Skip to main content

ပြာဖြစ်သွားသော စိန်

မြစ်ပြင်အား ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးကို တဝရှုသွင်းရင်း ဘေး၌ရှိသော သစ်သားခုံလေးပေါ်၌ ထိုင်လိုက်၏။ ပတ်ဝန်းကျင်တစ်ခွင်လုံးကား တိတ်ဆိတ်ငြိမ်သက်နေ၏။ တစ်ခါတစ်ရံ အရှေ့ကားလမ်းပေါ်မှ ဖြတ်သန်းသွားသော ကားအချို့ကြောင့် ပတ်ဝန်းကျင်မှာ ဆူဆူညံညံ အသက်ဝင်လာသကဲ့သို့ ရှိသော်လည်း ကားလွန်သွားသည် နှင့်တစ်ပြိုင်နက် ပြန်လည်ကာ တိတ်ဆိတ်ငြိမ်သက် သွားပြန်လေတော့သည်......။


ကျွနု်ပ်သည် ခြံဝင်းအတွင်း၌ ပေါက်နေသော သစ်ပင်ပန်းမန်များ၏ အလှကိုကြည်နူးစွာ ခံစားရင်း ဒီခြံလေးကို ပြောင်းလာတာ မှန်တယ်လို့ ကိုယ့်ကိုကိုယ် ချီးကျူးနေမိသေးတယ်...။ ကိုယ်တတ်သိနားလည်ထားတဲ့ စာပေပညာနဲ့ ပရိတ်သတ်ကို အကျိုးပြုမယ်ဟဲ့လို့ မတန်မရာတွေးပြီး ... စာရေးဆရာတွေဆိုတာ အာရုံတွေ အမြဲလန်းဆန်းနေဖို့ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခုပြောင်းရမယ် ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ လူအထင်ကြီးလဲ မနဲဘူးဆိုပြီး ဒီကိုရောက်လာတာပဲဗျို့...။ ဒီနေ့မနက်ထတော့ ညကအရှိန်နဲ့ လူတစ်ကိုယ်လုံး မလှုပ်ချင်ဖြစ်နေ... စာရေးရမယ့် တာဝန်ကလဲရှိသေးတယ်... ဒီတော့ကာ အရက်နာကျတာကို အရက်နဲ့ ပြန်တိုက်ရသင့်တယ်လို့ တွေးမိတယ်...။ အဟေး... နိုင်ငံရေးသမားတွေ အပြောလေးနဲ့ဆိုရင်တော့ ပူးသတ်တယ်ဆိုလားပဲ....။


ခက်တာက ဆိုင်ကဘယ်မှာရှိနေမှန်းလဲ မသိ.. ကိုယ်ကလူသစ်ဆိုတော့ ဆိုင်တွေ့တာတောင် ရဲရဲမဝင်ရဲဘူးဗျို့....။ ဘာပဲပြောပြော အို... နောက်တော့လဲ လူဟောင်းဖြစ်သွားမှာပါလေ... အရေးကြီးတာ ပထမခြေလှမ်းတဲ့... ကြာပါတယ် ဆိုပြီးထွက်လာလိုက်တာ စိတ်ကသိပ်မပါရှာဘူးထင်တယ်... သိပ်မရှာလိုက်ရပါဘူး... တွေ့တာပဲ...

ဆိုင်တော့တွေ့ပါပြီ.. ကျုပ်က လူကသာဇိုး မျိုးရိုးကကြီးကျယ်သူဆိုတော့ ဇွတ်ဝင်လို့က မဖြစ်သေးဘူး... ပတ်ဝန်းကျင်ကို မသိမသာလေး အကဲခတ် လူရှင်းပြီဆိုမှသွားတာ... ဒါတောင် ဆိုင်ကိုဦးတည်ပြီး တည့်တည့်လျှောက်တာ မဟုတ်ဘူးဗျ... ဆိုင်မရောက်ခင် ဆိုင်ဘေးကနေ လျှောက်တာနော်... မျက်လုံးတွေကလည်း ဆိုင်ကိုလုံး၀ ကြည့်တာမဟုတ်ဘူး.. ဘေးကကြည့်နေရင်တော့ အရက်ဆိုင်လာတာမဟုတ်ဘူးပေါ့နော်... အမှန်တော့ ကိုယ့်ဟာကိုယ် မလုံတာ.. ဘယ်သူကမှလဲ ကျုပ်ကို စိတ်ဝင်တစား ကြည့်နေတာမဟုတ်လေ... ထားပါ...


ဒီလိုနဲ့လျှောက်တာ ဆိုင်ရှေ့အပေါက်တည့်တည့် ရောက်တာတောင် ဆိုင်ဘက်ကိုလုံး၀ ကြည့်တာမဟုတ်ဘူးနော်... သိပ်ရိုးသားတာပဲ... ပြီးတော့ ဆိုင်အပေါက်ဝကို ခြေဦးမလှည့်ပဲ ဘေးတိုက်ကြီး စွေ့ခနဲ ကျွိဆိုဝင်သွားရော...

``ဟဲ့.... သောက်ခွေး.....´´

အဲလို ဘေးတိုက်ကြီးနဲ့ ပါကင်ထိုးကာမှ ဆိုင်တံခါးနောက် ခုံမှာထိုင်ပြီး သောက်နေတဲ့လူရဲ့ ခြေကိုမှတက်နင်းမိတာ...


`` ဟာ.. ဆရာ ဆောရီးပါဗျာ.... ဟို.. မမြင်လိုက်လို့ပါ....´´ အသဲအသန်ကို တောင်းပန်ရတာ.. ဟုတ်တယ်လေ ကိုယ့်ရွာမှာသာ ကြက်ဖလုပ်လို့ရမယ်... သူစိမ်းနယ်ထဲတော့ ခေါင်းကြောမာတာတောင် ချိုထောင်ရဲတာမဟုတ်ဘူးဗျို့...........


ထိုင်နေတဲ့ ငနဲကလဲ ခြေထောက်ကို ဆန့်ထားရာက ပြန်ရုတ်ပြီး ကျုပ်ကို သေချာကြည့်နေတာဗျ.. ပြီးမှ

``ရတယ်.. ရတယ် မောင်ရင်.. လူသစ်ဆိုတော့ ခွင့်လွတ်ရတာပေါ့လေ... တစ်ခြားကောင်တွေ ဆိုရင်တော့.. ဟွန်း´´ ဆိုပြီး အရက်ခွက်ကို တစ်ရှိန်ထိုးကိုမော့လိုက်တာ.....


အဲလိုလုပ်ရပ်တွေကို မြင်ရလေ ကြောက်သွေးတွေဆိုတာ နားထင်ကို တထိန်းထိန်း လာဆောင့်တာ... ဒါပေမယ့် ငနဲကြီးကလဲ ပြောတာကြည့်လေ... တခြားကောင်တွေဆိုရင်.. ဟွန်းတဲ့.... စကားကိုရှေ့ဆက်မပြောပဲ အရက်ကို ကွိခနဲသောက်ပြီး ပြောသွားတာ.. ချိုထောင်ချင်စိတ်ကများနေတော့ ရေတောင်မရောရသေးတာကို ယောင်ပြီးမော့တာ.. သောက်ပြီးမှ မျိုချဖို့ကလဲ အခက်... ထွေးထုတ်ဖို့ကလဲ ကျုပ်ရှိနေတော့ သိက္ခာတော့ အကျမခံဘူးဆိုတဲ့ သဘောနဲ့ ကြိတ်မျိုနေတာများ.... လဒကြီး အစာနင်နေသလို စလုတ်ကြီး တက်လိုက်ဆင်းလိုက် မေးပြားကြီး ရှေ့တိုးနောက်ဆုတ်နဲ့ ဗျာ...

