Skip to main content

ပဉ္စမကမ္ဘာရဲ့ ပထမနတ်ဆိုး


ရင်သို့တိုးဝင်လောင်မြိုက်သောအရာများကို 
မြတ်နိုးစွာ ရင်၌ဋ္ဌာပနာမိသောအခါ
ဘဝပြဋ္ဌာန်းချက်မှ ပညတ်တော်များ တာကျိုးသွားခဲ့ရတယ်။ 
ကြိုးတွေထဲကလွင့်ကျလာတဲ့ အက္ခရာများစွာရဲ့ ပြုစားခြင်းကိုခံခဲ့ရတယ်။ 
ငါပြောဖူးသလို မင်းကြားဖူးမယ့် ကျောက်စာများကို ထွင်းကြည့်ခွင့်မရှိတော့ရင်
ငါသောက်မယ့်ခွက်ထဲ မိုးခါးတွေရွာချမယ်..... 
လေတိုက်စားထားတဲ့ကတိတွေ 
ရိုင်းစိုင်းတဲ့ မောဟတွေ 
သွေးထဲကို ပြတ်ရွေ့ကြောလိုစီးမယ်။ 
အလင်းတွေဆိတ်သုန်း 
ဘဝတွေ တလုံးပြီးတလုံး နွံနှစ်ချိန် 
ဒယီးဒယိုင်နဲ့တမ်းတမိတယ်။ 
ကန္တာရထဲက လတစ်စင်းကိုမှ ဒီရေဖုံးသွားတော့.... 
အစဉ်အလာအတိုင်း ပထမမြစ်ကျဉ်းမှာတင် သောင်တင်သွားခဲ့ရတယ်။
ငါလာရာလမ်းတလျောက် လင်းခဲ့ဖူးတဲ့ တံလျှပ်တွေကို မိုင်ပေါင်းများစွာက ခိုးယူလိမ့်မယ်။ 
လေပြေတွေသယ်ဆောင်လာမယ့် မင်းရဲ့ ညနေခင်းပေါင်းများစွာကို 
တွယ်ညှိရင်း ဘဝရဲ့ လက်ကျန်မနက်ဖြန်များအတွက် ဒီနေ့ကိုမီးတင် ရှို့လိုက်မယ်။ 
ဘဝရဲ့သောင်ပြင်မှာ 
အလွမ်းတွေ အပုတ်အခတ် များလာပေမယ့် 
ငါ့ပင်လယ်ဟာ.... အကြံကုန်နေတဲ့ ဂဌုန်တောင် ဆားမချက်ခဲ့ ပါဘူး။ 
A KA

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။