... ရှိလာစေဦးတော့ ကိုသွားမယ့် ပန်းတိုင်ကိုတော့ ရောက်အောင်သွားကြပါ.... ဒီနေရာမှာ ဘဘ ကသာဓကလေး တစ်ခုကို ဥဒဟာရုဏ် ဆောင်ပြမယ်ကွယ်......။
တူမကြီးတို့.... ဘုရင့်နောင်ကိုသိမှာပေါ့....။’’
ဘဘ ကအဲလိုလဲမေးရော... သစ်ပင်မှာ မှီပြီး နားထောင်နေတဲ့ အရက်ပုန်း ရောင်းတဲ့ ကိုကြည်က အလောတကြီးကို ဝင်ပြောရော................
‘‘ အေ့... သိတာပေါ့ ဘဘ ရယ် ကျုပ်ကမပြောရဲလို့ ... ဒီအကြောင်းတွေကို မေ့ထားတာ... အခု အစလာဖော်သလိုဖြစ်နေတော့ မထူးတော့ပါဘူး.. ပြောတော့မယ်.. ကူညီပါ ဘဘ ရယ်. သူက ဘဘ နဲ့ရွယ်တူ ဆိုတော့ ဘဘ ပြောရင်ရမှာပါ... သူနေမကောင်းလို့ အရက်လေးတစ်လုံး အကြွေးပေးပါ ဆိုလို့ ကျုပ်က သနား တာနဲ့ပေးလိုက်တာ အခုထိ ကိုလာမဆပ်သေးဘူး... ဘဘ က ရွယ်တူဖြစ်ပြန်..... အေ့ အေ့.... ဂုဏ်သိက္ခာ လဲရှိတော့ ဘဘ ပြောရင်တော့ သူပေးမှာပါ.... အဲဒါလေးတောင်းပေးပါ ဘဘရယ်... ။’’
ဘဘ ကတော့ အနားက ထုံးဘူးနဲ့ လှမ်းပေါက်ရင်း.......
‘‘ ခွေးသား... ငါ့ကို အရက်ကြွေး များလာတောင်းခိုင်းနေသေးတယ်... မင်းဘာတွေပြောနေတာလဲ.. ငါပြောနေတာ ဘု၇င့်နောင်ကို သိလားမေးနေတာ... မြန်မာ သူရဲကောင်းကြီးကို ပြောနေတာ... တယ်... ငါထပ်ပေါက်လိုက်ရ မကောင်းရှိတော့မယ်....။’’
‘‘ အမ်... ဘဘ မေးနေတာ ဘိုးလေးနောင်မဟုတ်ဘူးလား.. သိပါဘူး ဟီးဟီး.. တောင်းပန်ပါတယ် ဘဘ ရယ် အမိုက်အမဲလေးကို ဗွေမယူပါနဲ့... မှားသွားလို့ပါ.... ဟီးဟီး။’’
ဘဘ ကတော့ စိတ်မရှည်သလို ဖြစ်နေတဲ့ပုံနဲ့.............
‘‘တော်တော့... စကားတောင်ဘယ်ရောက်မှန်း မသိဘူး.... အော် အေးအေး... အဲဒီ မြန်မာ သူရဲကောင်းကြီး ဘုရင့်နောင်ဆိုတာ သူ့ရဲ့ တိုက်ပွဲ တစ်ခုကို အကြောင်းပြုပြီးတော့ အင်မတန်ကို နာမည်ကြီးခဲ့တာပေါ့ကွယ်...... သူက ရန်သူကို သွားတိုက်တဲ့ အခါမှာ ရန်သူဘက်က အင်အားများနေတော့ ပြန်မဆုတ်လာဘူး..... သူတို့ အသုံးပြုလာတဲ့ ဖောင်တွေကို မီးရှို့လို့ သူ့တပ်သားတွေ ငါတို့တွေ ဒီကောင်တွေကို နိုင်အောင်တိုက်မှ ဖြစ်တော့မယ်.... မနိုင်ရင် ပြန်ဆုတ်စရာ ဖောင်လဲမရှိတော့ဘူး.... အသေခံရမယ့် အတူတူ နိုင်အောင်တိုက်ရမယ် ဆိုပြီးတော့ သူတပ်သားတွေကို စိတ်ဓါတ် မြှင့်ပေးခဲ့လို့ နောက်ဆုံးမှာတော့ သူတို့တွေ အောင်ပွဲတွေ ရသွားတယ်လေ..... အဲဒါ ဖောင်ဖျက်တိုက်တယ် ဆိုပြီးတော့ လက်ရှိအထိ လူတွေပြောဆို အသုံးပြု နမူနာ ယူနေကြရတာပေါ့ကွယ်.....။’’
‘‘ အေး...... ဘဘ ပြောချင်တာက အဲဒါလေးကို နမူနာယူပြီးတော့ကာ တူမကြီးတို့ကလဲ ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို သွားတဲ့ အခါမှာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ဖောင်ဖျက်ပြီး သွားကြပါ....။ အဲဒါက သာမာန်ပေးထား တဲ့ သင်ခန်းစာနော်....... ဘဘ က ထပ်ဆင့်ပြီးတော့ သင်ခန်းစာလေး ထပ်ပေးချင်တယ်ကွယ်........။ ’’
‘‘ ဟုတ်ကဲ့ပါရှင့်...... ဘဘ ပြောတာတွေက အလွန်ကိုတန်ဖိုး ရှိလှပါတယ်..... ဆက်ပြောပါဥိး ဘဘ ရယ်....။’’
‘‘ အေးကွယ့်..... ဘုရင့်နောင်ဟာ ဘာကြောင့် ဖောင်ဖျက်ရသလဲ....... ရန်သူဟာ သူ့အင်အားနဲ့ မတိမ်းမယိမ်း လောက်ပဲသာနေမယ်...... သို့ပေမယ့် ရန်သူနယ်မြေဖြစ်နေတဲ့ အတွက် သူ့တပ်သားတွေကို စိတ်ဓါတ်မြှင့်တင်ပေး တဲ့အနေနဲ့ ဖောင်ဖျက်ခဲ့တယ်လို့ ဘဘ ကသုံးသပ်မိတယ်.....။ အကယ်လို့သာ ရန်သူက သူ့ထက် အင်အားအဆမတန် ကွာနေမယ်ဆိုရင် သူဖောင်ဖျက်တိုက်ပါ့ မလား... ပညာရှိ သူရဲကောင်းပီပီ သူ့တပ်ကို အင်အားအရင် ဖြည့်တင်းမှာပေါ့လေ........။
အဲဒီတော့ တူမကြီးတို့ ကလဲ ဖောင်ဖျက်ပြီး ရည်မှန်းချက်ကို သွားတာမှန်ပေမယ့်လို့ လမ်းခရီးမှာ အခက်အခဲတွေ ဒုက္ခတွေ.... အဲ... ဘဘ ဆိုလိုချင်တာက ပန်းတိုင်ချင်းတူတာတောင် ဒီလမ်းက ဒုက္ခသိပ်ရောက်နေမယ် ဆိုရင်.... အခက်အခဲတွေနဲ့ ဒီလမ်းဟာ အချိန်တွေသိပ်ကြာ နေမယ် ဆိုရင်ဖြင့် နောက်ထပ်ကောင်းမွန်တဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို လမ်းကို ပြောင်းလဲဖို့ရာ ဝန်လေးမနေကြပါနဲ့........... ဖောင်ဖျက်ခဲ့တယ် ဆိုပေမယ့် ဒီထက်ကောင်းမွန်တာ တွေ့လာရင်တော့ အဲဒီ ဖောင်လေးတွေကို ပြင်လို့ လမ်းသစ်တွေ ဖောက်ကြပါ......
