ယနေ့ခေတ်၌စာပေပုံသဏ္ဍန်တို့လျင်မြန်စွာပြောင်းလဲနေပေရာ အင်တာဗျူးကဏ္ဍမှာ မပါမဖြစ် တွေ့မြင်နေရသည်မှာ ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် အင်တာဗျူးကောင်းတစ်ခုတင်ဆက်ရန် အားသန်နေစဉ် မျက်မှောက်ပို့စ်မော်ဒန်လောက၌ ဆရာတဆူသဖွယ်မင်းမူနေသော ညီပိုပိုထက်[ထမလုံ]နှင့် တွေ့ဆုံခွင့်ရခဲ့ပေသည်။ဆရာနေထိုင်သော သန်လျင်[GTC]ကျောင်းဝင်းထဲသို့ဝင်လိုက်သည်နှင့်ဂိတ်တဲ [ဆရာပြောသလိုဝပ်ကျင်း]အတွင်း၌ဆရာမှာဆေးပေါ့လိပ်လက်ကြားညှပ်က ကဗျာစည်းစိမ်ယစ်မူးနေပေသည်။
“အနေခက်ပြီ မေသက်ကြည် ဘိုးလီကျော်နှင့် မုန့်ပေါက်စီ၊ဘာဂျာကိုကို ပလွေတိုဒိုင်းညောင့် ဒိုင်းညောင့် အား ....အား....”။
“အေး ဒီကဗျာလေးက နိမိတ်ပုံတွေ ချိတ်ဆက်ဖောက်ပုံတွေ ကောင်းသကွာ” စသဖြင့်တစ်ဦးထဲ ရေရွတ်လျက်ရှိပေသည်။
“ဆရာ .... ဆရာ”
“ဟေ .. ဒီနေ့ကျောင်းပိတ်ပါတယ်။ဘယ်သူမှမရှိပါဘူး၊မနက်ဖြန်မှလာပါ”
“မဟုတ်ပါဘူး ဆရာဆီကိုလာတာပါ။ အင်တာဗျူးလေးလုပ်ချင်လို့ပါ။ စာပေအကြောင်းပေါ့ ဆရာရယ် ခွင့်ပြုပါ"။
“ေဩာ် ဒီလိုလား လာပါ၊ ရပါတယ် ကျုပ်ဖြေတာတွေ သိရတော့ မောင်ရင်တို့ ဗဟုသုတ တိုးတာပေါ့ကွယ် အဟေး..အဟေး လာလာ..."
ဆရာထံမှခွင့်ပြုချက်ရသည်နှင့်မေးချင်တာတွေမေး၊ဆရာမှဖြေချင်တာတွေဖြေတာမှန်သမျှကိုစာဖတ်ပရိတ်သတ်ကြီး အားတင်ပြလိုက်ရပေသည်။
“ဟုတ်ကဲ့ပါ ပထမဦးဆုံး ဆရာရဲ့နာမည်၊ဇာတိလေးကို သိပါရစေ။”
“ညီညီထက်ပါ၊အဲ ..........ငယ်နာမည်ကတော့ ဘတ်သီးပါ၊မအူပင်ဇာတိ ပေါ့ဗျာ။”
“ဆရာရဲ့စာပေ ခံယူချက်လေးကိုသိပါရစေ....”
“သိပ်ကိုရှင်းပါတယ်...စာတွေစရေးချိန် ..အဲ မရေးခင်ကထဲကိုကပေါ့ ငတ်တလှည့်ပြတ်တလှည့်ပါ၊အဲသလို ဆာနေချိန်မှာတောင်ဘာအလုပ်မှမလုပ်ပဲ ရေသောက်ဗိုက်မှောက်ပြီးပေနေခဲ့တာဗျ၊ ကျွန်တော်ကမှ တကယ့်ကို စာပေသမားအစစ်ပေါ့ဗျာ။ ညှင်း ညှင်းညှင်း....”