စိတ်ထဲမှာ ကြိတ်ဝမ်းသာပေမယ့် ကိုယ်ကအားနာသလိုပုံစံလုပ် ပြုံးပြပြီး ဆိုင်ထဲခပ်သွက်သွက် ဝင်လာရတယ်.. မလွယ်ပါဘူး... ဆိုင်သစ်မှာမှ တလွဲလာဖြစ်ရတယ်လို့....။ ကျုပ်လဲ သူ့မလှမ်းမကမ်းက ခုံမှာထိုင် မှာစရာရှိတာမှာ လာချတာနဲ့ ခေါတောမော့လေးမော့လိုက်မှ နေသာထိုင်သာရှိသွားတာ... ။

စိတ်ကမကြည့်ရဲပေမယ့် မျက်လုံးကသူ့ဆီကို အလိုလိုရောက်သွားတာ.. ငါ့များ ကြည့်နေလားပေါ့နော်...။
မကြည့်ဘူးဟ.. ဘာမှကိုမဖြစ်သလိုပဲ ဘာစာအုပ်ကြီးမှန်း မသိစိတ်ဝင်တစ်စား ဖတ်နေတာ...။ ဒီလိုအချိန်မျိုုးမှာတောင် အချိန်ကို အကုန်မခံပဲဖတ်နေပုံထောက်တော့ တကယ့်စာကြမ်းပိုးကြီးပဲဖြစ်မှာ... ဟုတ်နေရင်တော့ ဘာပဲပြောပြော မိတ်ဖွဲ့ထားရမယ်.. အခုတော့ မိတ်ဖွဲ့ဖို့ မပြောနဲ့ စေ့စေ့တောင်မကြည့်ရဲသေးဘူး... ။

ပြောရဦးမယ်... သူကစာဖတ်တာ သူများနဲ့မတူဘူးဗျ... ဖတ်နေရင်း တချို့နေရာတွေဆိုရင်... အိုး... မိုင်.. ဂေါ့ဒ် ဆိုပြီး အော်ချင်အော်နေတာ... တစ်ခါတစ်လေများ... ပေါင်ကိုလက်ဝါးနဲ့ ရိုက်လိုက်ပြီး ဂရိတ်... အမေးဇင်း.. အမေးဇင်း လို့လဲ ထထအော်သေးတာ... အဲလိုမျိုးတွေ အော်လိုက် ထရယ်လိုက် လုပ်နေတော့ ကျုပ်ကလဲ စိတ်ဝင်စားပြီးကို သေချာငေးကြည့်နေတာ... အဲလိုကြည့်နေရင်း တစ်ချက်မှာတော့ သူကစာအုပ်ကြီးကို ကျော်ပြီးကျုပ်ကို လှမ်းအကြည့်.. ကျုပ်ကလဲ သေချာငေးနေချိန်သွားဆုံတော့... ဟိုက်... ငါကြည့်နေတာ သိသွားပြီ.. ပြဿနာများရှာရင် အခက်.. အို ဒူးတွေကလဲ ခုံညင်းဒိုးနေရာကပဲ ဇိဇိဇိဇိ နဲ့လှုပ်နေတာ.. ဘာလုပ်ရမှန်းမသိတော့ အယောင်ယောင်အမှားမှားနဲ့ ရှေ့ကခွက်ကိုကောက်မော့တော့တာပေါ့...

ဟိုက်.. ငါတော့ထိပဟ... ကြောက်ကြောက်နဲ့ မော့လိုက်တာ ရေမရောသေးတာ အခုမှသိတယ်... ခုနက ငနဲကြီးဖြစ်သလိုပဲ စလုတ်ကြီးတက်လိုက်ဆင်းလိုက် မေးပြားကြီး ရှေ့တိုးနောက်ငင် ဖြစ်နေတာ.. နောင်တရလိုက်တာ.. အခုမှကိုယ်ချင်းစာမိတယ်... ကျုပ်အဲလိုဖြစ်နေတာကို သူကသေချာကိုကြည့်နေတာ... ကျုပ်လဲ မျိုချလို့ကုန်မှ ရှေ့ကဗူးသီးကြော် တစ်ချောင်းကောက်ကိုင် ပြီးတော့တစ်ခါထဲ တန်းမစားဘူးနော်... ကလေးတွေ မုန့်စားတာသေချာမြင်ဘူးလား... ချက်ချင်းမစားဘူးနော်.. နှမြောလို့.. ဥပမာ ငှက်ပျောသီးတွေဘာတွေစားရင် အရင်စုပ်နေသေးတာ... အဲလိုနည်းနည်းချင်းစားတာ... အခုလဲ ကျုပ်ကအဲလိုမျိုး... တန်းမစားဘူး... စုပ်ပြီးစားတာ.. ကလေးအထာပေါ့လေ.. တော်ကြာသူက ရုပ်ကိုကြည့်ပြီး ကိုယ့်ကိုထောင်ထွက်လောက် ထင်ထားမှာ... ။ အဲလိုထင်ပြီး ကောင်းဘွိုင်ကားတွေထဲကလို လာစိန်ခေါ်နေရင်အခက်.. အဲဒါကြောင့် လူမိုက်မဟုတ်ဘူး... ကလေးစိတ်နဲ့ ပေါတောတောလေး ထင်အောင်လုပ်ပြနေရတာ.... လုပ်သာလုပ်နေရတယ် စိတ်ကတော့မလုံဘူး....။

တစ်ယောက်ထဲ အလုပ်တွေရှုပ်နေရင်း အခြေအနေလေးသိချင်လာတော့ မျက်လုံးလေး ဝေ့ပြီးကြည့်မိတယ်..

``ဟဲ့ ... ငှက်ပျောသီး... အဲလေ.. ဟို ဟို ဆရာ.... ဘယ်လိုလုပ်ဘေးကိုရောက်နေတာလဲဟင်... ကျနော်ကလူမိုက်မဟုတ်ပါဘူးဗျာ... ရပ်ကွက်ရုံးတောင် မှတ်ပုံတင်လုပ်တုန်းက တစ်ခါရောက်ဖူးတာပါဗျာ....´´

``ရီလက်... မောင်ရင်... ရီလက် ... မောင်ရင်ကိုကြည့်ရတာ သူစိမ်းနဲ့တူတယ်... ပြီးတော့ တစ်ခုခုကို ကြောက်နေပုံရတယ်... ´´

``ဟုတ်ကဲ့.. လူစိမ်းဆိုတော့လေ.. ဟဲဟဲ ရှိန်နေတဲ့သဘောလေးပါ ခင်ည...´´

အဲလိုလေး ချိုချိုသာသာ ပြန်ပြောရတာပေါ့ဗျာ...။

``မရှိန်ပါနဲ့ကွ... ဒီမှာက အားလုံးအေးအေးဆေးဆေးပါ.. ပြဿနာရှာမယ့်ကောင် မရှိပါဘူးဟ....´´

အဲလိုလေးကြားရမှ ခုံညင်းဒိုးက ငြိမ်သွားတော့တာ... ။ ကျုပ်လဲ ဒီတော့ သူ့ကို

``ဟုတ်ကဲ့.. ဆရာ မှာပါ.. အတူတူသောက်ကြတာပေါ့.. မိတ်ဖြစ်ဆွေဖြစ်လေးပေါ့......
ညီလေးရေ တစ်လုံးလုပ်ဟေ့... ဖားကြော်လေးပါ လုပ်ကွာ...´´ ဆိုပြီး လောကဝတ်ပြုရတာပေါ့ဗျာ....။


သူကမျက်မှန်ကိုချွတ် စားပွဲပေါ်အသာတင်ပြီး...