အဲလို.............. ဖောင်ပြင်နေလို့ စိတ်ထဲကနေ .... အော် .. ငါတို့တွေ ဖောင်ဖျက်တယ် ပြောပြီးမှ အခုလို ဒုက္ခတွေ့ တော့ ဖောင်ပြင်ရတာကို အပြစ်ပြောနေကြမလားဟဲ့ ဆိုပြီးတော့ တွေးပူမနေကြပါနဲ့.........
ဘဘ စိတ်ရင်းထဲမှာတော့ တူမကြီးတို့ဟာ အခက်အခဲ ကြုံတော့လဲ တစ်ယူသန်စိတ် မရှိပဲ ငယ်ပေမယ့်လို့ ဒီလို ဖောင်ပြင်ရဲတဲ့ သတ္တိကို လေးစားချီးကျူးရင်း အပြစ်မပြောပဲ ပြုံးပြုံးကြီးကို ကြည့်နေမှာပါကွယ်.............ဟီးဟီး..။
ဘဘ က စကားဆုံးတော့ ရေနွေးကြမ်းတစ်ခွက် ကို ကောက်မော့လိုက်ပြီးတော့ ဘဲဥ တို့ကို ကြည့်လိုက်သေးတယ်.... ဘဲဥ တို့ကတော့ ဘာတွေ ရှက်နေမှန်းကို မသိပါဘူး.... ခေါင်းလေးတွေငုံ့လို့... ပြီးတော့မှ......................
‘‘ ဟုတ်ပါတယ် ဘဘ ရယ်....... တကယ်ကို တန်ဖိုးရှိတဲ့ စကားတွေကို သမီးတို့ လာရကျိုးနပ်ပါတယ်... အချိန်လဲ လင့်နေပြီမို့ ပြန်ခွင့်ပြု ပါဦး ဘဘ ရယ်............ ဘဘ ကို ကန်တော့ခဲ့ပါတယ်.....။’’
ဘဲဥ ကဦးဆောင်လို့ ဘဘ ကို ကန်တော့တဲ့အခါ ကျန်တဲ့ သုံးယောက်ကလဲ ကန်တော့ကြတာ ပေါ့ဗျာ.... ဘဘ ကတော့ ခေါင်းလေးညိမ့်လို့ ...........
‘‘ တူမကြီး တို့အားလုံး အလုပ်အကိုင်တွေ အဆင်ပြေပါစေလို့ ဘဘ ဆုတောင်းပေးလိုက်ပါတယ်..... အော်... ဒါနဲ့ ဟဲ့.... စိစိ ညည်းအမေ ခင်စန်းကြည်ဆိုရင်လဲ ရွာမှာမုန့်ပေါင်း ရောင်းနေရာကနေ ကြီးပွားအောင် လုပ်မယ် ဆိုပြီး မြို့တက်သွားတာ..... ပြန်လာတော့ ကံနည်းလို့ ငွေကြေး သိပ်မစုဆောင်းနိုင်ပေမယ့်လို့ အတော်လေးကို လူရည်ဝလာတာ ဘဘ အသိပေါ့လေ.... အခုလဲ...... အမေထက်သာတဲ့ သမီးလေး ဖြစ်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်....... ကဲ....... မှောင်နေပြီ...... ပြန်ကြတော့.......... ’’။
ဘဲဥတို့ ထပြန်သွားတော့ ခပ်လှမ်းလှမ်းရောက်မှ ဘဘ က ဘဲဥ ကိုလှမ်းခေါ်ရင်း...............
‘‘ ေဩာ်..... တူမကြီး ဘဲဥရေ....... တူမကြီးလဲ အလုပ်အကိုင် အဆင်ပြေအောင်မြင်ရုံတင် မကပဲ သိပ်ဖြစ်ချင်နေတဲ့ အောင်မြင်ကျော်ကြားတဲ့ ပွတ်မော်ဒင် ကဗျာ ဆရာမကြီး ဖြစ်ပါစေကွယ်....... ညည်းရဲ့ ပွတ်မော်ဒင် ကဗျာတွေကို ဘဘ က ကြိုက်ပါတယ်............။’’
ဘဲဥ ကတော့ မထင်မှတ်တဲ့ အချိန်မှာ သူ့ကဗျာတွေကို ကြိုက်တယ်ဆိုတာ ကြားလိုက်ရတော့ အံ့အားသင့်သွား ပြီး ရင်ထဲမှာ လိုှက်ကဖို ဖြစ်နေသလိုနဲ့ ရင်ဘတ်လေးကို လက်ဝါးနဲ့ ဖိပြီး ဘဘ ရှေ့ကို ပြန်ပြေးလာတာ..........
‘‘ ရှန်.......... ဘဘ က သမီးကဗျာတွေကို ကြိုက်တယ်..... ဘဘ တို့အရွယ်ဆို သမီးက သမီးကဗျာတွေကို ဖတ်ချင်မှာတောင် မဟုတ်ဘူး ဆိုပြီးတွေးနေတာ......... ဒါပေသိ... အခုလိုကြားရတော့ အားရှိလိုက်တာ ဘဘ ရယ်........................ ’’။
ဘဘ ကတော့ သူခိုးလူမိ သလိုရုပ်မျိုးနဲ့ တဟဲဟဲ ရယ်ရင်း ရေနွေးအိုးထဲက လ္ဘက်ခြောက်တွေကို ရှက်ရှက်နဲ့ နှိုက်ဝါးနေတာဗျ........ ဒါကို အနားမှာ ထိုင်နေတဲ့ တရားထောက် ငဖြိုးက သူ့ဆရာတော့ ရှက်အားပိုနေပြီ သူဝင်မှ ဖြစ်တော့မယ်တွေးပြီးတော့........
‘‘ ဒါပေါ့ ဘဲဥရဲ့ နင့်ရဲ့...... ဟိုဟာလေ... နေပါဦး.... ဘာလဲ... အော် သိပြီ.......... သိပြီ........
နက္ခတ်ဆိုးတဲ့ လပြည့်ည ကဗျာကို ဆိုရင် ဘဘ ကအရမ်းကြိုက်တာ....... ညပိုင်း ငါ ဘဘ ကို ဝတ်ကြီး ဝတ်ငယ် ပြုစုပြီ ဆိုရင် ဘဘ ကပြောလေ့ရှိတယ်ဟ....... ဘာတဲ့.......