“သိပ်ကောင်းတာပဲဆရာရယ် ......ဘာကြောင့်မော်ဒန်စာပေအမျိုးအစားကိုမှရွေးချယ်ရေးဖွဲ့ခဲ့ရတယ်ဆိုတာ ရှင်းပါဦး ဆရာ”
“ဒါလည်းရှင်းတယ်ဟ၊ကျန်တာကိုမှ မရေးတက်တာ၊ဥပမာ.. ကဗျာဆိုရင် ကာရန်က မိဖို့ ငြိဖို့ ခက်တယ်လေ ငြိတယ်ထားဦး စားသုံးသူရင်ကို ထိဖို့သိပ်ကိုခက်တယ်....မော်ဒန်ဆိုတာက ကာရန်မလိုဘူးလေ၊ ကြယ်တွေ၊မြစ်တွေနဲ့မြန်မာသတ်ပုံကျမ်း တအုပ်ရယ်ဆို ဒန်လို့ရပြီကွယ်။ကိုယ့်ရဲ့သမုဒ္ဒရာတစ်ထွာ လောက်မှာမမြုပ်အောင်ဒန်ဖို့လိုတယ်၊ များများဒန်လေငွေများများရလေပဲ၊ဒါကြောင့်ဒန်ကိုရွေးတာပါ....။”
"အင်း...ဒီအကြောင်းတွေကို ကိုယ်ရဲ့ဒန်ထုတ်လုပ်သည်ဆိုတဲ့ ကဗျာစာအုပ်မှာ ပြောပီးသားပါ..ဟင်း...ဟင်း"
“ပြတ်သားတယ်ဆရာရယ်၊သိပ်ကိုကြိုက်ပါတယ်၊ဒါဆိုရင် .. စည်းတွေဖောက်ထွက် ဘောင်တွေရိုက်ချိုး ဆိုပီးကြွေးကြော်သူတွေထဲမှာ ဆရာပါတယ်ပေါ့၊ဘယ်လိုပါဝင်လာသလဲဆိုတာကိုပြောပြပါဦး.ဆရာ။”
“ေဩာ် ပြောပီးပါပကောကွယ်..ပေးစမ်းပါဦး ကွမ်းတစ်ယာလောက်.....၊ အဲသလိုကြွေးကြော်သူတွေ အိပ်ပျော်နေချိန် ကျုပ်က ထမလုံ ဘက်မှာကာရန်တွေယက်နေချိန်ပေါ့ကွယ်၊ ရှင်းအောင်ပြောရရင်...ငွေကြေးအဆင်မပြေချိန်၊ စာပေလောကထဲဝင်ဖို့ခွေးတိုးပေါက်ရှာနေတုန်း သူတို့က တစ်ရေးနှိုးကယောင်ကတမ်းတွေ ထအော်တော့ ပတ်မကြီးဝင်တီးခဲ့တာ ဒီကောင်ပေါ့ကွယ်။ ပြောပီးပီနော် မတီးတက်လည်း သံစဉ်မလိုပါဘူးဆို...။”
“ရဲရင့်လိုက်တာဆရာရယ် ဟုတ်ပါပီ၊အခုတော်တော်များများက ဆရာရေးတဲ့ ပတ်မကြီး အဲလေ....မော်ဒန်ကိုမစစ်ဘူးလို့ဝေဖန်တာကို ဆရာဘယ်လို ပြောချင်ပါလဲ။"
“ကိုယ်ကတော့ကိုယ့်ကဗျာကို စစ်မစစ် ဝေဖန်တာထက်၊စာမူခ ၅၀၀၀တန်စစ်ဖို့ရယ်..ကိုယ်မှီဝဲနေတဲ့ ပင်လယ်လေးစစ်ဖို့ရယ်ပဲ အာရုံထားပါတယ်၊ ဟင်း...ဟင်း...။”
“အနုပညာမာန်ရှိပါပေတယ်ဆရာရယ်၊ ပီးတော့အနုပညာသည်မည်သူ့အတွက်ဆိုတာကို တော်တော် များများက မေးကြဖြေကြပါတယ်၊အခုထိအငြင်းပွားနေကြဆဲပါ၊ဆရာကကော ဘယ်သူ့အတွက်ပါလဲ........။”
“ကျုပ်အနုပညာကတော့ ရှင်းတယ်၊ကျုပ်အတွက်ပါ.."