``အေး.. လုပ်ကြတာပေါ့.. ငါလဲအဖော် မရှိလို့ပျင်းနေတာကွ....ဒါထက် မင်းကဒီရောက်တာကြာပလား...´´

`` မနေ့ကမှပြောင်းလာတာပါ.....´´

``တစ်ကိုယ်ထဲလားကွ... ဟို .. မိန်းမတွေဘာတွေကော.....´´

ကျုပ်.. သူ့ကိုလေးစားသလိုတောင်ဖြစ်သွားတယ်... ဒီရုပ်ကြီးနဲ့မိန်းမရလောက်တယ် ထင်သေးတယ်ဆိုပြီးတော့.. ကိုယ့်ဟာကို ထင်နေတာလွန်နေတာဖြစ်မယ်...ဆိုပြီး အားတောင်တက်သွားတယ်...

``မရှိပါဘူး ဆရာ.. စာရေးမယ် ရည်ရွယ်ချက်နဲ့ ဒီလိုအေးဆေးတိတ်ငြိမ်တဲ့ ရပ်ကွက်လေးကို ပြောင်းလာတာပါ....´´

သူက ကျုပ်စကားကြားတော့ မျက်ခုံးတောင်မြှင့်တက်သွားပြီး အံ့ဩသလိုမျိုးနဲ့....

``ေဩာ်.... မောင်ရင်က စာရေးဆရာကိုး... သူတော်အချင်းချင်းတော့ သတင်းလွေ့ပြီပေါ့ကွာ... ကိုယ်ကလဲ စာရေးဆရာကွ... ´´ ဂုဏ်ယူသလို လေသံနဲ့ပြောလာတော့....။

``ထင်တယ် ဆရာရ.. ခုနက ဆရာစာကိုသဲကြီးမဲကြီး ဖက်နေကထဲကိုက တော်တန်ရုံလောက်တော့ မဟုတ်လောက်ဘူး ... တွေးမိနေတာ... ဆရာကကော ဒီရပ်ကွက်မှာနေတာ ကြာပြီလား.. ဒီဇာတိပဲလား ဆရာ´´။

`` ပြောရမယ်ဆိုရင်တော့ ဒီမှာနေတာ ကြာပြီကွ... ဒါပေမယ့် ကိုယ်က မအူသားဟ... အဖေက ကျွန်းသား.. အမေကတော့ မယ်ဇလီသူကွ..... ဟင်း ဟင်း.....´´


ဘာပြောရမယ်တောင်မသိဘူး... အပင်တွေ စုံနေတာပဲ.. တွေ့ဖူးပါ့ဗျာ... ဒီလိုလူမျိုး... စကားပြောရင် အဲလိုမျိုး ပေါက်တက်ကရတွေပြော.. ပြီးရင် အဓိပ္ပါယ်ကို ချက်ချင်းမရှင်းပဲ သူများက မေးမှ ဆရာကြီးဂိုက်ဖမ်းပြီး ရှင်းပြတာမျိုး... အခုလဲ အဲလိုပြောချင်တာပြောပြီး ပြုံးပြုံးကြီးနဲ့ ကြည့်လို့ ကျုပ်အမေးကို စောင့်နေတာ.. ကျုပ်ဆိုတဲ့ကောင်ကလဲ သူများတစ်ခါ အိုးနင်းခွက်နင်း ဖြစ်တာကို သိပ်ပျော်တာ.... အဲဒါကြောင့် ရှင်းပြပါဦး ဆရာရယ် လို့မပြောဘူး... မသိချင်ယောင်ကိုဆောင်နေပြီး ရှေ့ကခွက်တွေထဲ သေရည်ကိုအညီအမျှ ငှဲ့နေတာပေါ့ဗျာ...

သူထင်သလို အမေးစကားက ပြန်မလာတော့ မပြောပဲနေပါလား.. မနေဘူးဗျာ... နှုတ်ခမ်းမဲပြာကြီးကို လျှာနဲ့ သပ်လိုက်ပြီး......

``ဒီလိုကွ... ကိုယ်က မအူပင်မှာမွေးတာလေ... အဖေကတော့ ဟိုင်းကြီးကျွန်းဇာတိကွ... အဲ.. အမေကတော့ မယ်ဇလီသူ လို့ပြောတာ.. မောင်ရင်နားရှုပ်သွားတယ် ထင်လို့ပြောပြတာဟ... ကိုယ်က မအူပင်မှာ သိပ်မကြာလိုက်ပါဘူး... စာရေးမယ်ဆိုပြီး အိမ်ကထွက်လာတာတော့ ဒီကိုရောက်လာတာပဲ.....´´

``ဟုတ်ကဲ့.. ဒါနဲ့ ဆရာ့နာမည်တောင်မသိရသေးဘူး.. ပြီးတော့ ဆရာ့ကလောင်နာမည်ကကော.. ပြောပြပါဦး´´

ကျုပ်စကားကိုကြားတော့ သူကမျက်နှာက ချက်ချင်းကို မှိုင်းညို့သွားတာ... ခေါင်းလေးမော့ လေကိုတစ်ဝရှုပြီး.........။

`` ကျုပ်အကြောင်းကို မောင်ရင်ကြားရင် သိပ်ရင်နာစရာကောင်းတာကိုသိလိမ့်မယ်.... ကိုယ်ငယ်ငယ်က စာစရေးလို့ လုံးခြင်းတစ်အုပ်စထုတ်တဲ့ အချိန်ပေါ့ကွာ.... ကိုယ်ရေးတာ အချစ်ဇာတ်လမ်းကွ... ကိုယ့်ဇာတ်လမ်းလေးက ချစ်သူရည်းစားနှစ်ယောက်မှာ ကောင်လေးကဆင်းရဲတယ်ကွာ... ကောင်မလေးကချမ်းသာတယ်... မိဘတွေက သဘောမတူဘူးပေါ့... အဲဒီဇာတ်မှာ အသက်ဝင်သွားတာက ဗီလိန်... အေး.. အဲဒီဗီလိန်နေရာကို ကိုယ်သရုပ်ဖော်တာများကွာ .. အခုနေဆို မင်းကိုထိုင်ကြည့်ပြီး ရေးထားသလားထင်ရတယ်... ပီပြင်လိုက်တာ... ´´

သူ့ဟာသူပြောရင်းကို ကျုပ်ကိုလှည့်တိုက်လိုက်သေးတယ်... ဗီလိန်များကျုပ်ကို ထိုင်ကြည့်ပြီး ရေးရသတဲ့လေ...စိတ်ထဲက ကြိတ်ဆဲလိုက်သေးတာ....

``နောက်ဆုံးတော့ကွာ သူတို့လေးတွေ အိမ်ကထွက်အပြေး.... မိဘတွေကလဲ နောက်ကနေလိုက်.... မိခါနီးမှာတော့ ဝေးရမယ့်အတူတူ နှစ်ယောက်စလုံး သေတာမှကောင်းမယ်ဟဲ့ ဆိုပြီး တံတားပေါ်ကနေ ခုန်ချသွားရော... အဲဒီလိုခုန်မချခင်မှာ ကောင်လေးက ကောင်မလေးကိုပြောတဲ့စကား ကောင်မလေးကလဲ ပြန်ပြောတဲ့စကားတွေက လူငယ်ပရိတ်သတ်တွေ လွှတ်ကြိုက်ကြတာပေါ့... ဘယ်လောက်တောင်လဲဆို အပြင်မှာစုံတွဲတွေလဲ အဆင်မပြေဖြစ်တိုင်း တံတားပေါ်တက် ဇာတ်လမ်းထဲက ခုန်ချခါနီးပြောတဲ့ စကားတွေပြောလို့ သတ်သေသွားကြတာ.......´´


ပြောပုံက.. ကြည့် ..ကျုပ်လဲအူယားလာတာနဲ့...