မောင်ဖြိုးရေ...... ဘဘ တော့ ဘဲဥ လေးရဲ့ နောက်ပိုင်းကို သိပ်အားရတာပဲကွာ... ကြိုက်တယ်ဟေ့... မျက်လုံးထဲက မထွက်ဘူး မောင်ဖြိုးရေ........ ဆိုပြီးပြောပြောနေတာဟ....... ’’။
ဒါကို လ္ဘက်ခြောက်ဝါးရင်း နားထောင်နေတဲ့ ဘဘ က အဲတုန်းက သူပြောတာ ဘာဆိုတာ သိသလိုနဲ့ ငဖြိုးကို မပြောဖို့ ချောင်းဟန့် သေးတာ........။
‘‘ ဟယ်..............
ဘဘ က အဲလောက်တောင်သိတယ် ... ဟင်းဟင်း.... ဒါပေါ့... ဖြိုးရဲ့....
ငါက ငါ့ဝတ္တုတွေ.... ကဗျာတွေ ရဲ့ နောက်ပိုင်း..... အဲ.... ဇာတ်သိမ်းပိုင်းမှာ သိမ်းလို့ရှိရင် အလှည့်တွေ အဝိုက်တွေနဲ့ ခမ်းခမ်းနားနား ကို သိမ်းလေ့ရှိတာလေ........... ငါ့လိုမျိုး... ခမ်းနားတဲ့ နောက်ပိုင်းကို မမြင်ဖူး မတွေ့ဖူးတော့ အခုလိုလဲ တွေ့ရရော ဘဘ ရူးတာပေါ့လေ......
ဟုတ်ပါပြီ..... ဟုတ်ပါပြီ..........
အခုဆိုရင် ငါ့အားနည်းချက်ကို ငါသိပြီလေ...... နောက်ဆိုလေ ဘဘ ရယ်..... သမီးလေ သမီးရဲ့ နောက်ပိုင်းကိုသာ မက ရှေ့ပိုင်းကိုပါ ဘဘ တို့ အားရအောင် ကျေနပ်အောင် ကြိုးစားပြီး ပါရမီ ဖြည့်ပါမယ်လို့ ကတိ ပေးပါတယ် ဘဘ........... ’’။
ဘဲဥ ကအဲလို ဝမ်းသာအားရပြောတော့ ဘဘ က လ္ဘက်ခြောက် တစ်ဖတ်ကို ကောက်ဝါးပြီး ဘဲဥ ကို စေ့စေ့ကြည့် ပြီးတော့...............
‘‘ ကောင်းပါတယ် တူမကြီးရယ်........ ရှေ့ပိုင်းကလဲ ဘဘ အမြင်အရတော့ တော်တော်ကြီးကို အားရနေပါပြီလေ........ ဂလု........’’။
ဘဘ ရဲ့အဲလို အပြော... အဲလို အကြည့်တွေနဲ့ ထွက်ပေါ်လာတဲ့ တွံတေး မျိုချသံ တို့ကိုကြားလိုက်တော့ ဘဲဥ က ဘာတွေတွေး လဲတော့မသိပါဘူး..........
‘‘ အို............
ဘဘ ကလဲ လူတွေကြားထဲ................’’
ဆိုပြီးတော့ ရှက်ရှက်နဲ့ ထပြေးသွားလိုက်တာ အပင်အောက် မူးပြီး မှိန်းနေတဲ့ ကိုကြည့် ခါးလည်ကို တောင်ဖြတ်နင်း သွားတာ... ကိုကြည်ကတော့ ဘိုးလေးနောင်ကို အကြွေးတောင်းလို့ သူ့ကို လာလုပ်ကြံ ပါပြီ ထင်ပြီးတော့ တက်နေလိုက်တာ မနည်းကို နှာနှပ်ယူရတယ်..........
ဘဘ ကတော့ ဘဲဥလေး ပြေးသွားတာကို သူပြောသလိုပါပဲ နောက်ကနေ ပြုံးပြုံးကြီး ကို စိုက်ကြည့်နေတာပေါ့..
အော်........... ဘဘ ရဲ့တရားကိုနာချင်လို့ လာပါတယ်ဆိုမှ တရားဘက်ကိုမရောက် နိုင်သေးပါလားလို့ ဘတ်သီးတွေးနေတုန်း ရှိသေးတယ်...............
‘‘ ကဲ......... လောကီ ကိစ္စတွေပဲ များနေလို့ မဖြစ်ချေဘူး ပရိတ်သတ်ရေ
အဲတော့.... ခုန ကပြောထားတဲ့ မပဋာ ဇာတ်တော်လေးကို ဟော လိုက်ကြရအောင်..... ဘဘ စီကို ရောက်လာလို့သာ ဒီလို us 100000 မက တန်တဲ့ ဇာတ်တော်ကို နာခွင့်ရှိတာနော်... လေးလေးစားစား နာကြ.
ဘဘ ကပြောပြီး လေသံ အတို အရှည် အနိမ့်အမြင့်တွေနဲ့ ဒီလိုဟောတာဗျ...............။။။
‘‘ ပရိတ်သတ်ရေ....... ဟိုး.... လွန်ပြီးသော အတိတ်ကာလ တစ်ခုစီကပေါ့ကွယ် ..... မြို့ကြီးတစ်မြို့မှာ သူကြွယ် လင်မယားနှစ်ယောက် ရှိသတဲ့...... သူတို့မှာက ငွေကြေးတွေ ပြည့်စုံ ပေမယ့်လို့ သားသမီးရတနာ မထွန်းကား ရှာဘူး.... ပရိတ်သတ် ရဲ့.............
‘ လူကလေး ရယ် အိပ်ပါတော့ ရောင်နီလာလှပေါ့....... ’
‘ အော် ..... ရှင်မရယ်....... မင်းမလဲ သားသမီး ရူးရူးနေမင့်ကိုး...... လက်ထဲက ကလေး အရုပ်လေးကို ချထားလိုက်ပါ ရှင်မရယ်...... ဒီလို ရူးနေမယ့်အစား မောင်ကြီးတို့ လက်တွေ့ကြိုးစားတာ ပိုမကောင်းပေဘူးလား. ရှင်မရဲ့...............’
‘အို..................... မောင်ကြီးကလဲလေ..... ပြောတက်လိုက်တာ....... ’
တွေ့လား.... ဘဘ က ဟောရင်းနဲ့ကို စကားပြောတွေမှာ အသံကို အမျိုးမျိုးလုပ်လို့ ဟောသွားလိုက်တာ.....။
‘‘ ဒီလိုနဲ့ပဲ........... ပရိတ်သတ်ရေ...... သူတို့မှာ သမီးလေးတစ်ယောက် ဖွားမြင်လာရောတဲ့...... တိုတိုပြောရရင် မိဘတွေကလဲ ချမ်းသာတော့ လိုလေသေးမရှိ နေထိုင်ရသူလေး ပီပီ နုနုနယ်နယ်နဲ့ လူချစ်လူခင်များတဲ့ သူလေးဆိုပြီး မပဋာ လို့ အမည်သညာ မှည့်ခေါ်စေတယ်ကွယ်............