ဟိုတရုတ်သိုင်းဆရာကြီးတို့ ဂျပန်ဆာမူရိုင်းဆရာကြီးတို့ကဝိုင်းပြောဦးမယ်။ ကိုယ့်အတွက်ဆိုရင်ကိုယ့်ဘာသာဖတ်ဖို့ရေးစာမျက်နှာပေါ်မတင်နဲ့၊ဒီမယ်ချပြမှငွေလာမယ်လေ၊ ကိုယ့်အတွက်မဟုတ်ဘူးဆိုစာမူခမယူပဲရေးပါလားလို့...အဲလိုမျိုးပါ၊ .......... ကိုယ်ဒီမှနေတာ ပြောရဘူးနော်.... ဟီး..။”
“ရသစာပေကျရှုံးလာပီ ပျောက်ကွယ်တော့မယ်ဆိုပီး တပ်လှန့်နေချိန်မှာ ဆရာကကော ဘယ်လိုကယ်တင်ဖို့ ကြိုးစားနေပါသလဲပြောပြပေးပါဦး....”
“သိပ်ကောင်းတဲ့မေးခွန်းပါ...၊လာမယ် မကြာခင်မှာကိုယ့်ရဲ့အပုဒ်တစ်ရာပါတဲ့ ရသစာအုပ်ထွက်ပါမယ်...စောင့်မျှော်နေပါလို့....။”
“ဟာ...ဆရာရေ....တကယ်ကိုဝမ်းစာ ပြည့်ဝပြီးရေးအားက တစ်ကယ်ကိုကောင်းပါတယ်၊ စာအုပ်နာမည်လေးမိန့်ကြားပါဦး ဆရာ....။”
“ဟင်း...ဟင်း...မြန်မာ့ရိုးရာဟင်းချက်နည်းတစ်ရာပါ၊.....ဘောနပ်အနေနဲ့ ငါးပိရည်ကျိုနည်းနဲ့ ရခိုင်ငါးပိထောင်းထောင်းနည်းပါ ထည့်ပေးထားပါတယ်။ မြန်မာရသစာပေရဲ့ ဟာကွက်ကိုဝင် ဖြည့်ပေးတာပါ၊ရှလွတ်....ရှလွတ်......"
“ဂလု....ဟုတ်ကဲ့ပါ ၊ ဆရာလို အတွေးရဲ အရေးရဲတဲ့သူမျိုးနဲ့တွေ့ခိုက်မှာ တခြားစာပေ အကြောင်းလေး တွေမေးပါရစေ။ တက်ကျမ်းစာအုပ်တွေပေါသလောက် လူမွဲတွေပေါနေတာ ဘာကြောင့်ပါလဲဆရာ.....”