``ဆရာက သူတို့တွေပြောတာကို ဘယ်လိုလုပ်ကြားတာလဲဟင်....´´

``အဲဒီအချိန်ကိုယ်က တံတားအောက်မှာ ငါးမျှားနေတာလေ... ဟင်း.. ဟင်း.....´´

ဒီလိုမေးခွန်းမျိုးနဲ့ လာမစမ်းနဲ့ သေသွားမယ်ဆိုတဲ့ အချိုးနဲ့ တဟင်းဟင်း ရယ်နေသေးတာ.. ဆက်ပြီး

``အဲကနေစလို့ ကိုယ်လဲ ထက်မြက်ပြီး ပြောင်တင်းနေတဲ့ ကိုယ့်ရဲ့ ကလောင်တစ်စင်းကို သိမ်းထားခဲ့တာကြာပေါ့လေ.. မြန်မာတစ်ပြည်လုံး ကျွတ်ကျွတ်ဆူသွားတဲ့ ဇာတ်လမ်းလေးကို မောင်ရင်သာ စာပေဗဟုသုတ လိုက်စားသူဆို သိလောက်ပြီပေါ့ကွာ.... ´´


ဇာတ်လမ်းက မဲပြာပုဆိုးကြီးကိုများ ကျွတ်ကျွတ်တောင်ညံသွားသတဲ့... မသိရင်လဲ စာပေဗဟုသုတ မလိုက်စားဘူး ဖြစ်ဦးမယ်....

``အဲ... ကြားလိုက်တယ် ဆရာ.. ကျနော်က ငယ်သေးပေမယ့် ဒီလောက် အုန်းအုန်းထခဲ့တာပဲ .. သိတာပေါ့ဗျာ...´´

``ဟင်း..ဟင်း... ထင်ပါတယ်.. မသိသူမရှိလောက်ပါဘူး... အေး.. အဲဒီဝတ္တုကို ရေးခဲ့တဲ့ စာရေးဆရာ ညီပိုထက်(ထမလုံ) ကိုကော ကြားဖူးတယ်မလား.....´´


အခုမှကြားဖူးတာ.... သိကိုမသိတာ... သိတယ်ပြောရင်လဲ ဖားလွန်းရာကြမယ်... ဝတ္တုကို သိတယ်ပြောပြီးပြီပဲ.. ဒီတစ်ခါတော့ အမှန်တိုင်းဖြေလိုက်ပါမယ်လေ တွေးပြီး...

``ဟင့်အင်း.... မသိဘူးဆရာ....´´

``အေး........... အဲဒါ ငါ့ပေါ့ကွ ဟေ့ကောင်ရ.....´´

ကျုပ်မဖြေခင်ထဲက လက်ကြီးကလေထဲဝဲနေတာ ဘာများလုပ်မလဲကြောက်နေတာ.. အမှန်တော့ သူက ရင်ဘတ်ကို ပုတ်မလို့ မဖြေခင်ထဲက ကြိုဝဲထားတာ... ဖြေလို့တောင်မဆုံးဘူး... ဗြန်းဆို ပုတ်ပြီး ရင်ကော့ပြတာ....


တကယ်ကိုနားမလည်နိုင်အောင်ပါလား.... မသိပါဘူးဆိုမှ.. အတင်းကြီးကို ဂုဏ်ယူနေပါလား.. အမှန်တော့ အရင်က သိတယ်ပြောထားတော့ ဒီတစ်ခါလဲ မသိတောင် အားနာပြီးသိတယ်ပြောမယ် သူကထင်နေတာ.. အခုတော့ ပြောပြီးမှ သူလဲမှားမှန်းသိ.. ကျုပ်ကလဲ အားနာပြီး ဘာလုပ်ရမှန်းမသိ နှစ်ယောက်စလုံး ဘာလုပ်ရမယ် မသိတော့ ထုံးစံအတိုင်း ခွက်တွေကိုကိုင် ကွိခနဲမော့တာ... ဒီတော့မှရေမရောရသေးတာ သိတယ်.. မထူးပါဘူးလေ.. အကြောင်းသိတွေပဲ.. ရှက်မနေတော့ပါဘူး...

နှစ်ယောက်သား မျက်နှာချင်းဆိုင်လို့ စလုတ်ကြီးတွေ တက်လိုက်ဆင်းလိုက် မေးကြီးတွေ ရှေ့တိုးနောက်ငင်နဲ့ ဇာတ်ထဲက လူရွှင်တော်တွေကသလို ဖြစ်နေတာ......။ ပြီးတော့လဲ ဖားပေါင်တစ်ချောင်းစီ ကောက်ကိုင်ပြီး သူပါယောင်ပြီး ကျုပ်လို တပြွတ်ပြွတ်နဲ့ လိုက်စုပ်နေတာ...


တော်တော်ကြာမှ ပုံမှန်အတိုင်းပြန်ဖြစ်တယ်.. စကားပြောနိုင်တာနဲ့ သူကစလာပြီ...

``အဲဒီကထဲက စာမရေးတော့ပဲ ဒီလိုပဲ ကောင်းနိုးရာရာလေးတွေ ဖတ်... အဲဒီထဲကနေ ဆင့်ပွားတွေးခေါ်ပြီးတော့ သိတာလေးတွေကို တစ်ချို့လူငယ်လေးကို လမ်းညွှန်ပေးတဲ့ အလုပ်ကိုပဲ လုပ်နေခဲ့တာပေါ့....´´


``ဟာ... ကောင်းတာပေါ့ ဆရာရယ်.. တစ်ကယ့်ကို ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်ကို ဆရာလုပ်နေတာပဲ.. ဒီလိုလူမျိုးကို သူရဲကောင်း ခေါ်ထိုက်တာပေါ့ဗျာ.. မယုံရင် ဆရာသေကြည့်ပါလား... နတ်ပြည်ကို တန်းရောက်မှာ...´´

``အွန်.... အေးပါကွယ်... ဒီလောက်ကြီးလဲ နတ်ပြည်ရောက်ဖို့ မလောပါဘူး... ခုနက မောင်ရင်ပြောလိုက်တဲ့ စကား... သူရဲကောင်း... ဟုတ်တယ်.. သူရဲကောင်း ဆိုတဲ့ အသုံးလေးကိုတော့ ဘဝင်ခိုက်သကွာ...
မောင်ရင်ကော သူရဲကောင်းဆိုတာကို ဘယ်လိုမြင်လဲ.....´´

ကျနော်က စကားဖြတ်မယ် ကြံခါမှ ရှည်လျားထွေပြား အရေယားနေပြန်ပါပြီ... သိနေတယ်... မေးသလိုလိုနဲ့ သူချည်းပြောတော့မယ်ဆိုတာကို ... တွေးတာမှကြာဦးမယ်....


``သူရဲကောင်းဆိုတာ ကိုယ်ကျိုးမဖက်ပဲ အနစ်နာခံတဲ့ လူမျိုးကိုခေါ်တာကွ... များများ ကိုယ့်အကျိုးကို စွန့်လွှတ်နိုင်လေ သူရဲကောင်းပီသလေပဲ....´´


ေဩာ်... ကိုယ့်အကျိုးစွန့်နိုင်လေလေ သူရဲကောင်းပီသလေးပဲတဲ့.. ငါ့အကျိုးတွေကို စွန့်လိုက်ပါမယ်လေ.. ပြောချင်တာသာပြောပါစေတော့... ဘုန်းကြီးကတော့ ရူးနေလေပြီ.. ဒီတော့လှေလဲ လိုက်လူးပေးရတော့မှာပေါ့လေ....