မပဋာလေး ဆံတောင်သိမ်း ကုမ္မာရီ အရွယ်လေးကို ရောက်လာမှဖြင့်တော့ မြင့်မားသော အရပ်..... ပိတုန်းရောင် ဖိတ်ဖိတ် လက်နေတဲ့ ဆံနွယ် တအုပ်တထွေး ကြီးနဲ့ နီစွေးနေတဲ့ နှုတ်ခမ်းလေး တစ်စုံဟာဖြင့်........ အိုကွယ်... ဘာပြောကောင်းမလဲ အဲဒီအချိန် ကာလသားတွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပေါ့လေ........ သူမရဲ့ ပဒုမ္မာ ပန်းအဖူးလေးသဖွယ် ဆင်းလာတဲ့ လည်တိုင်လေး အောက်မှာဖြင့် အသက်ရှုလိုက်တိုင်း နိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ ရွှေရင်မို့မို့ဟာ ဆိုရင်ဖြင့် မြင်သူအပေါင်းကို အသက်ရှုတောင် မှားစေနိုင်တယ် လို့ ဆိုတယ်မလား....... ဆင်နှာမောင်းလေး သဖွယ် ရှိနေတဲ့ ပေါင်တံလေးတွေနဲ့ အပျိုဖြစ်ကာစ အစွမ်းကုန်ဖူးပွင့်လိုက်တော့မယ် ဟဲ့ ဆိုပီး အရေပြားအောက်ကနေ ရုန်းထွက်လာတဲ့ အသားစိုင် အသားခဲတို့ဟာလဲ မိန်းမတို့ရဲ့ ကောင်းခြင်း လက္ခဏာ ၅ ရပ်ကို ဖော်ကျူးနေတယ်ကွဲ့...............
ဒီလိုနဲ့ တစ်နေ့မှာတော့ ဖခင်ကြီးက စဉ်းစားတယ်..... အော် သမီးလေးတောင် အရွယ် ရောက်လာမင့်ကိုး...... ဒီတော့ ငါ့မှာလဲ အသက်အရွယ်က ထောက်လာပြီ....... အရင်လို စိတ်နောက်ကို ကိုယ်မပါနိုင်..... စိတ်သွားတိုင်း ကိုယ်မပါနိုင်ရတဲ့ အထဲမှာ ဒီလယ်ယာ လုပ်ငန်းတွေကို ငါကိုယ်တိုင် ဦးစီးပြီး လုပ်ဆောင်နေရင်တော့ အဲဒီမှာတင် အားအင်တွေ ကုန်ခမ်း လို့ တခြားဘက်တွေ မှာ လစ်ဟင်းကုန် နိုင်တယ်..............
ဒီလိုတွေးမိတော့ လယ်ယာလုပ်ငန်းတွေမှာ ဦးစီးလုပ်ကိုင်နိုင်မယ့် အခြားသောရွာမှ မောင်ဒါသ ဆိုသောလူငယ်လေး တစ်ဦးကို သူရင်းငှား အဖြစ် ခေါ်ယူ လုပ်ကိုင်စေတယ် ပရိတ်သတ်ရဲ့...........
မပဋာ လေးဟာလဲ ဒီလိုပဲနေလာလိုက်တာ တစ်ရက်တော့ အပျိုဖြစ်စ အပျိုဖြန်းလေးပီပီ ခြံထဲဆင်း သစ်ရွက်လေးတွေ လေတိုက်လို့ လှုပ်တာကို ငေးမောကြည့် နေချိန် အိမ်မကြီး ဟိုဘက် စားဖိုဆောင်ဘက်ကနေ တဒုတ်ဒုတ်နဲ့ အသံကြားလိုက်ရတော့ မိန်းကလေးပီပီ သိချင်ဇောနဲ့ သစ်ပင်ကွယ် နံဘေးကနေ ချောင်းမြောင်း ကြည့်တယ်ဆိုရင်ဖြင့်ကွယ်..................
အပေါ်ပိုင်းမှာ အဝတ်ဗလာ... ခါးထက်မှာတော့ ခါးတောင်းကို မြှောင်အောင် ကျိုက်လို့ လက်ထဲက ပုဆိန်ကြီးကို အားနဲ့ လွှဲကာလွှဲကာ ထင်းတုံးတွေကို ပေါက်ခွဲနေတဲ့ ကြေးနီရောင် ထနေတဲ့ အသားအရည် ပိုင်ရှင် ယောင်္ကျား တစ်ဦးကို မြင်လိုက်ရတယ်ဆိုရင်ဖြင့် ................
‘ အလို... ကြည့်စမ်းပါဦး....... လူစင်စစ်မှ ဟုတ်ပါလေစ.... ကြွက်သားတွေကလဲ အဖုဖု အထစ်ထစ်နဲ့ ထုထု ပြီးခရာချင်စရာပါလား ဟရို့.... အမယ်လေး... အသဲတွေယား လိုက်တာနော်.......’
ကြည့်ကြည့်........... ပရိတ်သတ်ရေ..... တွေ့တယ်နော်... ရူပါအာရုံလေးမှာ မြင်ရင်မြင်တယ်လို့ သတိမကပ်နိုင်တော့ တပ်မက်ခြင်း တဏှာ အဖြစ်ကို ပြောင်းလဲသွားလိုက်ပုံများနော်..........
အေး ထိုလူငယ်ဟာလဲ ကျန်းမာရေးကို အထူးလိုက်စား တဲ့ကာယဗလမောင်တွေ ပီပီ........ ကိုယ့် ခန္ဓာကို ကိုယ်ပြန် သုံးသပ်လို့ အထူးကိုကျေနပ်အားရ နေချိန်ပေါ့... ဒီတော့ကာ ထင်းတစ်ချက်ပေါက်ပြီးတိုင်း သူ့လက်က ကြွက်သားတွေကို ညှစ်ညှစ်ပြနေတော့ ............ မြင်နေရတဲ့ မပဋာ လေးခမျာမှာတော့ ရင်တွေ လှိုက်ကဖို လှိုက်ကဖို ဖြစ်နေတာပေါ့........
အဲလိုကြည့်နေရင်း တစ်ခါမှာတော့ မပဋာ လေးဟာရင်တွေခုန်လွန်းလို့ နှုတ်ကနေတောင် အို ဆိုပြီးထွက်သွား ပါရောလား........ အသံလေး... ကြိုးကြာသံလေး ကဲ့သို့ အသံလေးးကို ကိုလူချောကြီး ကြားလိုက်ရတော့...... ဘယ်သူများပါလိမ့် ဆိုပြီး လည့်ကြည့်လိုက်တော့ .....
အလို.... နတ်သမီးလေးများ လူယောင်ဖန်ဆင်း ပြီးဆင်းလာရော့သလားကွယ်......... ချောလိုက်တာ လို့.... စိတ်ထဲကနေ ရေရွတ်ရင်း လက်ထဲက ပုဆိန်ကို အသာချလို့ နတ်သမီးလေးထံကို တလှမ်းချင်း လှမ်းလာရောဗျာ
မပဋာ လေးကတော့ .... အို ငါကြည့်နေတာ သူသိသွားပြီ... ရှက်လိုက်တာနော်........ ငါ့ဆီကို လာနေပါရော့လား... ဘုရား........ ဘုရား........ ဆိုပြီးတော့ ရှက်သွေးတွေ ဖြာနေတာ ပရိတ်သတ်ရေ..........