“ေဩာ် ရေးတဲ့လူကရေးရတာအကောင်းတွေချည်းပဲကိုး..သိပ်လွယ်တယ်ကွယ် အာရတာလေ။လုပ်ဖို့ဆိုတာ အင်မတန်ခက်တယ်။ ကျုပ်ရေးတဲ့ထမလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့စာအုပ် ဘယ်လောက်ပေါက် သလဲကွယ်။တချို့က ကိုယ့်စာအုပ်ဟာ အားတွေတစ်အား ကိုပါတယ်တဲ့။ အဲဒီအချိန်က ကိုယ်ဟာ ငတ်နေတော့စာတွေကပါ ဆာလောင်မွတ်သိပ်ခြင်းတွေ ရမ္မက်တွေအပြည့်ဖြစ်နေတာ။ ပေါက်လွန်းတော့ အဲဒီကထဲက ကိုယ့်အမည်နောက်မှာ ထမလုံဆိုပီးထည့်ခဲ့တာ။ တချို့စာအုပ်ဆိုရင် .ဘာတဲ့..ဝင်ငွေမှ ၁၀ရာခိုင်နှုန်းစုပါတဲ့... တစ်နှစ်ပြည့်ရင် တစ်နှစ်စာရဲ့ ဝင်ငွေ၁၀ရာခိုင်နှုန်းစုမိပီတဲ့။ မြန်မြန်သူဋ္ဌေးဖြစ်ချင်ရင် ၁၀၀ ရာခိုင်နှုန်းစုကွယ်။ ပြီးတော့ရှိသေးတယ် ကြွေးဆပ်နည်းတဲ့ တစ်လတစ်ခါ ဆပ်မဲ့အစား နှစ်ခါဆပ်တဲ့ကွယ်။ ေဩာ်ဖြစ်နိုင်ရင် နေ့တိုင်းကိုဆပ်ချင်နေတဲ့ ကောင်ပါကွယ်။ သူတို့ကို ဝေဖန်တာမပြောနဲ့ ကိုယ်ရဲ့ ထုကြဆစ်ကြ ဘဝဘဝ ဆိုတဲ့စာအုပ်ထဲက အရင်းအနှီးမလိုတဲ့ မန်ကျည်းရွက်ခူး ရောင်းပါဆိုတဲ့ သီအိုရီကို ကျင့်သုံးတဲ့ မန္တလေးသားဆိုတဲ့ကောင် တက်ခူးနေတုန်း ဖိနပ်ပျောက်လို့တဲ့ ကိုယ့်ကိုဝေဖန်တာ။ နောက်သူပဲ ကိုယ့်ရဲ့ ကုလားဒိန် ဗထွန်းလို မီးအိမ်ကြီးထွန်း ဝါးရင်းတုတ်ကြီး ကိုင်ပြီးမြို့ထဲ လျှောက်သွားတာ ဈေးကိုမီးတို့မယ့် ကောင်ဆိုပီး ပြည်ခိုင်ဖြိုးကဆွဲတော့ ပါသွားပါရောလား။ အဲလွတ်လာတော့ ကိုယ့်ဆီဓာတ်ဆီဖိုး လာတောင်း လို့လယ်ကွင်းထဲ ဆင်းပုန်းနေရသေးတယ်။ ဟီး.....။
“ကောင်းလိုက်တာ ဆရာရယ်။ ပီးတော့ လူငယ်တွေအတွက် ရည်ရွယ်ပါသည်ဆိုတဲ့ စာအုပ်ကို စီစစ်ရေးက ထုတ်ဝေခွင့် မပြုဘူးလို့သိရပါတယ်။ အဲဒီအကြောင်းလေး ရှင်းပါဦးဆရာ။”
