ဂြိုလ်တစ်စင်း ရယ်သံမှာ ငါဟာ ခြောက်ခြားစွာ နိုးလာရတယ်။
လရောင်က အလင်းတွေ မွန်းကြပ်စွာနဲ့ ရစ်ပတ်လို့.......
သေခြင်းစီကို ငါတို့သွားတာလား ?
သေခြင်းက ငါတို့စီကို လာတာလား?
အဖြေမရခင် အကြွင်းသုညနဲ့ ပဲ့ထွက်ခဲ့ရပေါ့။
ရွဲ့နေတဲ့ ကမ္ဘာ တည့်ပြီးလည်တော့.......
ငါပြိုလဲချိန် အမြင်တွေ မှားခဲ့တဲ့ မျက်စိကိုပိတ်ဖို့ မမီလိုက်ဘူး။
အယူအဆ အမျိုးမျိုးအတွက် လိုအပ်ချက်အမျိုးမျိုးကို
ငါ့ရင်ကနေ ထုတ်ယူကြမယ်။
နှလုံးသားထဲက မောဟကြေးခွံ တစ်ချို့ကို
မျက်ကွယ်ပြုလို့ ပရမ်းပတာ ကွဲဖူးတဲ့ ရင်ကို
သေသပ်စွာချုပ် ပေးပြီး ငါ့ကို ထုတ်ပိုးမွမ်းမံကြမယ်။
ရှေ့ဆက်ဖို့ခက်ရင် ၁၆ ကပြန်စတက်တဲ့ ငါ...
အသက်မှား ကြီးကိုဖက်တွယ်လို့ ငြိမ်နေဦးမယ်။
ငါ့မြေပုံညွန်း မဖတ်တက်သူ တစ်ချို့
ဘယ်လမ်းလျှောက် မလဲ သိချင်နေတယ်။
တစ်ချို့က ရင်ဘတ်ကျောက်စာ ရဲ့
တစ်စုံတစ်ရာသော အက္ခရာ ကို မြင်ချင်ကြတယ်။
အရေပြားအောက်က လူးလွန့်စိတ် အရောင်အမျိုးမျိုး
တော်လှန်ချိန် ခြေမကသွေး မွတ်သိပ်စွာ.....
နဖူး ပြန်စင်တယ်။
အရိပ်နောက်ကို လိုက်ရတော့မယ်.....
ပြန်မပြောနဲ့ နားထောင်ဆိုတဲ့ အမေ...
ဒီတစ်ခါ ငါ့စကားသံကို နားစွင့်နေမယ်။
မှော်ရုံတောရဲ့ လက်ခုပ်သံလို ကြေးစည်သံက
ရင်ကို တစ်လှပ်လှပ် ဝင်နမ်းခဲ့တယ်။
ဘဝအကြေ ခြေရင်းမှာ ရေအိုးကွဲသံ...
မှော်ရုံတောကို ဦးတည်ထားတဲ့ မြင်းခွာသံလို..
ခေါင်းအဖုံး ပိတ်သံ တစ်ခွပ်ခွပ်။
ပြောဖူးတဲ့ စကားတွေ ရေငွေ့ပြန်သွားပြီ......
ကတိတွေ ရဲ့ ရယ်သံသဲ့သဲ့ကို
တိမ်တွေကြားက လေပြေယဲ့ယဲ့က
ဆောင်ယူလာပြီ။
ငါလောင်ကျွမ်းချိန် အတ္တတွေ ပါမပါ
သိခွင့်မရှိခဲ့ဘူး။
မီးခိုးပြာအဖြစ် ခေါင်းတိုင်အတိုင်း ဆန်တက်သွားချိန်....
လှပဖူးတဲ့ သံစဉ်တွေကို ဆိုညည်းယုံကလွဲလို့...
ငါ... ဘာများတတ်နိုင်ဦးမှာလဲ......................................။
A KA
Comments
Post a Comment