ကိုလူချောကြီးလဲ ရှေ့ကိုရောက်တော့.....
‘ ဒီမယ် အမိ...’
‘ အို .......... လန့်လိုက်တာ... ဟုတ်ပ ပြောပါ မောင်ကြီးရယ်.........’
‘ နှမတော် လေးကို တစ်ခါမှမမြင်ဖူးပါလား..... ဘယ်အရပ်က လာပါသလဲ... မောင်ကြီးတော့ နှမတော်လေးကို မြင်လိုက်ရတော့ ပုံပြင်တွေထဲက နတ်သမီး ဆိုတာလားတောင် ထင်မိပါတယ်....... နှမတော်လေးရယ်.....
မောင်ကြီးက ဒီအိမ်ပိုင်ရှင် သူကြွယ်ကြီး စီမှာ အလုပ်လုပ်ကိုင်နေတဲ့ မောင်ဒါသ လို့ ခေါ်ပါတယ်...... ’
‘နှမ လေးက အခုမောင်ကြီး အလုပ်လုပ်နေတဲ့ သူကြွယ်ကြီးရဲ့ တစ်ဦးထဲသော သမီးပါ.... အမည်သညာကတော့ မပဋာ လို့ခေါ်ပါတယ် မောင်ကြီး...... ’
‘ အော်... ကာလသားတွေ ကြားမှာ ရေပန်းစားနေတဲ့ မပဋာ ဆိုတာ နှမတော်လေးကိုး..... အခုတော့ သူတို့တွေ ပြောတာဟာ အပြောမဟုတ် လက်တွေ့ဆိုတာကို မောင်ကြီးဖြင့် ယုံလိုက်ပါပြီ နှမတော်....... ဒါထက် ခုနက နှမတော် မောင်ကြီးကို ကြည့်နေတယ်.. ဟုတ်စ.......’
‘ဟုတ်ပါတယ်..... မောင်ကြီး.. မောင်ကြီးရဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ဟိုလေ... နှမတော်ဖြင့် မမြင်ဖူး မတွေ့ဖူးတာနဲ့ အံ့အားသင့်ပြီး ကြည့်နေမိတာပါ.... အဲဒီအတွက် ဗွေမယူပါနဲ့နော်........ မောင်ကြီး...... ’
အဲလိုလဲ..... မပဋာ လေးကပြောရော ပရိတ်သတ်ရေ... ကိုဒါသက သဘောကျလို့ ရယ်တာတောင် လည်ပင်းကြွက်သားတွေ ပေါ်အောင် အတင်းညှစ်ပြီးကို ရယ်တော့တာ..............
‘ ဘာလို့ ဗွေယူရမှာလဲ နှမတော်ရယ်..... နောက်များရှေ့နှစ်ဆို မောင်ကြီးက နေပြည်တော်မှာ ကျင်းပမယ့် ကာယဗလ ပြိုင်ပွဲမှာတောင် သွားပြရမှာလေ...... အခုလိုနှမတော် လေးကြည့်တော့ကော ဘာဖြစ်မှာတုန်း.... ဟင်းဟင်း.............’
ဒီတော့ မပဋာ လေးဟာ ငယ်ရွယ်သူပီပီ စိတ်ထဲရှိတာကို လွှတ်ခနဲ ပြောမိလိုက်တယ်.......
‘ တကယ်လား... မောင်ကြီးရယ်... အို.. သို့ပေသိ ကြည့်ချင်ပေမယ့်လို့ တနှစ်များတောင်လိုသေး ပြီးတော့ ကျင်းပမှာကလဲ နေပြည်တော်မှာ အဘတို့ကလဲ ပေးလွှတ်မယ် မထင်နဲ့.... အို စိတ်လျှော့လိုက်တာ ကောင်းပါတယ်လေ....... ’
‘ နှမလေးရယ်... ဘာလို့ စိတ်တွေ အားငယ်နေရတာလဲ..... နေပြည်တော် အထိလည်း သွားစရာမလို ရှေ့နှစ်များ အထိလဲစောင့်မရာ မလို... မောင်ကြီး က နှမတော်လေး ရှေ့ကို ရောက်နေမင့်ဟာပဲ... အခုပင် မောင်ကြီး အလှပြတော့မယ်... နှမတော်လေး ကျေနပ်စ........’
အဲသလိုပြောပြီးတော့ ကိုဒါသဟာလဲ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ခပ်လှမ်းလှမ်းမှာ နေရာယူလို့ ....
‘ကဲ... ကြည့်ပေတော့... နှမတော်ရေ..... ’
ပြောပြီး ဦးဆုံး သူက လက်နှစ်ဘက်ကို လက်သီးဆုပ်လို့ အပြင်ကနေ ကားနေရာမှ အတွင်းဘက်ကို ဝိုက်လာကာ ရင်အုပ်သား တွေကို ညှစ်ထုတ်ပြတော့တာပေါ့...
နောက်တော့ ကိုဒါသက နောက်လှည့်လိုက်ပြီး လက်ကလေး နောက်ဘက်ကို ပစ်လို့ ကျောက ကြွက်သားတွေ ညှစ်ပြ......
ဘေးတစ်စောင်းလေး နေလိုက်ပြီးတော့လဲ ခြေထောက်လေးတစ်ချောင်း ကိုကွေးလို့ ပေါင်က ကြွက်သားတွေ အစွမ်းကုန် ညှစ်ပြနေတော့တာပါပဲ ပရိတ်သတ်ရေ..........
မပဋာ လေးခမျာမှာတော့ တစ်ခါမှမမြင်ဖူး မတွေ့ဖူးတော့ ပါးစပ်ကနေတောင် အို.. ဟယ်... အမေလေး..... ကြွက်သားကြီးတွေ.....စသဖြင့် အသံတွေ တောင်ထွက်အောင် အားပေးနေတာပေါ့လေ....
ကိုဒါသကလဲ သူ့ကြွက်သားတွေ အပေါ်မှာ အံ့အားတစ်ကြီး ဖြစ်နေတဲ့ မပဋာ လေးကို အစွမ်းကုန် ပြလိုက်မယ် စိတ်ကူးမိပြီးတော့.............
‘နှမလေး.. အခုဟာကဖြင့် မောင်ကြီး အထူးလေ့ကျင့်ထားပြီး ပြိုင်ပွဲမှာ ဆုမှန်းထားတဲ့ ပြကွက်လေး ပြမယ်... ရှု့စားပါ.... နှမတော်..... ’
ပြောပြီးတော့ .. ကိုဒါသဟာ အရှေ့ဘက်ကို လှည့် မတ်မတ်ရပ်လို့. သူ့ရဲ့လှပတဲ့ ဗိုက်ကြွက်သားတွေ အဲ .. ဒီခေတ်အခေါ်တော့ ဗယ်ရီ အတုံးတွေပေါ့.... အဲဒါတွေကို ပြမယ် ဆိုပြီး
မတ်မတ်ရပ် လို့ ရင်ကိုကော့ကာ အသက်ကိုမှန်မှန် ရူနေတာ......... ပြီးတော့ လက်နှစ်ဘက်ကို ခေါင်းပေါ်မှာ တင်လို့ အချင်းချင်းဆုပ်ကိုင် လိုက်ပြီးမှ ..........