“ကျုပ်လည်း အဲဒါကို စိတ်မကောင်း ဖြစ်နေတာ။ လူငယ်တွေ အဖိုးတန်စာအုပ် ဖတ်ခွင့်မရရှာဘူးဆိုပီးလေ။ အခုခေတ်က လူငယ်တွေက နောက်ကလိုက်လုပ် ကြတာများတယ်။ ဟို ကဗျာဆရာ ဖြိုးကြီးတို့က စလို့ပေါ့။ အဲဒါကြောင့် ကျုပ်လို အတွေးကြမ်း အရေးကြမ်း အပေးကြမ်း အဲလေ ..အဲဒါမပါဘူး လုပ်ကြပါလို့။ ဖြိုးကြီး... တို့ရေ ထသာလုပ်ပါ. ကျုပ်တို့က လပြည့်ည ခွေးတွေအူသလို တစ်ကောင်အူတာနဲ့ မနှေးပါဘူး။ အဲဒါတွေကို ရေးပြထောက်ပြ ထားတဲ့ စာအုပ် ဘာတဲ့... ကျွန် မခံချင်ပီ၊ အရင် တော်လှန်ပါ။ တပါးသူရဲ့ စာပေအရိပ်ကို မခိုချင်တော့ဘူး.. ကျွန်မခံချင်တော့ဘူး။ ဒါကြောင့် အရင်တော်လှန်ရမယ်။ အဟောင်းတွေကို ပေါ့နော်.... အဲဒါကို စာပေစိစစ်ရေးက ဘယ်လိုဖတ်သလဲ မသိပါဘူး။ မင့်ဟာက ဆရာဇော်ဂျီတို့ ဦးဖေမောင်တင်တို့ ဘိုင်အိုဂျပ်ဆစ် သောက်ရမယ့်အပေါက်ပဲ... ဆိုပြီး ထုတ်ဝေခွင့် မပြုဘူးလေ..။ေဩာ် လူငယ်တွေ ကိုယ့်ရဲ့ အတွေးကြမ်း အရေးကြမ်း အပေးကြမ်း.. အာပါလာပြန်ပီ... မြင်ခွင့် မရရှာဘူး ဆိုပီး စိတ်မကောင်း ဖြစ်မိတာ အဟင့်...... အဟင့်....။
“နှမြောမိပါတယ် ဆရာရယ်...။ ဆရာ လိုစာပေနယ်ထဲကို ဆူးလှည်းကြီးမောင်း ဝင်လာတာ ဖုန်တထောင်းထောင်း နဲ့ပါပဲ။အရင်က မြန်မာဆိုတာ အာရှတစ်ခွင် ဖိတ်ဖိတ်တောက်ပါပဲ။ အခုတော့ သိသူတောင် ရှားပါတယ် ဆရာ။ အဲတော့ မြန်မာဆိုတဲ့ ဝေါဟာရလေး ကိုအဓိပ္ပါယ်တစ်ခုလောက် ဖွင့်ပေး ပါလားဆရာ။”
“အင်း.. မြန်မာဆိုတာကတော့ နှစ်လုံးထဲပါ။ ဖြန့်ကြတ်ရမယ်ဆိုရင်တော့ မဆိုင်တာတွေ လုပ်ရင် မြန်မာ... ဒုက္ခသိပ်ရောက်နေရင် မြန်မာ။ မြန်မာဟေ့ ဆိုပီး လက်ခမောင်းခတ်လိုက်ပါ။ မဆိုင်တာတွေ သိပ်လုပ်တာ ဒါပဲပြန်ပြောရမှာ မဖောက်ထွက်နိုင်ဘူး။ ဘာဆိုင်လဲ ကော်ဖီမစ်နဲ့ရေခဲတောင်၊ ရွေးကောက်ပွဲနဲ့ လှိုဏ်ခေါင်း ဟိုဟာက နှစ် ၃၀၊ပီးနှစ် ၂၀၊အပိုက ၁၀နှစ်။ ထားပါလေ ကော်ဖီမစ်ပေါ့နော်။ ဒီမှာထုတ် ဒီမှာတောင်သိပ်မ သောက်တာကွယ်။အဲဒါကို လေယာဉ်ကြီး စီးပီး ရေခဲတောင်ပေါ် သွားရိုက်တာနော်။နောက် အသက်ကြီးမှ လည်ပင်းကို ကွင်းတွေစွပ်.. အဲဒါနော် လည်ထိပ်ခတ်တယ်ခေါ်တယ်။အတင်းသောက်ခိုင်း အော်ရသေးတယ်၊ ဘာတဲ့ .. ကန်းဒယ်။ ဒုက္ခရောက်တယ်ဟယ်..