Skip to main content

ရေမရှိတဲ့ လေ


ဂြိုလ်တစ်စင်း ရယ်သံမှာ ငါဟာ ခြောက်ခြားစွာ နိုးလာရတယ်။


လရောင်က အလင်းတွေ မွန်းကြပ်စွာနဲ့ ရစ်ပတ်လို့.......


သေခြင်းစီကို ငါတို့သွားတာလား ?


သေခြင်းက ငါတို့စီကို လာတာလား?


အဖြေမရခင် အကြွင်းသုညနဲ့ ပဲ့ထွက်ခဲ့ရပေါ့။


ရွဲ့နေတဲ့ ကမ္ဘာ တည့်ပြီးလည်တော့.......


ငါပြိုလဲချိန် အမြင်တွေ မှားခဲ့တဲ့ မျက်စိကိုပိတ်ဖို့ မမီလိုက်ဘူး။


အယူအဆ အမျိုးမျိုးအတွက် လိုအပ်ချက်အမျိုးမျိုးကို


ငါ့ရင်ကနေ ထုတ်ယူကြမယ်။


နှလုံးသားထဲက မောဟကြေးခွံ တစ်ချို့ကို


မျက်ကွယ်ပြုလို့ ပရမ်းပတာ ကွဲဖူးတဲ့ ရင်ကို


သေသပ်စွာချုပ် ပေးပြီး ငါ့ကို ထုတ်ပိုးမွမ်းမံကြမယ်။


ရှေ့ဆက်ဖို့ခက်ရင် ၁၆ ကပြန်စတက်တဲ့ ငါ...


အသက်မှား ကြီးကိုဖက်တွယ်လို့ ငြိမ်နေဦးမယ်။


ငါ့မြေပုံညွန်း မဖတ်တက်သူ တစ်ချို့


ဘယ်လမ်းလျှောက် မလဲ သိချင်နေတယ်။


တစ်ချို့က ရင်ဘတ်ကျောက်စာ ရဲ့


တစ်စုံတစ်ရာသော အက္ခရာ ကို မြင်ချင်ကြတယ်။


အရေပြားအောက်က လူးလွန့်စိတ် အရောင်အမျိုးမျိုး


တော်လှန်ချိန် ခြေမကသွေး မွတ်သိပ်စွာ.....


နဖူး ပြန်စင်တယ်။


အရိပ်နောက်ကို လိုက်ရတော့မယ်.....


ပြန်မပြောနဲ့ နားထောင်ဆိုတဲ့ အမေ...


ဒီတစ်ခါ ငါ့စကားသံကို နားစွင့်နေမယ်။


မှော်ရုံတောရဲ့ လက်ခုပ်သံလို ကြေးစည်သံက


ရင်ကို တစ်လှပ်လှပ် ဝင်နမ်းခဲ့တယ်။


ဘဝအကြေ ခြေရင်းမှာ ရေအိုးကွဲသံ...


မှော်ရုံတောကို ဦးတည်ထားတဲ့ မြင်းခွာသံလို..


ခေါင်းအဖုံး ပိတ်သံ တစ်ခွပ်ခွပ်။


ပြောဖူးတဲ့ စကားတွေ ရေငွေ့ပြန်သွားပြီ......


ကတိတွေ ရဲ့ ရယ်သံသဲ့သဲ့ကို


တိမ်တွေကြားက လေပြေယဲ့ယဲ့က


ဆောင်ယူလာပြီ။


ငါလောင်ကျွမ်းချိန် အတ္တတွေ ပါမပါ


သိခွင့်မရှိခဲ့ဘူး။


မီးခိုးပြာအဖြစ် ခေါင်းတိုင်အတိုင်း ဆန်တက်သွားချိန်....


လှပဖူးတဲ့ သံစဉ်တွေကို ဆိုညည်းယုံကလွဲလို့...


ငါ... ဘာများတတ်နိုင်ဦးမှာလဲ......................................။


A KA

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။