Skip to main content

မနက်ကချက်တဲ့ ညစာများ


နည်းနည်းတော့ပေပွမယ်၊ သတင်းစာကိုနောက်ကနေလှန်
ဟိုလိုလို ဒီလိုလို နှုတ်ဆက်၊ မျှော်မနေနဲ့
မြို့တံခါးမပိတ်ခင် ငွေမလိုဘူးနော်။
သူ့အတွက် ကိုယ့်အိပ်မက်တစ်ဆင်စာ
နောက် ဆေးလိပ်အတိုအစ၊ ကဗျာအကျိုးအပဲ့တွေ(တမင်ချိုးထား)
ဘာရှိသေးလဲ၊ ဟိုဘက်အိမ်မှာ မြင်နေရတဲ့အတိုင်းပဲ။
ဒါမျိုးဆို ပြုံးပြီး ရှုံးပြီးရင်း ရှုံးပါစေ။
နားမလည်တိုင်းသာ ကျော်ရရင် မင်းဘဝကို
ပယ်ဖျက်လိုက်တော့။

လဟာပြင်ထဲက မုန်တိုင်းအကြွင်း 
ဘာဆိုင်လို့ ဘဝထဲခုန်ဆင်းလဲ၊
မသိလိုက်သလို မျက်လုံးမှိတ်လိုက်
ပြန်ဖွင့်ချိန် အရုဏ်တက်နေဖို့လိုတယ်။
ကိုယ်က လူတွေကို နားမလည်တာလား....
ဟာ.. သူတို့အပြစ်တွေပါ။
အထင်မကြီးနိုင်တဲ့ ထင်ကြေးအတွက်
လမ်းဘေးမှာ ဆက်တင်ဆောက်မယ်။
အားလုံးစိတ်ဝင်စားမယ့်ပြကွက်၊ ဦးနှောက်တခြမ်း လမ်းလယ်မှာ
(တခြမ်း ဘယ်မှာလဲမသိပါ) 
လမ်းဘေးမှာ ရင်ဖွင့်လို့တင်ဆက်နေပါပြီ။

တစ်ဖက်ပဲတီးတဲ့ လက်ခုပ်သံတွေ..
ဘယ်ကလဲ? ဘယ်သူလဲ? ပြန်မေးမယ်..
သနားလို့လား??????
ကဗျာဆရာတဲ့လား၊ သွေးတွေဒီလောက်ရဲနေတာ၊
မာစီဒီးပေါ် ငုတ်တုတ်ထိုင်လို့ ချွေးဒီးဒီးကျနေတဲ့လူ
ဒါဟာ ရသပေါင်းစုံပေးနေတာပါ။
အနားက သူတောင်းစားမျက်လုံးတွေ အရောင်လက်တယ်။
ကျေနပ်သလား ကိုယ့်လူ? 
ချဉ်ရေဟင်းလိုပဲ၊ လျှာသပ်ပြီးပြောမယ်။
ဆံပင်တွေထဲ လက်ထိုးထည့်၊ မေးသလို ဖြေသလိုနဲ့
ရှင်းရှင်းပြရတာ မောလှပြီ။  ။


                                 အမည်မသိရှေးစာဆို ကိုပြည့်

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။