။ သမီးတို့က ကြိုးစားထားတယ်။ ရေခဲတောင်ကအေး ကားကပျက်နဲ့ ဒုက္ခရောက်ပေမယ့် အနုပညာမောင်နှမတွေ ပျော်ပျော်ပါပဲ။ တွေ့လား ဒုက္ခရောက်တာတောင် ပျော်တယ်တဲ့။ ဘယ်လောက်မြန်မာ ပီသလိုက်သလဲ...။ သမီး.. ဦးစီက ဒုက္ခနည်းနည်း ယူဟယ်...။ဒါတွေက စတားတွေပျော်တာပျော်ပါစေ။ ကျန်လူတွေ ညီညွတ်ဖို့ လိုတယ်နော်..။ အခုတော့ မီးပြန်လာရင် ဟေးဆိုပီး အော်တာပဲ ညီတယ်။တစ်ချို့ဆို လက်ခုပ်လက်ဝါး တောင်တီးသေး...။ တို့နိုင်ငံက တို့များအကြိုက်ကို သိပ်သိ သိပ်ချစ်လို့ ခဏခဏ ပျော်အောင်လုပ်ပေး ရှာတယ်။ ကျေးဇူးဆပ်တက်ဖို့ လိုတယ်နော်။ ဦး မော်ဒန်ပါတီ ထောင်ရင် တစ်မဲထည့်ဟယ်။ နော်လို့......ဟွင်း....ဟွင်း.....။
“ဆရာရှင်းပြတော့လည်း သဘောပေါက်သွားတယ် ။ သိပ်ကို ပြောင်မြောက်ပါတယ်။ဒီလို ရဲရင့်တဲ့အတွေးမျိုး ဘယ်လို ပေါက်ဖွားလာလဲ ဆိုတာရှင်းပါဦး။ အဖေအဆိုတော် သားသမီးအဆိုတော် ဖြစ်တဲ့ ခေတ်မှာအနုပညာ မျိုးရိုးမရှိပဲ ဆရာအောင်မြင်လာ ပုံလေးပေါ့နော်...။”
“ဘာကိုမှ ပုံသေမတွက်ကြပါနဲ့။ သေချာတာဆိုလို့ မီးလောင်ရင် ဈေး၊ ဘာကြောင့်လဲ ဝါယာရှော့ပ် ဆိုတာပဲ ရှိတယ်။ မျိုးနဲ့ရိုးနဲ့ မဒန်ခဲ့ပေမယ့် ဖောက်ထွက်တာကတော့ တို့အဖိုးက စခဲ့တာ။ အဖိုးဆိုတာ ဦးအောင်ဇေယျ ရဲ့သွေးသောက်ကြီး သုတ်သင်ရှင်းလင်းရေး တပ်မှူးကြီး ညီညီမင်းခေါင် ဆိုတာပေါ့ကွယ်။ ဘယ်လောက်လက် မြန်သလဲ ဆိုရင် မင်းတရားကြီး ဒဂုံကို မြို့သစ်တည်တော့ ချုံတွေကို ဦးဆောင်ရှင်းခဲ့တာ တို့အဖိုးပေါ့။ [ချုံရှင်းလည်း မော်ကွန်းဝင် ပဲကွယ်]။ ဒါနဲ့ ဘယ်လိုဖောက်ထွက်သလဲ ဆိုတော့ မင်းတရားကြီး အယုဒ္ဓယကို တက်သိမ်းတော့ တပ်သားတွေကို တုတ်ပီး ဓားပီး ဆေးတွေထိုးပေးတယ်ဆိုပဲ။ မဆိုင်ဘူး မပြောနဲ့နော် မြန်မာ မြန်မာ...။ သူများတွေ ဝင်တိုက်တဲ့အချိန် ရှုပ်နေတုန်း တို့အဖိုးတို့က သူတို့ယိုးဒယားတွေ တပ်ထဲ အလံဝင်ခိုး ရတဲ့ အလံခိုးတပ်သားတွေနော်။ ဘယ်လောက် အန္တာရယ် ကြီးသလဲ......။ တိုက်ပွဲပီးတော့ အဖိုးက စဉ်းစား တယ်။ တုတ်တွေ ဓားတွေ ပီးတာတော့ ဟုတ်ပါပီ။ သူရော ကိုယ်ရော လက်နက်မရှိချိန် ဟိုကရှိတာနဲ့ထိုးရင် ကိုယ်ကခံရမှာလေ။ သူကတော့ အကြောင်းသိကိုး.. ။ ဒါနဲ့မင်းတရားကို လျှောက်တယ်..။ ဖရာ့...ကျွန်တော်
