Skip to main content

Potato Soup for The Soul


တိုက်ချင်တာကတော့ ကြက်စွပ်ပြုတ်ပေါ့လေ၊ ငပျင်းကလဲ အမြဲပိုက်ပိုက် ပြတ်နေတာဆိုတော့ အာလူးစွပ်ပြုတ်လေးပဲတတ်နိုင်တယ်။ ကြိုက်သလောက် သောက်ကြပါ။ အခမဲ့ပါ ။ သူများတွေကိုလဲတိုက်နိုင်ပါတယ်။

နှလုံးသားအဟာရ (၁)

ရွှေယုန် နဲ့ ရွှေကျား

ပုံပြင်လေးတပုဒ်ပါ၊အားလုံးလဲ ကြားဖူးကြမယ် ထင်ပါတယ်။ ဟိုးရှေးရှေးတုန်းက ရွှေယုန် နဲ့ ရွှေကျား တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အတူသွား အတူစားနေကြတာပေါ့ကွယ်။ ဒီလိုနေလာရင်းနဲ့တနေ့မှာ သူတို့နေတဲ့အိမ်ကလေးမှာ မိုးယိုတာကြောင့် အိမ်မိုးဖို့ သက်ကယ်လိုလာပေါ့ကွယ်၊ ဒါနဲ့ ရွှေယုန် နဲ့ ရွှေကျား တို့ဟာ သက်ကယ်ရိတ်ဖို့ တောထဲကိုသွားရတာပေါ့။ စားစရာတွေလဲ တပါတည်း ယူလာသတဲ့၊

 ဒီလိုနဲ့ တောထဲရောက်လို့ သက်ကယ်ရိတ်ကြတော့ ရွှေယုန်က အရိပ်ထဲမှာထိုင်ပြီး ရွှေကျား သက်ကယ်ရိတ်နေတာ ကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဆရာ လုပ်နေတာပေါ့၊ နေလဲ မြင့်လာ၊ ရိတ်ထားတဲ့ သက်ကယ်တွေလဲ တော်တော်ရလာတော့ ပါလာတဲ့ စားစရာတွေ စားကြရအောင်လို့ သက်ကယ်ရိတ်ရလို့ ပင်ပန်းနေတဲ့ ရွှေကျားက ပြောတော့ ရွှေယုန်က အင်း စားတာပေါ့ ၊ဒါပေမယ့် စားပြီးရင် သောက်ဖို့ ရေသွားခပ်ချေ လို့ပြောတော့ ရွှေကျားကလဲ စဉ်းစားတယ်  အင်း.. အရင်ပုံပြင်တွေမှာလဲ ငါပဲ ခံရတာ၊ ဒီတခါတော့ ငါ့အလှည့်ပဲလို့ တွေးသတဲ့။

 ဒီလိုနဲ့ ရွှေကျား ရေသွားခပ်တာပေါ့၊ ရွှေကျားသွားတာနဲ့ ယူလာတဲ့ စားစရာတွေအကုန်လုံးကို ရွှေယုန်က စားလိုက်ပါရောတဲ့ကွယ်။ ဆာဆာနဲ့ရေသွားခပ်ပြီးပြန်လာတဲ့ ရွှေကျားက စားစရာတွေ မတွေ့လို့မေးတော့ ရွှေယုန်က ငါဗိုက်ဆာလို့ အားလုံးစားလိုက်ပြီ၊မင်းက တုံးတာကိုးကွ၊ နောက်ကျတဲ့သူ ခံပေါ့ကွာ လို့ပြန်ဖြေသတဲ့။ အဲဒီတော့ ရွှေကျားက အေး.. ငါကတုံးတယ်၊ မင်းလုပ်သမျှ အမြဲငါခံရတယ် ဒါပေမယ့် ဒီတခါတော့ ငါ့အလှည့်ပဲ လို့ ပြောပြီး ရွှေယုန်ကို တချက်တည်း ကိုက်စားလိုက်ပါရောတဲ့ကွယ်...။
ပြီးပါပြီ ပုံပြင်လေးက။

သင်ခန်းစာ။   ။     ယုန်ကိုမစားခင် အစာဝအောင်ကျွေးပါ။
P.s။ ။ ခပ်လာတဲ့ရေကို ရွှေကျားက အကုန်သောက်လိုက်ပါသတဲ့။

                                                ++++++++++++++                

နှလုံးသားအဟာရ (၂)

ငါ့ထန်းလျက်ခဲကို ဘယ်သူခိုးသလဲ ?