`` ဆက်ပြောပါဆရာ... ငံ့လင့်နေပါတယ်.....´´

``အေး.... ဒီတော့ တို့ညီအစ်ကို နှစ်ယောက်တွေ့တုန်းလေး သူရဲကောင်းဆိုတာလေးကို ဆန်းစစ်ကြည့်ရအောင်... ပြောရမယ်ဆိုရင်တော့ သူရဲကောင်းဘာလဲ.. ဘယ်လဲပေါ့ကွာ... ဟဟ..´´

``လုပ်လိုက်လေ ဆရာရယ်.. ဆရာက ဝါကြီးသူဆိုတော့ အရင်ဆန်းစစ်ပြပါ့... ညီလေးကတော့ အပျင်းမယှက် ပုလင်းဖက်ပြီးနားထောင့်ပါ့မယ်.....´´


``ကြိုက်သဟေ့.. ကြိုက်သဟေ့... ငါ့အမြင်ကတော့ သူရဲကောင်းဆိုတာ ခုနပြောသလိုပေါ့ကွာ.. ကိုယ်ကျိုးမကြည့်ရဘူးဟေ့.. ဥပမာကွာ.... စပိုက်ဒါမန်း ကိုကြည့်လေ... ဘယ်လောက်အများအကျိုးကို ဆောင်ရွက်သလဲ... ´´

သေချင်တယ်... တစ်ကယ်ကိုသေချင်လာပြီ... သူရဲကောင်း ဥပမာပေးတာ စပိုက်ဒါမန်း တဲ့လေ..

``ပြီးတော့ ငါလေ့လာမိသလောက် ဒီကောင်က အများအကျိုးဆောင်တာနော်.. သူ့အလုပ်တောင်ပြုတ်သွားသေးတယ်လေ... ဟဟ ... မမှုဘူးနော် ဒါတောင် လူတွေကိုကယ်နေတုန်းပဲ.. မကယ်ပဲ ကိုယ်ကျိုးကြည့်တဲ့ကောင်ဆိုရင် အိမ်မှာထိုင်နေရင်း ပင့်ကူမျှင်တွေထုတ် ကြိုးလုပ်ရောင်းတော့မှာပေါ့ဟ.... ပိုက်ကွန်လုပ်ရောင်းရင်တောင် ဘယ်လောက်ခိုင်လိုက်မလဲ... တွေးကြည့်လေ.. ကားတွေကိုတောင် သူ့အမျှင်နဲ့ ပလွတ်ပလွတ်ဆို လှမ်းဖမ်းနိုင်တာ...... ဟုတ်တယ်မလား...´´

မထူးတော့ပြီ နေထန်းတစ်ဖျားမှာ ပဒိုင်းသီးမျိုမိပြီ..... လှေကို ခပ်ကြမ်းကြမ်းလေး လူးပေးရတော့ပေမပေါ့...


``ဟုတ်ပဗျာ... မြင်တတ်လိုက်တာ.. ဆရာတွေးတာ ကောင်းတယ်ဗျို့... ဒါပေမယ့် ကျနော်က ဒီကောင့်ကို သိပ်သဘောမကျဘူးဗျ....´´

သူကြိုက်တဲ့ သူရဲကောင်းကို သဘောမကျဘူးဆိုတော့ နဲနဲတော့ တင်းသွားပုံတယ်... ဒေါသသံနဲ့


``ဟ... သူရဲကောင်းကို မင်းကဘာလို့ သဘောမကျဘူးပြောတာလဲ... စွန့်လွှတ်နေတာလေ... ´´


``ဒေါသမထွက်ပါနဲ့ ဆရာရယ်.. စဉ်းစားကြည့်လေ... ဒီကောင်က လူတွေကိုကယ်တာ အဓိက ကတော့ သူ့အမျှင်ကြောင့်လေ... လွင်တီးခေါင်တောထဲမှာ သွားထားကြည့်ပါလား .. ဒီကောင်ဘယ်လို သွားမလဲ... ခုသူနေနေတဲ့ နယူးယောက်လို မိုးမျှော်တိုက်တွေ မရှိရင်သေပြီ... သူ့အမျှင်ကို ဘယ်မှာသွားသုံးမလဲ.. ခုသူသွားလာနေတာ တိုက်တွေဆီကို အမျှင်တွေ ပလွတ်ပလွတ် နဲ့ပစ်ကပ်ပြီးသွားတာလေ...´´


ပြောပြီးပြီ.. ကျနော်က ဝမ်းတွင်းပေါပါဆို... လျှောက်ပြောတော့ သူကနဲနဲတော့ စဉ်းစားသွားတယ်.. ပြီး သိပ်သဘောမပေါက်သလိုနဲ့ ရှေ့က ခွက်လေးနှစ်ခွက်ကို စီလိုက်တယ်.. အလယ်မှာ နေရာချန်ထားသေးတယ်.. ဘာများလုပ်မလဲ မတွေးတက်ဘူး.. ပြီးတော့မှ ဆေးလိပ်တိုလေးကို အလျားလိုက်ကိုင်လို့..........

``နေဦးဟ... သေချာအောင် ပုံဖော်နေတာ.. ဆေးလိပ်က စပိုက်ဒါမန်းပေါ့ကွာ.. ဒီ ခွက်လေးတွေက တိုက်တွေ သူက ကြားထဲကနေ ဒီလို ပလွတ်ပလွတ်နဲ့ ပြစ်ပြီးသွားတာမလား.....´´

ထင်တာထက်ကို ပိုဆိုးနေပါလား... အို ဘာတဲ့.

`` ဟုတ်တယ်လေ... ကဲကဲ... ဆရာက ရှေ့ကပြေး ကျနော်က လူဆိုးနောက်ကနေ လိုက်မယ်....´´

``အေး အဲလိုကူညီစမ်းပါဟ... ပြေးပြီနော်.... ပလွတ်ပလွတ်... ဟိုင်းယား´´

``လိုက်ပြီနော်... ရောင်ခြည်နဲ့ပစ်ပြီ... ဟားယား ကျူ့ကျူ့..........´´

ဘေးကနေမြင်ရတော့ အရူးသားအဖနှစ်ယောက် ဆေးလိပ်တိုတွေ ခွက်တွေနဲ့ဆော့နေတယ်ထင်မှာ... မတက်နိုင်ဘူးလေ... ကိုယ်တိုင်က ရှည်မိတာ...... အဲလိုနဲ့ ပြေးလိုက်ပစ်လိုက်လုပ်လို့ အားရတော့မှသူက


``ဟားဟားဟား... အစက ကျုပ်ပြောတယ်မလား သူတော်အချင်းချင်း သတင်းလွေ့ပါပြီဆို...။။ ထားတော့ မောင်ရင်ရေ.... ကျုပ်ကထပ်ကွန့်လိုက်ချင်သေးတာ ... ဒီကောင်က ဘူဇွာပဲကွ... ချမ်းသာတဲ့ နေရာကလူတွေပဲ ကယ်နိုင်တာ.. သူရဲကောင်းသိပ်မဆန်ဘူးဟေ့.... နောက်တစ်ယောက်လုပ်ကွာ... ဟို... စူပါမင်းကြီး ဆိုရင်ကော.... ဘယ်လိုသဘောရလဲ....´´

လာပြန်ပဟ.. ပဒိုင်းသီးနောက်တစ်လုံး....