မျိုးတို့ တုတ် ဓားပီး တာတော့ဟုတ်ပါပီ။ လက်ရုံးချင်းယှဉ်ရင် ခက်သား။ အဲဒါကြောင့် ကျွန်တော်မျိုးတို့ကို လူပီးဆေး ပေးပါဆိုပီး တောင်းသတဲ့။မင်းတရားက သယ်.. ညီမင်းခေါင် မင်းတယ်သွေးကြောင်သကိုး ဆိုပီး မိန့်တော့ အဖိုးက မဟုတ်ပါ ဖရာ့ မင်းတရားအမိန့် နဲ့တပ်ထဲဆွဲသွင်း ထားတဲ့ ဥမမယ် စာမမြောက်လေးတွေ အတွက်ပါ ဆိုပီးညာသတဲ့။ မင်းတရားလဲ သူ့ဟာနဲ့သူပိတ်မိပီး ပီးပီးရော အယုဒ္ဓယသိမ်းတုန်း ကရလာတဲ့ ဒဏ်ကြေဆေးတစ်ဘူး ပေးလိုက်တယ်။ ဆေးလဲရရော အကြံသမားပီပီ အိမ်အမြန်ပြန် ပီးချင်ဇောနဲ့ တစ်ဘူး လုံးအကုန် လိမ်းသတဲ့လေ။ အဲဒီနောက်တော့ အဲဒီအကြောင်းကို ဘာမှမဟတော့ဘူးတဲ့။ ကျုပ်မှတ်မိသလောက် အဖွားပြောတာက နင့်အဖိုး တစ်ကယ်လူပီးသွားတာ။ ဆေးလူးပီး လှိုင်မြစ်ထဲ ဆင်းသွားတာ တစ်နေကုန်ပဲတဲ့။ ကျုပ်အထင် ဆေးကျမ်းကို မြစ်ထဲဆင်းဖွက်ခဲ့ ပုံရတယ်။ အဲဒါကို ကျုပ်ရှာနေတာ..။ ဟိုမလေးရှားရောက်နေတဲ့ ဖြိုးကြီးတို့ ပြန်လာရင် ကော်မတီဖွဲ့ပီး ရှာမယ်စိတ်ကူးတာပဲ။ အဲသလို.. အဲသလို.. မျိုးနဲ့ရိုးနဲ့ ဖောက်ထွက်ခဲ့မှတော့ ကျုပ်အလှည့် ဖောက်ထွက်တာ မဆန်းပါဘူးလေ။ အဖိုးရေ မြေးတာဝန်ကြေ ပါတယ်နော်
“ကြေပါတယ် ဆရာရယ်။ ကော်မတီဖွဲ့ပီးမှ တစ်ခါလာဗျူး ရဦးမယ်။ အခုဆိုရင် ဆရာ့အကြောင်းကို လူပီးတာ ကစလို့...အဲလေ အဖိုးကစလို့ ဆရာအထိကို သိခွင့်ရပါပီ။နောက်ဆုံးစကားလေး တစ်ခွန်းလောက် မိန့်ပါဦး ဆရာ။”
“ပြောရရင်တော့ နောက်ဆို ဗျူးရင် စာမူခလေးပေးဖို့ စဉ်းစားဖောက်ထွက်ကြပါလို့။”
ဘိုင့်...ဘိုင့်....
ဘိုင့်...............။
ေဩာ်........ ဒီလို ငါ့ဟာငါ ဝပ်ကျင်းထဲဥနေတာတောင် ထင်ပေါ်တော့ စင်တော်ကကောက် ဆိုသလို လာဗျူး ရရှာတယ်။ငါ........တော်ပါလား။ ဟေး.....ငါကွ.....။
ဟာ ပုလင်းကွဲပီ...။ ကုန်ပီ ကုန်ပီ..........။
A KA
Comments
Post a Comment