ဒါလဲ ပုံပြင်လေးပါပဲ။တခါတုန်းကပေါ့ကွယ်.. ဘာဆို ဘာမှ မရှိတဲ့တွင်းလေး တစ်တွင်းထဲမှာ ဒိန်ဒိန် နဲ့ ဗြုတ်ဗြုတ် ဆိုတဲ့ လူပိစိကွေးလေး နှစ်ယောက်ရယ် နှာနီ နဲ့ ဖွန်ဖွန် ဆိုတဲ့ ကြွက်ကလေး နှစ်ကောင်ရယ်နေကြသတဲ့။ သူတို့နေတဲ့ တွင်းလေးမှာ အဲဒီ နှစ်ယောက် နဲ့ နှစ်ကောင် ဟာ အငတ်ငတ် အပြတ်ပြတ် နေကြရတာပေါ့။သူတို့ထဲမှာ ဗြုတ်ဗြုတ် က နည်းနည်း အမြော်အမြင် ရှိသတဲ့။ ဒိန်ဒိန်ကတော့ ဗြုတ်ဗြုတ် ပြောသမျှ အကုန်လိုက်လုပ်သတဲ့။ ကြွက်ကလေးနှစ်ကောင်ကတော့ နှာခေါင်းလေး မြှောက်မြှောက်ပြီး အနံ့ခံလိုက်၊ တွေ့သမျှကို စားဖို့လောက်ပဲ သိတဲ့ကောင်တွေပေါ့။

တနေ့မှာ  ဗြုတ်ဗြုတ်က ' ငါတို့ ဒီလိုနေလို့တော့မဖြစ်ဘူး၊ တနေ့တနေ့ စားဖို့ ပင်ပင်ပန်းပန်း နဲ့ရှာနေရတာ။ ဒီတခါ တကြိမ်ရှာထားပြီး ကြာကြာစားလို့ရအောင် ရှာရမယ်၊ သိမ်းထားသင့်တာကို သိမ်းထားရမယ်၊ တခါတည်း အကုန်စားလို့ မဖြစ်ဘူးလို့ တွေးတွေးဆဆ ပြောသတဲ့။ ဒိန်ဒိန် ကတော့ ပြောသမျှ ခေါင်းညိတ်ပြီး ဟုတ်တယ်ဟုတ်တယ် လို့ထောက်ခံနေတာပေါ့။ ကြွက်ကလေးနှစ်ကောင်ကတော့  ဗြုတ်ဗြုတ် ပြောတာတွေနားမလည်ပဲ မနေ့က ကျန်တဲ့ ငါးအမြီးရိုးလေးကို သူကိုက်မယ် ငါကိုက်မယ်နဲ့လုနေကြသတဲ့။

ဒီလိုနဲ့  ဗြုတ်ဗြုတ်အစီအစဉ်နဲ့ သူတို့လေးယောက်ဟာအစာရှာထွက်ကြတာပေါ့။ ရရှိလာမယ့် အစာတွေကိုတွေးပြီး ဒိန်ဒိန် နဲ့   ဗြုတ်ဗြုတ်ကတော့ ခြေလှမ်းတွေ သွက်နေကြတာပေါ့။ ကြွက်ကလေး နှစ်ကောင်ကတော့ နှာခေါင်းလေး မော့ပြီး အနံ့ခံလိုက် တွင်းနံရံတွေကို ကိုက်ဖဲ့လိုက်နဲ့ အနောက်မှာ ကျန်နေခဲ့တာပေါ့ကွယ်။ လျှောက်သွားနေရင်းနဲ့ တနေရာအရောက်မှာ ဒိန်ဒိန် နဲ့  ဗြုတ်ဗြုတ် ဟာ ထန်းလျက်ခဲ တလုံးကို တွေ့ပါလေရောတဲ့ကွယ်၊ ဒိန်ဒိန် နဲ့  ဗြုတ်ဗြုတ်ဟာ သူတို့ရဲ့ မဟာစီမံကိန်းကြီးဟာ အစမှာတင် အောင်မြင်မှုရတာ ပျော်လွန်းလို့ တယောက်ကို တယောက် ဖက်ပြီးကကြသတဲ့၊ နောက်တော့   ဗြုတ်ဗြုတ်က သူဘယ်လို စိတ်ကူးကောင်းလို့ ဒီထန်းလျက်ခဲကို ရှာတွေ့တာဖြစ်ကြောင်း၊ ဒီလိုစိတ်ကူးရဖို့ ဘယ်လိုစဉ်းစားခဲ့ရကြောင်း၊ အခုရလာတဲ့ ထန်းလျက်ခဲကို မည်သို့မည်ပုံ ခွဲခြမ်းစိတ်ဖြာသိမ်းစည်း စားသောက်ကြမည်ဖြစ်ကြောင်း ဒိန်ဒိန်ကို တတွတ်တွတ်နဲ့ ရှင်းပြနေတာပေါ့ကွယ်။