``သူ့ကိုတော့ ကျနော်သိပ်မသိဘူးဗျ.. ဆရာဝေဖန်ကြည့်လေ.....´´

``ငါတော့ကြိုက်တယ်ကွ.... ဒီကောင်ကြီးကြတော့ နှစ်မျိုးသုံးဟ.. တောရော မြို့ရော နေရာမရွေးဘူး မောင်ရင်ရေ...။ သူလဲကိုယ်ကျိုးမကြည့်ဘူးနော်... လေယာဉ်ကြီးကိုတောင် မပြီးကွင်းထဲဆင်းတာ.. ခွန်အား ဘယ်လောက်တောင်ကြီးလဲကွာ... မသကာ ကူလီထမ်းစားဦး သူ့အားကြီးနဲ့ဆို ဘယ်လောက်ပိုက်ဆံရလိုက်မလဲ.....´´

ေဩာ်.. သူသုံးသပ်ကာမှ စူပါမင်းတောင် ကူလီထမ်းစားရမယ့် ကိန်းဆိုက်နေတယ်.... မပြီးသေးဘူး ထပ်ပြော သေးတာ...

``သူဟာ သူရဲကောင်းတကယ်ပီသလို့လဲ ဟိုကောင်စပိုက်ဒါမန်းလို မျက်နှာတောင် မကာထားဘူး... ခန့်လိုက်တာကွာ... ရွှေဘကြီးကြနေတာပဲ.... နောက် ဘတ်မန်းလဲ မဆိုးပါဘူး.. နှစ်မျိုးသုံးပဲ....

ဟာ... နေဦးကွ ..ပြောရင်းနဲ့မှ သူရဲကောင်းတွေရဲ့ တကယ့်ဝိသေသကို သွားတွေ့ပြီဟေ့... ´´

လာပြန်ပြီဟေ့.. ဝိသေသကိုသွားတွေ့ပြီတဲ့... ဆယ်ခါမှာ ဒီတစ်ခါတော့ အကောင်းဖြစ်နိုင်ပါရဲ့ အတွေးနဲ့ မြှောက်ပေးမိပြန်ရော...

``လုပ်လေ ဆရာ.. ဘာများတုန်း.. ရင်တွေတောင်ခုန်တယ်.. သူရဲကောင်းအစစ်တွေရဲ့ ဝိသေသလေး....´´

``သေချာတွေးလေ... ပေါ်လေပဲကွာ... ဒီမှာ သူရဲကောင်းဆိုတာ အတွင်းခံဘောင်းဘီကို အပြင်ထုတ်ဝတ်ရတယ်ကွ... စူပါမင်းကြီးတို့ ဘတ်မန်းကြီးတို့ကို ကြည့်လေ... ဟေးဟေး.. ငါအရင်သိတာကွ.. ငါအရင်သိတာကွ......´´

စိတ်ညစ်တာ ရေးတောင်မရေးပြချင်တော့ဘူး.... သူကတော့ စသိတာဆိုပြီး အူမြူးနေတာ နရင်းထတီးချင်လာတယ်.... ကြာရင် တကယ်ကို အိမ်ပြန်ရောက်မှာ မဟုတ်တော့ဘူး.. သူရူးသလောက် ကျုပ်လဲလိုက်မလူးနိုင်တော့ဘူး....

``ဟုတ်ပ ဟုတ်ပ ဆရာအရင်သိတာ... ဆရာလဲလျှောက်မပြောနဲ့ ကျနော်လဲမပြောဘူး ကတိ နော်ကတိ..´´

``အေးပါကွာ... ကတိ ကတိ .. ပေးတယ်..´´

``စကားလဲ ကောင်းနေတာ ကျနော်လဲနောက်ကျနေပြီ... နောက်နေ့မှ ထပ်ပြောကြတာပေါ့.. ဒီနေ့တော့ ပြန်ဦးမယ် ဆရာရေ....´´

ပြောပြီး ထပြန်ဖို့လုပ်တော့ သူကကျနော့်ကို အတင်းလက်ဆွဲထားပြီး ...

``နေပါဦးမောင်ရင်ရ... မပြီးသေးဘူးလေ... သူရဲကောင်း အကြောင်းသာပြီးတာ.. ကျုပ်ပြောသားပဲ လူငယ်တွေကို ဘယ်လိုလမ်းညွှန်ချက်တွေ ပေးတယ်ဆိုတာလေး ပြမလို့ကွ.... ´´

ပေါက်တဲ့နဖူးတော့ မထူးတော့ပါဘူးလေ... ပြောချင်တာသာပြောတော့ စိတ်လျော့လိုက်တယ်....

``ထိုင်စမ်းပါဦးဟ.... ဟိုမှာ ကြည့်စမ်း...´´

သူက လက်ညိုးထိုးပြတော့ ကျုပ်လဲဘာများလဲ ကြည်ေ့တာ့... လူငယ်တစ်ယောက်ကိုပြနေတာ.. အဲဒီလူငယ်က ဟိုဘက်ကားလမ်းမှာ.... လူတစ်ယောက်နဲ့စကားပြောနေတာ.... ဘေးမှာလဲ ရေပုံးနှစ်ပုံးနဲ့ ရေထမ်းထမ်းပိုး တွေကိုပါတွေ့လိုက်ရတယ်... ဘာများဆန်းသလဲပေါ့နော်... ရေထမ်းရောင်းတဲ့ ကောင်လေးကို ပြနေတာ...

``အဲဒီလူငယ်လေးဟာ ဒီရပ်ကွက်ထဲက တစ်ခြားသောကောင်တွေနဲ့ မတူဘူးဟေ့... တစ်ခြားကောင်တွေ ဆိုရင် ပညာလေးများပေးလိုက်ရင် နားငြီးတယ်ထင်နေကြတယ်.. ဒီကောင်လေးကြတော့ ကျုပ်ပြောသမျှလဲ နားထောင်သလို တစ်ကယ့်ကိုလဲ လက်တွေ့လုပ်နေတဲ့ကောင်လေးကွ... သူ့ကို ကိုယ်က မီးသွေးလို့ ခေါ်တာကွ... ဘာလို့လဲဆိုတော့.....

မောင်ရင် စိန်ကိုသိမှာပေါ့နော်... ´´

``မရှိပေမယ့် ကြားဖူးနားဝလေးရှိပါတယ် ဆရာ...´´

`` အဲဒီ စိန်က ဘယ်လိုဖြစ်လာသလဲ.... သူ့ရဲ့ရှိတဲ့ ဂုဏ်သတ္တိက ကာဗွန်ဓါတ်ကွ... ကာဗွန်ဆိုတာ ကျောက်မီးသွေးလေ.... အဲဒီကျောက်မီးသွေးတွေဟာ မြေကြီးအောက်မှာ နစ်နေရာကနေ ကမ္ဘာကြီးရဲ့ ဖိအားနဲ့အပူတွေကြောင့် အဖိုးထိုက်တန်လှတဲ့ စိန်အဖြစ်ကို ရောက်သွားတာကွ... ကျောက်မီးသွေးကို အပေါ်မှာထုတ်ပြီး ဒီအတိုင်းထားကြည့်ပါလား... နှစ်တစ်ထောင်ထားလဲ ဘာမှဖြစ်လာမှာမဟုတ်ဘူးဟေ့... ´´

နေစောင်းသွားပြီထင်တယ်... အမှန်အကန်တွေ ပြောလာတော့ အိမ်ပြန်ချင်စိတ်တောင် ပျောက်သွားတယ်...

``အဲလိုပဲကွ... ဒီကောင်လေးကိုလဲ ဒီအတိုင်းထားလိုက်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး... လိုအပ်တဲ့ အပူနဲ့ ဖိအားလေးသာပေးလိုက် တစ်ချိန်ချိန်မှာ စိန်တစ်ပွင့် ဖြစ်လာမှာအမှန်ပဲဟေ့..... အခုတော့ မီးသွေးလေးပေါ့ကွာ.. ဒါကြောင့် သူ့ကိုမီးသွေးလို့ ပညတ်ထားရတာ... ´´


တစ်ကယ်ကို နေစောင်းသွားတာ သေချာပြီဆိုတော့....