ယိစ်............
ဆိုပြီး ဗိုက်သားတွေကို အညှစ်မှာတော့ အရင်ပြကွက်တွေတုန်းက ကြွက်သားတွေ ညှစ်ရလွန်းလို့ ပြေလျော့ နေတဲ့ လုံချည်ဟာ သားရေကွင်းများ တင်းနေရာမှ ပြတ်တောက်သွားသလို ဝုန်းဆို ကျွတ်သွားတော့ လက်ကလဲ အပေါ်ကို မြှောက်ထားချိန် ကိုဒါသပုံစံက ဟို ဂရိ နိုင်ငံက အချစ် ဗီးနပ် ရုပ်ထုကြီးလို ဖြစ်နေတာပ... အဲဒါကို မြင်လိုက် ရတဲ့ မပဋာ လေးကတော့..............
‘‘ အမယ်လေး ....... အဘရေ.... ကြွက်ချောင်းကြီး........ အဲ... ကြွက်မြှောင်းကြီး....... မဟုတ်ပါဘူး...... ကြွက်သားကြီး တော့.......။’’
ဆိုပြီး ရှက်ရှက်နဲ့ အိမ်ဘက်ကို ပြန်ပြေးသွားပါလေ ရောကွယ်................
အဲလိုနဲ့ ညရောက်တော့ ဗီဒီယို တွေထဲကလို မပဋာ လေးဟာလဲ တလူးလူး တလိမ့်လိမ့်နဲ့............ ကိုဒါသမှာလဲ မနက်က နတ်သမီးလေး ကို အာရုံထဲက မထွက်နဲ့ ဖြစ်နေလိုက်ကြတာ... ပရိတ်သက်ရေ...........
တိုတို ဟော၇မယ်ဆိုရင်တော့ အိုးချင်းထားတော့ အိုးချင်းထိ..... ကြိုးချင်းထားတော့ ကြိုးချင်းငြိ ဆိုသလိုပေါ့ သူတို့ လေးတွေဟာ သမီးရည်းစား ဘဝကို ရောက်သွားကြလေတယ်..........။
သမီးရည်းစား အဖြစ်နဲ့ကို နေလာလိုက်ကြတာ မပဋာလေး မိဘတွေ သိသွားချိန်မှာတော့...... ရှင်ကွဲတော့ မကွဲနိုင်ပါဘု့.... မောင်ကြီး ခေါ်ရာကို လိုက်ပါ့မယ် ဆိုတာကြောင့် ကိုဒါသကလဲ မပဋာလေးကို ခိုးယူလို့ မွေးရပ်မြေကို ပြန်လာခဲ့ ပါလေရောကွယ်.................။
ကိုဒါသကြီး အိမ်ကိုရောက်လို့ ညအခါမှာတော့ မပဋာလေး ဆိုတာက ငယ်ကလဲငယ် မိဘကိုလဲ သတိရနဲ့ စိုးရိမ်မူ့တွေနဲ့ ခုတင်အစွန်း လေးမှာထိုင်လို့ ငိုင်နေရှာတော့တာပေါ့...........။
‘‘ နှမလေး ဘာတွေများတွေး နေတာပါလဲ........ အလို...... မျက်နှာလဲ မကောင်းပါလား...... ဘာတွေများ ဖြစ်နေတာပါလိမ့် နှမတော်ရယ်.........’’
‘‘ ဘာမှတော့ မဟုတ်ပါဘူူး မောင်ကြီးရယ်........ မိဘများကို သတိရမိလို့ပါ..... မောင်ကြီးနဲ့လဲ မခွဲနိုင်ဘူးလေ.............’’
‘‘ အော်............. နှမလေးရယ်............. နောက်တော့လဲ ကျင့်သားရသွားမှာပါ.... ဒီလို စိတ်မကောင်း သလို ပုံစံကြီးနဲ့ မနေစမ်းပါနဲ့........... နှမလေး ပြုံးလိုက် ရယ်လိုက်ရင် ဖြင့် မောင်ကြီး ရင်ထဲ အေးချမ်းလွန်းလို့ပါ... မောင်ကြီးကို ရယ်ပြစမ်းပါ နှမလေးရယ်...........’’
‘‘ အိုး........... မောင်ကြီးကလဲ လူကို ဘာတွေ ခိုင်းနေမှန်း မသိတော့ဘူး ........ မရယ်ချင်ပါဘူး......’’
‘‘ လှလို့ပါ........... အေးးမြလို့ပါ နှမရယ်..
ရယ်လိုက်စမ်းပါ.............
ခစ်ခစ် ပါအောင် ရယ်လိုက်စမ်းပါ နှမရယ်.............. ’’
‘‘ ခစ်ခစ်.......... ခစ်ခစ်... ဟင်းဟင်း.... မောင်ကြီးကလဲ........’’
‘‘ ဒီလိုမှပေါ့ နှမလေးရဲ့..... မောင်ကြီးကတော့ ရွှေပင်မှာ နားနေတဲ့ ရွှေကျေးလေးကို ဟောဒီလို တဲစုတ်မှာ ထားရတာကို စိတ်မကောင်း ဖြစ်မိတယ် နှမလေးရယ်............
ဒါပေမယ့်လေ.......... နှမလေးကို မောင်ကြီးက ဖူးဖူးမှူတ်ထားမှာပါ နှမလေးရယ်.........................’’
ဒီလိုနဲ့ ပရိတ်သတ်ရေ....... ကိုဒါသက မပဋာလေးရဲ့ နှုတ်ခမ်းရဲရဲ လေးကို အသာငုံံ့နမ်းလိုက်တော့ မပဋာလေးကလဲ ပြန်လည်လို့ ဖက်ထားရင်း နှစ်ဦးသားကြားမှာ အကြားအလပ်မရှိ လေပြေတောင် သွေးလို့ မရအောင် ပူးကပ်နေကြတာပေါ့လေ.........။
မပဋာလေး ဟာလဲ ကိုဒါသရဲ့ ခေါင်းကို အသာအယာ ပွတ်လို့
‘‘ချစ်လိုက်တာ မောင်ကြီးရယ်...... အင်း.....’’
ဆိုပြီးတော့ တဏှာကို အချစ်ဆိုပြီး ခေါင်းစဉ်တပ်ကာ မေဟနွံထဲ နှစ်နေလိုက်ကြ ပုံများ.............
ပရိတ်သတ်ရေ...............
အဲဒါကို ကိုယ်က မြင်တက် သင်ခန်းစာ ယူတက်ရမယ်နော်............’’