သူက အဲဒီလိုရှင်းပြနေချိန်မှာ နှာနီ နဲ့ ဖွန်ဖွန် တို့ကြွက်ကလေး နှစ်ကောင် ရောက်လာပြီး ထန်းလျက်ခဲကို လုစားနေကြတာပေါ့ကွယ်။   ဗြုတ်ဗြုတ်ကတော့ အနာဂတ် စီမံကိန်းတွေကို ရှင်းပြလို့ကောင်းနေတုန်း၊ ဒိန်ဒိန် ကလဲ ခေါင်းလေးညိတ့်ညိတ်ပြီး သဘောတွေကျနေတာပေါ့ကွယ်။  ဗြုတ်ဗြုတ်က ရှင်းပြလို့ မောတော့မှ သူတို့ရဲ့ အောင်မြင်မှု ထန်းလျက်ခဲကြီးကို သူတို့နေထိုင်ရာ တွင်းကို သယ်သွားမလို့ ကြည့်လိုက်တော့ ကြွက်နှစ်ကောင် စားလိုက်လို့ ထန်းလျက်ခဲကြီးဟာ အမှုန်တောင် မကျန်တော့ဘူးတဲ့။ နှာနီဆို သူ့လက်မှာ ကပ်နေတဲ့ ထန်းလျက်အမှုန်တွေကိုတောင် ပြန်လျက်နေပြီတဲ့ကွယ်။ ဒါပါပဲ ပုံပြင်လေးက။ ။

သင်ခန်းစာ။   ။  ထန်းလျက်ခဲကို ကြွက်မစားခင် ကုန်အောင်စားပါ။

မှတ်ချက်။  ။ ကမ္ဘာကျော် စာရေးဆရာကြီး   Sir J.N Ngapyin  ၏  Soup for you စာအုပ်မှ ကောက်နှုတ်၍ ငပျင်းလေးက ဝေမျှပါသည်။

Comments

Popular posts from this blog

အလှည့်

ငါကြဲတဲ့ အတ္တကို  ရေလောင်း ပေါင်းသင်ခွင့်တော့ပေးဦး မြေသြဇာမရှိရင် . . . နာကြည်းချက်တွေကို ယူသုံးပေါ့ ။ ငါတစ်ယောက်တည်းကြောင့်မဟုတ်ရင်  အပြစ်လွတ်ရာ ကမ်းခြေက  ဘာလို့ ပင်လယ်ထက်နိမ့်နေရတာလဲ ။ ပန်းပွင့်ဖို့ သတိရချိန်မှာ  ချယ်ရီတွေက ငါ့ရှေ့ရောက်နေပြီလေ ။ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြည့်မှ  ခြေလှမ်းတွေက စိပ်တလှည့် ကျဲတလှည့်  မင်းတို့ပြောတဲ့ သစ္စာဆိုတာ ဒီလောက်ပဲလား . . . လက်ညှိုးညွှန်ရာ ငါ မဖြစ်ပါရစေနဲ့ ။ စိတ်ရှိတိုင်းသာပြောရရင် ဒီကော်ဖီတခွက်တော့ ကုန်အောင်သောက်မယ် ။ ။ ။

နတ်သမီး

အလင်းက....    စူးရှလွန်းတယ် လမ်းကို ငါမမြင်ရဘူး။ ငါတို့နှစ်ယောက်ကြား အကွာအဝေးက ကိန်းသေများဖြစ်နေလို့လား။ စီရင်လိုတဲ့ စကားသံတွေက ဓါးသွားနဲ့ ပျားရည် ပေါင်းစပ်ပြီး နောက်ကျောမှာ တိတ်တိတ်လေး စောင့်နေခဲ့။ မော်ဖူးခွင့်မှ မရခဲ့ရင် ဘာလို့များ ငါဆက်ပြီး ဒူးထောက်နေရဦးမှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် မင်းမပါပဲ ပြီးပြည့်စုံတဲ့ညနေခင်းတခုလောက် ပိုင်ဆိုင်ခွင့် ငါရချင်သေးတယ်။    ။  

ရလဒ်

ငါက  ပန်းတိုင်ရောက်တာတောင် ဆုမရခဲ့တဲ့ယုန်တကောင်ပေါ့၊ လှောင်ရယ်သံတွေကြားမှာ စွဲကိုင်ထားတဲ့အမှန်တရားတောင် အယောင်ယောင် အမှားမှားနဲ့ လွတ်ကျသွားရတယ်၊ အဲဒီပုံပြင်ကိုပြောတိုင်း ငါက အမြဲတမ်း အရှုံးပေးနေရအုံးမယ်၊ ဖန်တီးခံရတဲ့ သံသယနဲ့ နားလည်မှုတွေအတွက်တော့ ငါအရှေ့က မျက်မှန်စိမ်းကို အရင်ချွတ်ပေးကြပါအုံး.............။ လှောင်ရယ်သံတွေ ပိုပိုကျယ်လာ တခုပြီးတခုငါ လွှတ်ချ နောက်ဆုံး..............       ငါ့ကိုယ်ငါပါ လွှတ်ချလိုက်တယ်၊၊   ။