`` ဆရာက သူ့ကို သင်ကြားမူတွေပေးနေတာပေါ့... ကောင်းလိုက်တာ ဆရာရယ်... ဂုဏ်ယူပါတယ်...´´

ကျနော် ဒါလေးနဲ့ပဲ သူ့ကို နဲနဲလေးစားလာမိတယ်... သူကတော့ သာမာန်အလုပ်တစ်ခုလုပ်နေသလို ပုံစံနဲ့

``အေးလေ... ဒါကြောင့် သူ့ကိုမင်း မသိမသာ လေ့လာဖို့ ငါကပြောနေတာပေါ့....´´


သူပြောတော့ ကျနော်ကောင်လေးဆီကို ပြန်ကြည့်မိတယ်... အရင်နေရာမှာပဲ စကားပြောနေတာ... တဆက်တည်း မြင်လိုက်ရတာက သူနဲ့ မလှမ်းမကမ်းမှာ ဦးမောင်ရှင်းရဲ့ကားလေးဗျ.. ဦးမောင်ရှင်း ဆိုတာ ရပ်ကွက်ထဲက ရပ်မိရပ်ဖလိုပေါ့ဗျာ... ငွေကလဲ ချမ်းသာ... သမီးတွေကလဲ ၃ ယောက်တောင်.. မိန်းမ မရှိတော့ပေမယ့်လို့ မုဆိုးဖိုဘဝနဲ့ သမီးတွေကို လုပ်ကျွေးနေတာလေ... အခုလဲ ကားရပ်ပြီး တစ်ခုခု ဝယ်နေပုံပဲ....

ကျနော်မြင်သလို ဦးမောင်ရှင်းကို ကောင်လေးမီးသွေးကလဲ မြင်တယ်... ကျုပ်က လူကဲခတ်မှာ မခေလေတော့ ဒီကောင်လေးက ဦးမောင်ရှင်းကို ကြည့်ကြည့်နေတာ သူနှုတ်ဆက်ချင်တဲ့ သဘော.. ရပ်မိရပ်ဖကြီး နဲ့သိတယ်ဆိုရင်လဲ ဂုဏ်တစ်ခုလို့ သူထင်ထားပုံရတယ်ဗျ...

ဟုတ်ပါပြီ... ဆရာကလဲ သူသင်ကြားထားတယ် ပြောထားတော့ ဒီကောင်လေးက အပေါင်းအသင်း ကောင်းကောင်းဆိုခင်ချင်ပုံပဲ... လူငယ်ဆိုတော့ အဲနားတစ်ဝိုက်က ကောင်မလေးတွေရှေ့မှာလဲ သူကရေရောင်းနေရပေမယ့် ဒီလိုလူကြီးတွေ ကြားထဲမှာလဲ ဝင်ဆန့်တယ်ဆိုတာလေး ပြချင်ပုံပဲ.. ဒါကြောင့် ဒီဘက်ကိုတောင်မလာသေးပဲ ကား သူ့ရှေ့အဖြတ်ကိုစောင့်နေတာ...


ခဏနေတော့ ဦးမောင်ရှင်း သူ့ကိစ္စပြီးလို့ ကားပေါ်တက် ကောင်လေးရှေ့ကနေ ဖြတ်အမောင်းမှာတော့ မီးသွေးက လက်ထောင်ပြီး .... ဦးလေး ပြန်တော့မှာလား.... လို့လှမ်းလိုက်တာကိုကြားလိုက်ရတယ်... သူ့အသံကြီးကလဲ အကျယ်ကြီးဆိုတော့ အားလုံးကသတိထားမိပြီး လှမ်းကြည့်တာပေါ့... ဒါပေမယ့်

ဦးမောင်ရှင်းက မကြားတာ မမြင်တာလား... မသိချင်ယောင်ဆောင် သွားတာလားတော့ မပြောတတ်ဘူး.. လှည့်မကြည့်ပဲ မောင်းထွက်သွားရော .... အဲဒီမှာ လူတွေအားလုံးကလဲ ကြည့်နေချိန် ကောင်မလေးတွေကလဲရှိတော့ မီးသွေးတော်တော်ရှက်သွားပုံရတယ်... ကျုပ်တောင်သနားမိသွားတယ်...


ဆရာကတော့..... ``ဟဟ တွေ့ပြီဟေ့... ငါ့ကောင်တော့ တင်းသွားပြီ.... မာနတွေ ထုတ်လိုက်စမ်း.. ပြလိုက်စမ်း ဆရာကောင်းတပည့် ပန်းကောင်းပန်ပြလိုက်စမ်းပါ...... မီးသွေးရေ ရတဲ့အခွင့်အရေးကနေ သင်ခန်းစာထုတ်တတ်ရမယ်နော်.....´´ ဆိုပြီးတစ်ယောက်ထဲ တိုးတိုးတိုးတိုးနဲ့ သူ့တပည့်ကို မြှောက်ပေးနေတာ.... ။

မီးသွေးကတော့ မဲမဲနဲ့ ဆိုင်ဘက်ကိုလျှောက်လာတာ... ဆိုင်ထဲဝင်လာတော့ သူ့ဆရာကို ပြုံးပြပြီး တစ်ခြားမှာဝင်ထိုင်တယ်... ဧည့်သည်ရှိတော့ လာမထိုင်ဘူး... သူကဒီဆိုင်မှာ ရေဖြည့်နေကြဆိုတော့ မသောက်ပေမယ့် အားရင်ဒီမှာ လာထိုင်နေတတ်ကြောင်း ဆရာက အနားကပ်လာပြောနေသေးတယ်...

မီးသွေးကတော့ တော်တော်တင်းနေပုံရတယ်... လူအားလုံးက ကြည့်တာကြောင့်လဲပါမှာပေါ့လေ.. ဆိုင်ထဲရောက်လာ တာတောင် ကျုပ်ကကြည့်နေတယ်ဆိုတော့ သူပိုရှက်မှာပေါ့..... မီးသွေးက ရေပုံးတွေကို ပစ်ချလိုက်ပြီး....

`ဟွန်း.... ကောင်းတယ်... ကောင်းတယ်.... သိပ်ကောင်းတယ်.....´ဆိုပြီးတစ်ကိုယ်ထဲပြောတယ်....

`လူတွေများ ကားပေါ်ရောက်လို့ ဂွေကိုင်ရပြီဆိုတာနဲ့ အချိုးတွေက ပြောင်းသွားပြီ...... ဘာမှ အဖြစ်ရှိတာလဲ မဟုတ်ပဲနဲ့များ.... လုပ်ထားဦးပေါ့ကွာ........´

ကြည့်စမ်း... မခံချင်စိတ်.. ကိုယ်ပြောတဲ့ အပူတွေ ဖိအားတွေတော့လာပြီ... ကိုယ်သင်ကြားထားတဲ့ အသိတွေနဲ့ ပြောင်းလဲလိုက်ရင်တော့ မီးသွေးတော့ စိန်ဖြစ်ပြီဟေ့.... ဆိုပြီး ဆရာက လာလာပြောနေတာ.. ကျုပ်ကတော့ မီးသွေးကိုပဲ စိတ်ဝင်စားနေတာ... မီးသွေးက ဆက်ပြီး တစ်ယောက်ထဲ ပြောနေတုန်း.....

`` တွေ့မယ်... တွေ့မယ်... အလှည့်ကြ မနွဲ့စတမ်းပေါ့နော်..... ဦးမောင်ရှင်းရေ ခင်ဗျားကသမီးတွေ ပဲမွေးထားတာနော်... ယောင်္ကျားလေးရှိတာမဟုတ်ဘူး....´´ ပြောပြီး သူကကျုပ်ကို လှည့်အကဲခတ်လိုက်သေးတယ်.... ပြီးတော့ ပြောလိုက်တာက...