အဲသလို နွံတွေ နှစ်လာလိုက်ကြတာ ကလေးတစ်ယောက် ရလို့ နောက်ထပ် တစ်ယောက်ကို ကိုယ်ဝန်ဆောင် မီးဖါွးခါနီးမှတော့ ...................။
‘‘ ကိုဒါသရေ........ နှမဖြင့် ဒီရက်ပိုင်း မိဘတွေကို အလွန်မှ သတိရနေပါတယ်..... နေများကောင်းပါလေစ... နှမဖြင့် ဒီကိုယ်ဝန်ကို မိဘများစီမှာ မွေးဖွားချင်မိတယ်...... လိုက်ပို့ပါ မောင်ကြီးရေ.................’’
ကိုဒါသကတော့ မွေးခါနီး လိုက်မပို့ချင်ပေမယ့်လို့ သူစိတ်အားငယ်ရှာမယ်လေ ဆိုပြီး ကိုဒါသက အထုတ်လေးကို ထမ်းလို့ မပဋာ ကတော့ ရိက္ခာထမင်းထုပ်လေး ခေါင်းပေါ်ရွက်.... သားကို လက်ဆွဲ မိဘတွေစီကို ပြန်လာခဲ့ ကြရောကွယ်.................။
လမ်းခရီး တောတွင်းတနေရာကို ရောက်တော့ ကောင်းကင် တစ်ခုလုံး မဲမှောင်လို့ မိုးကြီးသည်းထန်စွာ ရွာလာချိန်မတော့ မပဋာလေးရဲ့ ဝမ်းကြာတိုက်ဟာ လှုပ်ရှားလို့ မီးဖွားချင် စိတ်တွေ ဖြစ်လာရော......
မိုးတွေကလဲရွာနေတော့ သားကို အင်ဖက်လေး မိုးပေးလို့ မပဋာကို တော်ရာမှာ လဲှခိုင်းကာ အပူရျိန်လေး ရအောင် မီးဖိုဖို့ ကိုဒါသ မိုးထဲလေထဲ ထင်းရှာထွက်ခဲ့ပြီ..................
ကိုဒါသလဲ ခြောက်မယ်ထင်တဲ့ ထင်းတွေကိုရှာကြံ စုဆောင်းနေစဉ် မိုးကလဲ အေးတော့ ဆီးသွားချင်လာတယ် ပရိတ်သတ်ရဲ့.............။
ဒါနဲ့ ခြုံကွယ်အစပ်မှာ ထိုင်လို့ ဆီးသွားတော့ အောက်မှာ မိုးအေးအေးနဲ့ အိပ်ပျော်နေတဲ့ မြွေက ရုတ်တရက် ပူနွေးလာလို့ ထင်ပါရဲ့............ ဘာများတုန်းဟ....... ဆိုပြီး ထအကြည့်မှာတော့...........
‘‘ အလိုလေး............ တသက်တကိုယ် တစ်ခါမျှပင် မမြင်ဖူးတဲ့ မြွေကတုံးကြီးပါလား........ ဦးအောင်ပေါက်မှ ဆိုပြီး ပေါက်ချလိုက်တာ .... ကိုဒါသ ခမြာ ရှေးဦးသူနာပြုစုဖို့ မကောင်းတဲ့ နေရာကို မြွေစွယ်ထိလို့ ပွဲချင်းပြီး သေပါလေရော............... ပရိတ်သတ်ရေ................’’
ဒီဘက်မှာ ကျန်ခဲ့တဲ့ မပဋာလေးကတော့ ‘‘ ကိုဒါသရေ ... အမလေး နာလှချည်ရဲ့’’ ဆိုပြီး အော်ဟစ် ငိုယိုကာ ကလေးလေး မီးဖွားသန့်စင် လာတယ်....။
ကလေးလဲ မွေးပြီးရော‘‘ ဘုရား........... ဘုရား....... ကိုဒါသ ဘာတွေဖြစ်နေတာပါလိမ့်....... စိုးရိမ်စိတ်လေးနဲ့ ကလေးတစ်ဦးကို လက်ကဆွဲ.... မွေးစသားငယ်ကို ရင်မှာ ပိုက်လို့ ကိုဒါသကို လိုက်ရှာပါလေရော.......
တောတွင်းတစ်နေရာ ကိုအရောက်မှာတော့ တစ်ကိုယ်လုံး ပြာနှမ်းြ့ပီး မျက်လုံးတွေ ပြူးကာ သေနေလေတဲ့ ချစ်လင်ကို တွေ့ရတော့ ............
‘‘ အော်......... အားကိုးရာမဲ့ပါပေါ့လား........... ဒီမယ်..... ရှင့်သားလေး ကိုထကြည့်ပါဦး.......
အို... ငါငိုနေလို့ မဖြစ်သေးပါဘူး..... ငါ့မှာ ကလေးတွေရှိသေးတယ်..... မိဘတွေစီကို အရောက်သွားမှ ဖြစ်မယ် .........’’
ဒါနဲ့ ကိုဒါသ အလောင်းကိုတော့ ကျောက်တုံးလေးတွေနဲ့ စီရီဖုံးဖိလို့ ခေါင်းရင်းမှာတော့ အပေါင်းပုံ သစ်ကိုင်းလေး တစ်ခုကို စိုက်လို့ ကိုဒါသကြီး ဆောင်းနေကြ ခမောက်လေးကို သစ်ကိုင်းပေါ်မှာ ချိတ်ကာ လင်ကို ရှိခိုးလို့ မိဘတွေစီကို လှမ်းလာခဲ့ပြန်လေပြီ............
လမ်းခရီး ရေစီးသန်တဲ့ ချောင်းလေးတစ်ခု ကိုအရောက်မှာတော့ မွေးစကလေးကို ဒီဘက်မှာ ပုဆိုးနဲ့ထုတ် သိပ်ခဲ့ပြီး ကျန်တဲ့ သားကို ပခုံးပေါ်တင်လို့ ချောင်းကိုကူးတာပေါ့ .....
ဟိုဘက်ရောက်တော့ သားရေ... ခဏ နေဦးဟဲ့......... မေမေ ညီလေးကို သွားခေါ်ဦးမယ် ဆိုပြီး ပြန်အလာမှာ အစာရှာနေတဲ့ သိမ်းစွန်ငှက် တစ်ကောင်က မွေးစကလေးကို အစာထင် သုတ်ချီ ပြေးမယ်လုပ်နေတော့
‘‘ ဟဲ့..... ဝေးးးးးးးး ဟဲ့............ ရွေး...... ရွေး.......’’
ဆိုပြီး စွန်ကို ခြောက်တာကို ဒီဘက်ကမ်းက သားက မေမေတော့ ငါ့ကို ခေါ်နေပြီ... သွားမှဆိုပြီး ရေထဲကိုအဆင်း အားသန်တဲ့ ရေစီးမှာ မြောအပါ မပဋာကတော့ သူ့သားလေးလက်ကို လှမ်းဆွဲတာ သားရဲ့လက်အိတ်လေးကို ဆွဲကိုင်မိတော့...........
‘သားရေ... သားလေး.... ကိုင်ထား.... ကိုင်ထား... မလွတ်စေနဲ့......’