`` ကျုပ်ဘာကောင်လဲ သိရမှာပေါ့လေ.... ဒီတစ်ကြိမ် ဟိုတစ်ခါလို အိမ်ရှေ့မှာ ကားဘီးနစ်တော့မှ ညီလေးရေ လာမလုပ်နဲ့... သေတောင်မတွန်းပေးဘူး... အဲဒီမှသိမယ်.... ဟားဟားဟားဟား..........´´

အွန်.... မခံချင်စိတ်ဟ.... သေစမ်း.... ပြောတော့ သင်ပေးထားတာတဲ့... ဘာထူးလဲ... ဆရာတပည့်တွေ လိုက်ပဗျာ...... ဟားဟား... ဘာလုပ်ရမယ်တောင်မသိတော့ဘူး.....

ဘေးက ဆရာကော ဘာလုပ် နေသလဲ လှည့်ကြည့်မိတော့ သူကတော့ ထုံးစံအတိုင်း ရှက်ရှက်နဲ့ ခွက်ကိုကောက်မော့ပြီးမှ ရေမရောရသေးတော့ မေးကြီးထိုးပြီး ကနေပြန်ပြီ.... ဒီတစ်ခါတော့ ကျုပ်လဲမနေနိုင်တော့ဘူး.... ဆိုင်ပြင်ကို လာတုန်းကလို ဘေးတိုက်ကြီး ရွေ့သွားပြီး အပြင်ရောက်မှ

``ဆရာရေ............. တစ်ခါတစ်လေတော့ အပူနဲ့ဖိအားပေးတိုင်း စိန်မဖြစ်ပဲ မီးသွေးကနေ ပြာဖြစ်သွားတက်တယ်ဗျို့.................´´။။။။။။။။။။။။


A KA

Comments

Popular posts from this blog

လူငယ်အကြိုက်

‘‘ အခုဟာကလေ ပေါ့ပေါ့ပါးပါး လူငယ်ကြိက် fancy ကားလေးပေါ့နော်’’ ‘ဟုတ်ကဲ့ နောက်ပိုင်းရေးဖြစ်တာ တွေကတော့ လူငယ်ကြိုက်လေးတွေ အများဆုံးရေးဖြစ် တယ်ပြောရမှာပေါ့’’။ ‘သမီးကလေ အလွမ်းသီချင်းတွေ မဆိုတက်ဘူး...။ ဒါကြောင့်လေ လူငယ်တွေကြားမှာ ဖြစ်တက်တဲ့ အရာလေးတွေကို သီချင်းလုပ်ပြီး လူငယ်ကြိုက် အမြူးလေးတွေ ပဲဆိုတာပါ..။ ’’ ‘ခေတ်ကြီးကိုက တစ်အားမြန်နေတာလေ...။ အဲတော့ အားလုံးကို ချပြဖို့ အချိန်မရှိဘူး..။ အတိုဆုံး အရှင်းဆုံး နဲ့အကောင်းဆုံးဖြစ်အောင် ချပြရတာပါ.. လူငယ်အကြိုက်လေးတွေလဲ ဖြစ်ရမယ်ပေါ့လေ...။’ ‘ရုပ်ဝတ္တုတွေက အရမ်းကိုတိုးတက်နေတော့ လူငယ်တွေက ဘာသာရေးကို သိပ်စိတ်မဝင်စားကြဘူး...။ ပြီးတော့ တရားဆိုရင်လဲ ပါဋိတော်တွေနဲ့ ဆိုတော့ကာ စိတ်ဝင်စားဖို့ထက် ဖက်ဖို့တောင် ဝန်လေးနေကြတယ်လေ... ။ ဒါကြောင့် ဦးဇင်းတို့က သူတို့တွေ စိတ်ဝင်စားနိုင်မယ့် စကားလုံးတွေ နဲ့တန်ဆာဆင်လို့ လူငယ်တွေအကြိုက်ကို လုပ်ပေးနေတာပါ...။ ’’ အလုပ်ပိတ်ရက်လေး အိမ်မှာစာအုပ်လေးဖက်ပြီး နှပ်မယ်ကြံထားတာ ဖက်လိုက်ရတာတွေက ဘတ်သီးတော်တော်ကို စိတ်ရှုပ်သွားတယ်..။ ဟိုဂျာနယ် ဖတ်တော့လဲ ဒါကပါပြန်.. ဒီစာအုပ်ဖက်တော့လဲ ဒါကပါပြန် .. နောက်ဆုံး စိတ်တွေညစ်လာလို့ တရားစာအုပ်လေး ဖက်မယ...

မနေနိုင်လို့ရေးတဲ့စာ

တနေ့သ၌ ပျောက်ချက်သားကောင်းနေသော ငပျင်း၏ဆရာJ.N ngapyinlay အုတ်လိုင်းပေါ်သို့ တက်လာကာ ဂျီတောတွင် စကားစမြည်ပြောဖြစ်လေ၏။ ထိုသို့ရောက်တတ်ရာရာ ပြောဆိုနေရာမှ မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံ မည်မျှအရေးကြီးကြောင်း၊ အရေးအသားကို မည်သို့ဂရုစိုက်သင့်ကြောင်း စသဖြင့် ကြောင်းချင်းထပ်အောင် ဆုံးမဩဝါဒများကို လှိုင်လှိုင်ပေးသွားလေ၏။ ဆရာကြီး၏ ဆုံးမဩဝါဒများကား လေးစားအားကျ အတုယူလိုက်နာဖွယ် ကောင်းလှသောကြောင့် အများပြည်သူ ဗဟုသုတ တိုးပွားရလေအောင် ငပျင်းလေးက ပြန်၍ ဝေမျှလိုက်ရပေသည်။   ဆရာJ.N: ခတ်တရ် လူတွေကခတ်တရ် မှုားနေလို့ပျင်ပေးယင်လဲ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ တကရ်တော့ စာလုံပေါင်း သက်ပုံတို့ ရေးထုံးတို့ စိုတာ ဂရုဆိုက်နှိုင်မှတော်ကာကျမရ်လေ၊ ကိုယ့်ဟာကို စာအုတ်ထဲရေးပီး ခေါင်အုံန်းအောက် ထားအိတ်တရ်စိုယင်တော့ တမျိုးပေါ့၊ လူတကာမြင်တယ့် အင်တာနတ်ပေါ်တတ်ပီးရေးမရ် စိုယင်တော့ စာလုံပေါင်းကို သတိထား၇မှာလေ ၊ ကိုယ့်ဟာကို ရေးချင်သလိုရေးမ၇် မှုားခြင်သလိုမှုားမ၇် ကိုပိုင်လွှတ်လပ်ခွှင့်ဘဲ စိုရင်တော့ ငါဖင်ပျောင်တာ ဘာဖြစ်လဲ ငါတောင်မရှတ်တာလို့ ပြောနေသလိုဘဲ ဖြစ်နေမှာပေါ့။ မြန်မာစာမှာ စာလုံးတွေးကို သူ့နေယာနဲ့သူ ခွဲထား ချားထားမှ...

Batt.T Htet နှင့် ခဏတာ

ရုပ်မြင်သံကြားလိုင်း NPLAY က ကမ္ဘာ့ဒုတိယအကြွေးအချမ်းသာဆုံးဖြစ်တဲ့ Batt.T Htet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Batt.T Htet  ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသောဖဲထုပ်ကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကဖဲထုပ်ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Batt.T Htet ဟာ ဖဲဝိုင်းက အကောက်ရလို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ကြက်ခြင်းတခြင်း ဝယ်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။ Batt.T Htet  ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ တိုင် ၃ တိုင်သာပါတဲ့ နေအိမ်မှာပဲ နေနေရဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးမခတ်နိုင်တဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ့်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။  သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။ Batt.T Htet  ဟာ ဆိုက်...