‘မေမေ..... မရတော့ဘူး... နှစ်ယောက်စလုံး သေကုန်လိမ့်မယ်...... သားကိုလွတ်လိုက်ပါတော့......အား......’
‘အို... သားကိုမေမေ ရအောင် ကယ်မယ်...... သားမပါပဲ မေမေ မသွားနိုင်ဘူး...... အား.... သား.... သား’
ဘယ်လိုပင်ကြိုးစားပါသော်လဲ ရေစီးအရှိန်ကို မတွန်းလှန်နိုင်တဲ့ အတွက် သားကြီးကိုပါ မပဋာ လက်လွတ် ဆုံးရှူံးလိုက်ရတယ်...............
ကမ်းစပ်မှာ သားရဲ့ လက်အိတ်လေးကို ကိုင်ပြီး ငိုနေတဲ့ မပဋာလေး...... ဘယ်လေက်ကြွေကွဲ နေမလဲ ဆိုတာတော့ တွေးကြည့်ပေါ့ ပရိတ်သတ်ရေ.......
ဒါပေသိ မပဋာလေးဟာ ငါ့မိဘတွေစီကို ရောက်အောင်သွားမယ် ဆိုပြီး အားတင်းလို့ လှမ်းလာလိုက်တာ ညနေစောင်းတော့ မွေးရပ်ဇာတိမြေကို ဝင်ရောက်ခဲ့ပါလေရောကွယ်.......
အဲဒီမှာ ပြောချင်တာက မပဋာလေးဟာ နဂိုကကို ချောမောလှပသူ ဖြစ်တဲ့ အလျောက် အခုတော့ သွေးနု သားနု နဲ့ တစ်သားမွေး တစ်သွေးလှနေတဲ့ အပြင် ရေစိုနေတဲ့ ကိုယ်လုံးလေးနဲ့ ဆိုတော့ မြို့ထဲကို အဝင် ကာလသားတွေမှာ တွံတွေးတွေ တစ်ဂွပ်ဂွပ်နဲ့ ဖြစ်နေတာပေါ့........
မြို့ထဲမှာလဲ အိမ်နားနီးလာလေ လူတွေကများလာလို့ အနားကလူတစ်ယောက်ကို မေးတော့ ပြန်မဖြေပဲ ဘယ်သူမှ အရေးမလုပ်ဖြစ်နေတော့.......
အပေါ်အကျီၤ ကြယ်သီး တစ်လုံးကိုဖြုတ်လို့ ရင်သားတို့ကို လှစ်ဟကာ မာယာနဲ့ ဆွဲဆောင်ပြီး မေးတော့မှ.
‘‘သူကြွယ်ကြီးတို့အိမ် မီးလောင်တာ... လင်မယားနှစ်ယောက်စလုံးသေ........ ပစ္စည်းတွေလဲ ဘာမှမကျန်ဘူး ကုန်ပြီလေ.....’’
‘‘ အလိုလေး.......... မေမေ.... ဖေဖေရယ် အဖြစ်တွေရယ် ဆိုးလှပါလား....... သမီးပြန်လာပြီလေ..... မေမေရဲ့ သမီးကို ချစ်လျက်တော့ မထားခဲ့ကြပါနဲ့..................’’
ပရိတ်သတ်ရေ...... တွေးကြည့်စမ်း..... လင်ကိုမြွေပေါက်လို့ သေ...... သားကြိးကရေနစ်...... သားငယ်ကို စွန်ချီ မိဘတွေက အသေဆိုးနဲ့သေ..... မစ္စည်းတွေ ဆုံးလို့ ခံစားနေရတဲ့ အပူတွေဟာ မပဋာလေး ရင်ထဲမှာ တရှိန်ရှိန် တက်ခါနေတာပေါ့ကွယ်.........
စိတ်ထဲခံစား နေရာမှ ပူလောင်လွန်းတော့ တကိုယ်လုံးပူ သလိုဖြစ်လာပြီး ဆင်ခြင်တုံအသိတရား ကင်းလွတ်သွားတဲ့ မပဋာလေးဟာ ဝတ်ထားတဲ့ အဝတ်တွေကို ချွတ်လို့ ခြေဦးတည့်ရာ ကိုပြေးလွှားနေလိုက်တာ ကာလသားတွေ ဆိုတာလဲ နောက်ကနေ ထပ်ကြပ်မကွာပေါ့လေ..... အေးပေါ့... ပရိတ်သတ်ကြီးရဲ့ အခုခေတ်လို အင်တာနက်တွေကလဲ မရှိတော့ သူတို့အဖို့တော့ အထူးအဆန်းလို ဖြစ်နေတာပေါ့.......
မပဋာ လေးကတော့ အသိတွေလွတ်နေတော့ မြေကြီးပေါ်မှာ လူးလှိမ့် ငိုယိုနေတော့တာပေါ့လေ.. အဲဒါကို အရပ်ထဲမှာ ပဋာ မြေလူးတယ် ဆိုပြီးတော့ ပြောနေကြတာပေါ့ကွယ်......
တစ်ခါတစ်လေတော့ လူးလိမ့်နေရာကနေ ထလို့ ဖုတ်ခါနေပြန်ရင်တော့ အမလေး ကာလသားတွေများ ကြက်သေသေနေသလိုပါပဲ......... ဖုတ်ဆိုတာ ဖုံမှုန့်ကို ပြောတာပါ ပရိတ်သတ်ရဲ့.......
အဲလို မပဋာမြေလူး အရူးမီးဝိုင်းဖြစ်နေတာကို တို့ရဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သိတဲ့ အခါမှာတော့ မပဋာ တရားရချိန်တန်ပြီ ဆိုပြီးတော့ နောက်လိုက် နောက်ပါတွေနဲ့ ကြွချီလို့ တရားရေအေး တိုက်ကျွေးတော့မှ မပဋာလေးဟာ ဉာဏ်အလင်းတွေပွင့်လို့ နိဗ္ဗာန် စခန်းကို တက်လှမ်းသွားပါတော့တယ်
ကဲကဲ.......... နောက်ဆုံး တရားလေးရွတ်ဆိုပြီးရင် ဒီနေ့အဖို့တော့ တရားနိဂုံးချုပ်ပါတော့မယ်......
ပရိတ်သတ်ရေ.......
‘‘ ထိုကဲ့သို့....... အပျိုစင်လေးနဲ့ တူသော စိတ်ကို သတိဆိုသော ရင်ခွင်ကျယ်ကြီးထဲမှာ ပွေ့ဖက်ထားကာ သူလေးကို ကိုယ့်ဘက်ပါအောင် အမှတ်သတိဆိုသော အနမ်းများဖြင့် အမြဲမပြတ် ချုပ်ကိုင်ထားနိုင်ကြပါစေသော်.....................’’
သာဓု......... သာဓု.............. သာဓု....................
A KA
ဘတ်သီးကတော့ တခြားတရားတွေနာဖူးပေမယ့် ဘဘဟောခဲ့တာပဲ စိတ်ထဲစွဲနေတာဗျ
Comments
Post a Comment